တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းကို အွန်လိုင်းမှတဆင့် စတင်မိတ်ဆက်ခြင်းအစီအစဉ်အတွက်
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး အလဲရ်ဂရပ်ဘ်စ်ပြောကြားရန်ပြင်ဆင်ထားသော မှတ်ချက်စကား
USAID လို့ သိကြတဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်း အမည်ရ သုံးနှစ်တာစီမံကိန်းသစ်တစ်ခုကို ၂၀၂၀ ခုနှစ်အတွင်းမှာ စတင် ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် မိမိတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းကတော့ မြန်မာနိုင်ငံက အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပြည်ကြီးခင်အဖွဲ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တီဘီရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် ကူညီထောက်ပံ့ပေးနေတဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဲ့တကွ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့တွေအတွက် ဤစီမံကိန်းကို မိတ်ဆက်ပေးဖို့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဒေါက်တာသန္တာလွင်နှင့်အတူ ကျွန်မလည်း အောက်တိုဘာလအတွင်းက ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဒေါက်တာဝင်းနိုင် ပြောခဲ့သလို ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက်ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်စေဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့နဲ့အတူ ယခင်ကတည်းက လက်တွဲပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အခြေခံထားပါတယ်။ USAID ဟာ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့အတူ လက်တွဲပြီး “ချောင်းဆိုးတဲ့ခါ အုပ်ထားပါ” (Cover Your Cough) လို့ခေါ်တဲ့ လူထုအသိပညာပေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ရောက်ရှိစေဖို့ ယခင်က ဆောင်ရွက်ခဲ့တာကို ဒီကလူတော်တော်များများ သိကြပါလိမ့်မယ်။ ရန်ကုန်တိုင်းဒေသကြီး ဘတ်စ်ကား စနစ်နှင့် ထိထိရောက်ရောက် လက်တွဲပူးပေါင်းပြီး ကားမောင်းသူတွေနဲ့ ခရီးသည်တွေကို တီဘီရောဂါ ပျံ့နှံ့မှုကနေ အကောင်းဆုံး ကာကွယ်နိုင်မယ့်နည်းလမ်းတွေနဲ့ပတ်သက်လို့ အသိပညာပေးခဲ့ကြတဲ့ ဒေါက်တာဝင်းနိုင်နဲ့ အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
USAID ရဲ့ ရည်မှန်းချက်တစ်ခုကတော့ ကိုယ့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ ဒေသတွင်းဖြေရှင်းနည်းတွေကို ဖော်ထုတ်နိုင်အောင် လူမှုအသိုင်းအဝိုင်းတွေကို အားကောင်းစေရေးအတွက် မြန်မာနိုင်ငံက အဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ပြည်ကြီးခင်အဖွဲ့နဲ့တကွ သူ့ရဲ့မိတ်ဖက်အဖွဲ့တွေဟာ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး အစီအစဥ်၊ USAID တို့နဲ့အတူ လက်တွဲပူးပေါင်းပြီး အလိုအပ်ဆုံးနဲ့ ဝန်ဆောင်မှုတွေ လုံလုံလောက်လောက် မရရှိကြတဲ့လူတွေကို ရောက်ရှိနိုင်မယ့်စီမံကိန်းတစ်ခုကို ဒီဇိုင်းဆွဲထားပါတယ်။
အဆိုပါ စီမံကိန်းဟာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ ရောဂါဖြစ်ပွားနေတဲ့ လူမှုအသိုင်းအဝိုင်းတွေအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်နယ်မြေက လူမှုအသိုင်းအဝိုင်းတွေမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူဦးရေအများဆုံးနဲ့ ကြီးထွားလာနေတဲ့မြို့ပြလူမှုအသိုင်းအဝိုင်းတွေမှာ တီဘီရောဂါကို စစ်ဆေးရှာဖွေတာ၊ ကြိုတင်ကာကွယ်တာနဲ့ ကုသပေးတာတို့ကို အရှိန်အဟုန်မြှင့်နိုင်အောင် ကိုယ်တိုင်စီစဥ်ဆောင်ရွက်နိုင်ဖို့ ဦးတည်ထားပါတယ်။
