ရိုဟင်ဂျာဒုက္ခသည်များအတွက် နောက်ထပ် ဒေါ်လာ သန်း ၁၈၀ နီးပါး အကူအညီပေးမည့်အကြောင်း သံအမတ်ကြီး လင်ဒါ သောမတ်စ်-“ရင်းဖီးလ်ဒ၏ ကြေညာချက်

သံအမတ်ကြီး လင်ဒါ သောမတ်စ်ဂရင်းဖီးလ်ဒ
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး
နယူးယောက်၊ နယူးယောက်
စက်တင်ဘာ ၂၂၊ ၂၀၂၁

(သံအမတ်ကြီးပြောကြားခဲ့သည့်အတိုင်း)

အခုလိုအရေးကြီးတဲ့အခမ်းအနားကို ကျင်းပပေးတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပူးတွဲကျင်းပပေးတဲ့အခြားသောနိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်များကြာအောင် ရက်စက်မှုတွေနဲ့ကြုံတွေ့နေခဲ့ရပါတယ်။ နှိပ်စက်ညှဉ်းပမ်းမှု၊ အဓ္ဓမပြုကျင့်မှု၊ မီးရှို့ခံရမှုနဲ့သတ်ဖြတ်မှုတွေနဲ့ကြုံတွေ့နေခဲ့ကြရတာပါ။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေလည်းကြုံခဲ့ရပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ စိတ်နှလုံးကြေကွဲဖွယ်ရာ လူသားချင်းစာနာမှုအခြေအနေတွေဟာ တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေခဲ့တာပါ။ ရိုဟင်ဂျာ ကိုးသိန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ခိုလှုံနေခဲ့ကြရပါတယ်။ သူတို့တွေရဲ့ဘဝတွေကို လျစ်လျူရှုထားလို့မရပါဘူး။

ဒါကြောင့် လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ကြုံတွေနေကြရတဲ့ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာတွေ၊ နိုင်ငံပြင်ပက ရိုဟင်ဂျာတွေ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒုက္ခခံစားနေကြရတဲ့ အိမ်ရှင်အသိုက်အဝန်းတွေအတွက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် ဒေါ်လာ သန်း ၁၈၀ နီးပါး အကူအညီပေးမယ့်အကြောင်း ဒီနေ့ ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။ ဒီရန်ပုံငွေအနက် ဒေါ်လာ ၁၅၈ သန်းနီးပါး ကတော့ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ဖွံဖြိုးတိုးတက်ရေးအတွက်ဖြစ်ပါတယ်။

ဒီအကူအညီတွေကနေပြီး အသက်တွေကယ်တင်နိုင်မှာဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်မှု၊ နေစရာ၊ စားနပ်ရိက္ခာ၊ သောက်ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာအကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအတွက် ရောဂါဖြစ်ပွားမှု ကြိုတင်ပြင်ဆင်ရေးနဲ့ကိုဗစ်-၁၉ ဒဏ်ပြန်လည်ကုစားမှုတွေလည်း ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာတွေအတွက် ပညာရေးလက်လှမ်းမိရရှိရေးနဲ့ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်းတွေကိုလည်း အရှိန်မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ အခြေအနေတွေကောင်းမွန်သွားတာနဲ့ နေရပ်ပြန်ချင်တဲ့သူတွေအတွက် အဓိကဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သူရဲ့ပြည်သူတွေဟာ ဒုက္ခသည်တွေအတွက် ကြီးမားတဲ့တာဝန်ကိုယူပြီး လက်ခံပေးထားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပြည်တွင်း နေရပ်စွန့်ခွာထွက်ပေးနေရသူတွေရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ လုံခြုံဘေးကင်းစွာနဲ့ မိမိသဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်ပြီး အတူတကွပူးပေါင်းနေထိုင်ရေးအတွက်ဆောင်ရွက်ရာမှာ ကျွန်မတို့ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ရိုဟင်ဂျာတွေနဲ့အတူရပ်တည်နေပါတယ်။

ကျွန်မတို့အနေနဲ့ မြန်မာစစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် စစ်အာဏာရှင်ကို မဆုတ်မနစ်ဖိအားတွေပေးနေတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့မယ့်ဖြေရှင်းရေးနည်းလမ်းတွေကို ရှာဖွေရနေရမှာ ဖြစ်ပါတယ်။ အခုလောလောဆည်မှာတော့ ကျွန်မတို့အားလုံး ပိုပြီး ပေးကို ပေးအပ်နေရမှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ လှူထားခဲ့ပြီးသားဆိုရင်လည်း ဒီထက်ပိုပြီး တိုးပေးကြဖို့တိုက်တွန်းပါတယ်။ အကယ်၍ မလှူရသေးဘူးဆိုရင်လည်း ဒီအချိန်ဟာ ကျွန်မတို့နဲ့အတူပါဝင်လက်တွဲကြရမယ့်အချိန်ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

###