စစ်အာဏာရှင်နှင့်ဆက်နွှယ်သော မြန်မာအဖွဲ့အစည်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း
သတင်းထုတ်ပြန်ချက်
အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး
မတ် ၂၅၊ ၂၀၂၁
မြန်မာစစ်တပ်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ ၎င်းတို့၏ပြည်သူလူထုအပေါ်ရည်ရွယ်ကာ စိုးရိမ်ထိတ်လန့်ဖွယ်လုပ်ရပ်များကို တိုးမြှင့်လုပ်ဆောင်လာနေခဲ့သည်။ စစ်တပ်ကအာဏာသိမ်းမှုကိုတင်းခံနေပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်ဆက်လက်နှိပ်ကွပ်နေသည်ကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် စစ်အာဏာရှင်များအပေါ်ယနေ့အထိ သိသာထင်ရှားသော ဒဏ်ခတ်ပိတ်ဆို့ အရေးယူများ ပြုလုပ်လာနေခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် စစ်အာဏာသိမ်းခေါင်းဆောင်များနှင့်ပတ်သက်ဆက်နွှယ်နေသော အဖွဲ့အစည်း နှစ်ခုဖြစ်သည့် မြန်မာစီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ဒဏ်ခတ်ပိတ်ဆို့သည့်စာရင်းအတွင်း ထည့်သွင်း၍ထပ်မံအရေးယူလိုက်သည်။ မြန်မာစီးပွားရေးဦးပိုင် လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် မြန်မာနိုင်ငံအတွင်း စစ်တပ်ပိုင်အကြီးဆုံးကုမ္ပဏီများဖြစ်ကြပြီး ၎င်းတို့၏အစုရှယ်ယာအားလုံးသည် လက်ရှိတပ်မတော်အရာရှိများနှင့် ယခင်တပ်မတော် အရာရှိဟောင်းများ၊ တပ်မတော်တပ်ရင်းကြီးများနှင့် ဌာနစိတ်များ၊ ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူများက ဦးဆောင်သည့် အဖွဲ့အစည်းများက ပိုင်ဆိုင်၍စီမံခန့်ခွဲနေကြခြင်းဖြစ်သည်။ ဤဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများသည် အဓိကအားဖြင့် အာဏာသိမ်းရာတွင်ဦးဆောင်သူများ၊ စစ်တပ်၏စီးပွားရေး အကျိုးအမြတ်များ၊ မြန်မာစစ်တပ်၏ ရက်စက်သောနှိပ်ကွပ်မှုအတွက် ပံ့ပိုးပေးနေသောရန်ပုံငွေစီးဆင်းမှုများကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ မြန်မာပြည်သူလူထုကို ရည်ရွယ်ခြင်းမဟုတ်ပါ။
မိမိတို့ဟည် ဤအရေးယူမှုအဆင့်ကို ယူနိုက်တက်ကင်းဒမ်းနှင့်အတူ ဆောင်ရွက်ခြင်းဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်းကလည်း မြန်မာစီးပွားရေးဦးပိုင်လီမိတက်ကို အလားတူဒဏ်ခတ်ပိတ်ဆို့မှုမျိုးဖြင့် အရေးယူကြောင်း ယနေ့ပင်ကြေညာမည်ဖြစ်သည်။ အာဏာသိမ်းမှုကိုတုံ့ပြန်ရာတွင် ယူကေသည် မိမိတို့၏ အနီးကပ်မိတ်ဘက်နိုင်ငံ တစ်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိနေပါသည်။ ဤအဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းဖြင့် အမေရိကန်နှင့်ယူကေတို့သည် အာဏာသိမ်းမှုနှင့် မကြာသေးမီသီတင်းပတ်များက မိမိတို့မြင်တွေ့ခဲ့ကြရသော စက်ဆုပ်ဖွယ်ရာအကြမ်းဖက်မှုနှင့်အခြားသော အနိုင်ကျင့်ချိုးဖောက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်လုပ်ဆောင်ရန် ချမှတ်ထားသည့် မိမိတို့၏ ကတိကဝတ်အတိုင်း လိုက်နာဆောင်ရွက်နေကြောင်း ပြသနေခဲ့ပါသည်။ စစ်တပ်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်နေမှုအားလုံးရပ်တန့်ရန်၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးပြီး ဆက်လက်ဖမ်းဆီးများ ရပ်တန့်ရန်၊ စစ်အုပ်ချုပ်ရေးအမိန့်နှင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားသည်တို့ကို ပယ်ဖျက်ရန်၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသောအစိုးရကို အာဏာပြန်ပေးရန်တို့ကို ယူကေ၊ ကနေဒါ၊ အခြားသောမဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ ဆက်လက် တောင်းဆိုလိုက်သည်။
အမေရိကန် ပြည်ထောင်စုသည် ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်အတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကို ဖိအားပေးတောင်းဆိုရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေး ပြန်လည်အသက်ဝင်စေရေးကို ပံ့ပိုးရန်၊ နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရေး တောင်းဆို တိုက်တွန်းရန်အတွက် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားမှ မိတ်ဖက်များနှင့်အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့အရေးယူ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပိုမိုသိရှိရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ကိုကြည့်နိုင်ပါသည်။
###