ပြည်ကြီးခင်အဖွဲ့ဟာ တီဘီရောဂါ တိုက်ဖျက်နိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းတွေနဲ့ အခြားမိတ်ဖက်အဖွဲ့တွေ အပါအဝင် မတူကွဲပြားတဲ့အုပ်စုတွေနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ တီဘီရောဂါ ခံစားနေရသူတွေကို မိမိတို့ ကောင်းကျိုးအတွက် တိုက်တွန်းအရေးဆိုမှုတွေလုပ်တဲ့အခါ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်လာနိုင်အောင် လုပ်ပေးပါလိမ့်မယ်။ ဒီစီမံကိန်းဟာ မိမိတို့ လူမှုအသိုင်းအဝိုင်းမှာရှိသူတွေအတွက် တီဘီရောဂါဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ထောက်ပံ့မှုတွေရဲ့ ဒီဇိုင်းနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို အကျိုးပြုနိုင်အောင် လူတွေကို ကူညီပေးပါလိမ့်မယ်။ ပြည်ကြီးခင်အဖွဲ့နဲ့ သူရဲ့မိတ်ဖက်အဖွဲ့တွေဟာ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအစီအစဉ်အတွက် ပိုထိရောက်တဲ့၊ ဦးတည်ဖြေရှင်းနည်းတွေကို မြှင့်တင်နိုင်ပေးဖို့အတွက် ရပ်ရွာလူမှုအသိုင်းအဝိုင်းတွေက ကျင့်သုံးတဲ့ ထိရောက်မှုဆိုင်ရာ ဆန်းသစ်တီထွင်တွေကို မှတ်တမ်းပြုထားမှာ ဖြစ်ပါတယ်။
တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့အကြား ကျန်းမာရေးဆိုင်ရာ ရေရှည် ပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ USAID ရုံး မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ချိန်က ကျန်းမာရေး အရာရှိတွေဟာ မိမိတို့အဖွဲ့ရဲ့ ပထမဦးဆုံးသော ဝန်ထမ်းတွေအဖြစ် ပါဝင်ခဲ့ပါတယ်။ အသေးစိပ်ပြောရမယ်ဆိုရင် တီဘီကင်းစင်မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံကိန်းဟာ တီဘီရောဂါ ဖြစ်ပွားနှုန်းမြင့်မားတဲ့ နိုင်ငံ ၂၃ ခုမှာ တီဘီရောဂါ ကာကွယ်ကုသနိုင်အောင် ရည်ရည်ရွယ်ပြီး USAID က တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ဆောင်ရွက်နေတဲ့ “တီဘီရောဂါတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်တင်ပေး (TB Accelerator)” အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ဟာ ၂၀၃၅ ခုနှစ်မတိုင်မီ နိုင်ငံအသီးသီးမှာ တီဘီရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို ကူညီထောက်ပံ့ပေးနေပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တီဘီရောဂါဖြစ်ပွားမှု လျှော့ချရေးမှာ သိသိသာသာ တိုးတက်မှု ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသက အိမ်နီးချင်းနိုင်ငံတွေအတွက် ခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုးပမ်းအားထုတ်မှုတို့နဲ့အတူ လုပ်ရင် ဘယ်လိုအောင်မြင်မှုတွေ ရရှိနိုင်တယ်ဆိုတာကို ပြနိုင်တဲ့ နမူနာတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့တကွ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့က ပြည်သူတွေအနေနဲ့ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ပြင်းပြသော သန္နိဋ္ဌာန်နဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။
မိမိတို့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်မှု နောက်တဆင့်ကို စတင်ဖွင့်လှစ်သွားပါမယ်။ ဘာကြောင့်လည်းဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆေးတိုးတဲ့တီဘီရောဂါ/ ရိုးရိုးတီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ နှစ်မျိုးစလုံး အဖြစ်များဆုံးနေရာ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ယခုလို ကြီးမားတဲ့ပန်းတိုင်ကို ၂၀၃၅ ခုနှစ်မှာ လက်တွေ့ အကောင်အထည်ပေါ်လာဖို့ မိတ်ဆွေတို့နဲ့အတူ ဆက်ပြီးလက်တွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
###