ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးစီးကျင်းပသည့် ဥပဒေရုံး တိုးချဲ့မှုဆိုင်ရာ ကနဦးအစီအစဉ်ထုတ်ပြန်ပွဲတွင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မစ္စအလဲရ်ဂရပ်ဘ်စ်အတွက် ပြင်ဆင်ပေးထားသော မှတ်ချက်အမှာစကား
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီ
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့်အတူ လက်တွဲပူးပေါင်း၍ မြန်မာပြည်သူများအတွက် တရားဥပေဒ စိုးမိုးရေး ခိုင်မာအားကောင်းလာအောင် အဓိက ရည်သန်ကြိုးပမ်းသွားမည်ဟု ယနေ့ ထုတ်ပြန်ကြေညာ လိုက်သည်။ နောက်ထပ် ဉပဒေရုံး ၁၀ ရုံးကို တိုးချဲ့ပြီး ကနဦးဥပဒေရုံးအစီအစဉ်ကို ချဲ့ထွင်မည်ဟူသော ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၏ ကြေညာချက်သည် ခေတ်မီပြီး နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသော ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လက်ခံကျင့်သုံးသော ဥပဒေရုံး အရေအတွက်ကို နှစ်ဆကျော် တိုးလာစေမည်ဖြစ်သည်။ ဤသို့ ဆောင်ရွက်ရာ၌ ၂၀၁၆ ခုနှစ်က စတင်ခဲ့သော မူရင်း ကနဦး ဥပဒေရုံးရှစ်ရုံး၏ အောင်မြင်သော အတွေ့အကြုံအပေါ် အခြေခံထားပါသည်။
အဆိုပါ ထပ်တိုး ဥပဒေရုံး ၁၀ ရုံးသည် အမှုစီမံခန့်ခွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံတင်ပြခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို တိုးတက်ကောင်းမွန်အောင် နည်းပညာ အသုံးပြုပြီး ဆောင်ရွက်ကြမည် ဖြစ်သည်။ ထိုဥပဒေရုံးများက စံသတ်မှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာပြီး ပိုမို ထိရောက်သော ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုများကို အထောက်အကူ ဖြစ်စေရန်လည်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ဤသို့ ဆောင်ရွက်ခြင်းသည် လူကုန်ကူးမှုများတွင် အသက်ရှင်ကျန်ရစ်သူများကို စိတ်ဒဏ်ရာများ တစ်ခါပြန်ရသွားစေခြင်းမှ ကာကွယ်နိုင်ရန် အလွန် အရေးကြီးသည်။ အဆိုပါလမ်းညွှန်ချက်များတွင် ဥပမာအားဖြင့် လူကုန်ကူးမှုခံရသော လူပုဂ္ဂိုလ်များ၊ မျက်မြင်သက်သေများကို တရားခွင်တွင် စစ်ဆေးမှုမပြုမီ တွေ့ဆုံမေးမြန်းရာ၌ သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် ပြုမူဆောင်ရွက်ခြင်း၊ အဆိုပါ လူကုန်ကူးမှုခံရသော ပုဂ္ဂိုလ်များနှင့် မျက်မြင်သက်သေများအပေါ် ပြုမူဆက်ဆံရာ၌ လူထုယုံကြည်ထောက်ခံမှုတည်ဆောက်ရေးအတွက် အရေးပါသော လေးစားမှုနှင့် ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံခြင်းတို့ ပါဝင်သည်။ ဤအစီအစဉ်၏ တစ်စိတ်တစ်ဒေသအနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး က လူထုထံ ရောက်ရှိနိုင်ရေးကို အထောက်အကူဖြစ်စေရန် ဥပဒေရုံး (၁၀) ရုံးအနက် တစ်ရုံးစီတွင် လူကုန်ကူးမှုခံရသော လူပုဂ္ဂိုလ်များနှင့် မျက်မြင်သက်သေများအတွက် ညှိနှိုင်းရေးမှူး၏ လုပ်ငန်းဆောင်တာကို သတ်မှတ်ပေးထားသည်။ ရဲများနှင့် အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းဖြင့် တရားရုံးတွင် အမှုများအတွက် တရားစွဲဆိုရန် ခန့်အပ်တာဝန်ပေးထားသော ဥပဒေအရာရှိများက အမှုအတွက် ပို၍ အဆင်သင့် ပြင်ဆင်ထားနိုင်စေသကဲ့သို့ အမှုစစ်ဆေးရာတွင်လည်း ပို၍ ရှင်းလင်းတင်ပြနိုင်မည် ဖြစ်သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးသည် ကမ္ဘာတဝှမ်း ကြိုးပမ်းမှုတစ်ခု ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံစီကလည်း လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်ခြင်း၊ ပြစ်မှုပြုကျင့်သူများကို တရားစွဲဆိုခြင်း၊ လူကုန်ကူးမှုတွင် အသက်ရှင်ကျန်ရစ်သူများကို ကူညီထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းရပါမည်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၎င်း၏ မဟာဗျူဟာစီမံကိန်း တစ်စိတ်တစ်ဒေသအနေဖြင့် ပြည်ထောင်စုအနှံ့ရှိ ဥပဒေရုံးအားလုံးတွင် အဆိုပါလုပ်ထုံးလုပ်နည်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင့်သုံးသွားရန် လမ်းကြောင်းဖောက်ထားလိုက်ပြီ ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ထားခြင်းဖြင့် လွန်ခဲ့သော ဖေဖော်ဝါရီလက ဥပဒေရုံးတစ်ရုံးစီတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် လူကုန်ကူးမှု (TIP) ဆိုင်ရာ ညှိနှိုင်းရေးမှူး၏ လုပ်ငန်းဆောင်တာကို ပြည့်စုံသွားစေပါမည်။ မျှတသော တရားစီရင်ကြားနာမှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် နိုင်ငံအဝှမ်းရှိ ဥပဒေအရာရှိများ၏ ကျင့်ဝတ်သိက္ခာများကို လက်ခံကျင့်သုံးခြင်းသည် ဉပဒေအရာရှိများအား ပညာရှင်ပီသမှု၏ အမြင့်ဆုံး စံသတ်မှတ်ချက်များဖြင့် ထိန်းထားရန် သန္နိဋ္ဌာန်ချ ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများတွင် USAID ၊ အမေရိကန်သံရုံးနှင့် အမေရိကန်ပြည်သူတို့က မိတ်ဖက်အဖွဲ့အဖြစ် ပါဝင်ရသည့်အတွက် ဂုဏ်ယူမိပါသည်။
ယနေ့သည် မြန်မာနိုင်ငံရှိ တရားဥပဒေကဏ္ဍ ခိုင်မာအားကောင်းစေရေးတွင် အရေးပါသော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်သော နေ့တစ်နေ့ ဖြစ်သည်။ ခေတ်မီပြီး နိုင်ငံတကာအလေ့အကျင့်များကို လက်ခံကျင့်သုံးမှုက မြန်မာနိုင်ငံရှိ ပြည်သူအားလုံး တရားမျှတရေးကို အထောက်အကူဖြစ်စေသည်။ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်နိုင်ရေးကို စဥ်ဆက်မပြတ် သန္နိဋ္ဌာန်ချ လုပ်ဆောင်မှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ဥပဒေရုံးများ၏ စွမ်းဆောင်ရည်ကို ခိုင်မာအားကောင်းလာစေရေးအတွက် ဤသို့ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ရန် မိမိတို့ USAID က မျှော်လင့်ပါသည်။