စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet 2.0 ဝက်ဘ်ဆိုဒ်သစ်ဖွင့်လှစ်ခြင်းအခမ်းအနားတွင် USAID ၏ ဌာနေညွှန်ကြားရေးမှူး အလဲရ်ဂရပ်ဘ်စ်…

USAID

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet 2.0 ဝက်ဘ်ဆိုဒ်စာမျက်နှာကို အွန်လိုင်းမှတဆင့် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် USAID ဌာနေညွှန်ကြားရေးမှူး အလဲရ်ဂရပ်ဘ်စ်အတွက် ပြင်ဆင်ထားသော မှတ်ချက်အမှာစကား
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့

မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအတွက်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ဒီရွေးကောက်ပွဲဟာမြန်မာပြည်သူတွေကရေးဆွဲကြမယ့်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းမှာအရေးပါတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့ပိုပြီးဒီမိုကရေစီဆန်၊ငြိမ်းချမ်းပြီးသာယာဝပြောတဲ့အနာဂတ်တစ်ခုဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ဖို့ကြိုးစားလာတဲ့ကာလတစ်လျောက်အမေရိကန်အစိုးရဟာမြန်မာပြည်သူတွေအတွက်ဆယ်စုနှစ်များစွာကြာမိတ်ဆွေအနေနဲ့ရောမိတ်ဖက်အနေနဲ့ပါရပ်တည်နေဆဲဖြစ်ပါတယ်။

ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အရင်က မကြုံစဖူးတဲ့ အခြေအနေတွေကို ဖြစ်စေပြီး အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီက အလျှင်အမြန် အခြေအနေနဲ့ အသားကျအောင် လုပ်ဆောင်တတ်ဖို့ လိုအပ်လာခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေထဲမှာ ပထမဆုံး လုပ်ဆောင်ရတဲ့ ကိစ္စတစ်ရပ်က လူတစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုကို လျှော့ချဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်တာနက်ပေါ်က ဝန်ဆောင်မှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် ဒီနေ့ ကျမတို့တွေ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

စီးပွားရေးလည်ပတ်မှုကို ထိန်းထားနိုင်ဖို့၊ ကုန်စည်နဲ့ဝန်ဆောင်မှု ပြတ်လပ်မှုတွေကနေ ကာကွယ်ဖို့နဲ့ စားသုံးသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ အင်တာနက်အခြေပြု စာရွက်စာတမ်း လျှောက်လွှာတင်ခြင်း၊ စိစစ်ခြင်းတွေကို  တက်လှမ်း လုပ်ဆောင်တာဟာ ကုန်ပစ္စည်းတွေ တင်ပို့မှု၊ တင်သွင်းမှုလုပ်ငန်းတွေအတွက် အရေးကြီးပါတယ်။ လက်ရှိအချိန်မှာ ကုန်သည်လုပ်ငန်းရှင် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုက အစိုးရဝန်ကြီးဌာနတွေဆီ စာရွက်စာတမ်းတွေကို လူကိုယ်တိုင် ပေးပို့ပြီး မိမိတို့လုပ်ငန်းကို မှတ်ပုံတင်ဖို့ပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးလိုင်စင်အတွက်ပဲဖြစ်ဖြစ် လျှောက်လွှာတင်ပြီး ခွင့်ပြုချက် ရယူကြရပါတယ်။ အစိုးရကလည်း ကုန်သည်လုပ်ငန်းရှင် သို့မဟုတ် စီးပွားရေးလုပ်ငန်းထံ လိုင်စင်ကို စာရွက်စာတမ်းနဲ့ ပို့ပေးကြရပါတယ်။

ပုံမှန်အခြေအနေတွေမှာတောင် ဒီလုပ်ငန်းစဥ်တစ်ရပ်လုံးက အချိန်ကုန်ပြီး အင်အားစိုက်ထုတ်မှုတွေ များပြားလှပါတယ်။ ကပ်ရောဂါကြောင့် အခုချိန်မှာ ဒီလိုလုပ်ငန်းစဉ် လုပ်ဆောင်နိုင်ရေးဟာ အများကြီး ပိုပြီး ခက်ခဲသွားပါပြီ။ ကုန်သွယ်မှုမှတ်ပုံတင်ရေးနဲ့ လိုင်စင်လျှောက်ထားရေး လုပ်ငန်းစဉ်တွေမှာ လူအစား စက်ကို အသုံးပြုလုပ်ဆောင်တာတွေ၊ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်တာတွေကြောင့် မြန်မာနိုင်ငံက ကုန်သွယ်ရေး ကုန်ကျစရိတ်တွေကို ကူညီလျှော့ချပေးပါလိမ့်မယ်။ ဒီလိုလုပ်ဆောင်တာဟာ ထုတ်လုပ်သူတွေနဲ့ တောင်သူတွေကို သူတို့ရဲ့ ကုန်ပစ္စည်းတွေ ပိုကောင်းတဲ့ဈေးနဲ့ တင်ပို့နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် သွင်းကုန်တွေကိုလည်း စျေးသက်သက်သာသာနဲ့ စားသုံးသူတွေ လက်ထဲရောက်အောင် ကူညီပေးပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုကို ပံ့ပိုးကူညီပေးပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကုန်သွယ်မှုမှတ်ပုံတင်ရေးနဲ့ လိုင်စင်တွေ လျှောက်ထားနိုင်ရေးတို့အတွက် ဒီဂျစ်တယ်စနစ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဟာ ဒီလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) တို့ဟာ ကုန်သည်လုပ်ငန်းရှင်တွေက ကုန်သွယ်မှုမှတ်ပုံတင်ရေးနဲ့ လိုင်စင်တွေ လျှောက်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အီလက်ထရွန်းနစ်စနစ်နဲ့ တင်သွင်းပြီး အင်တာနက်ပေါ်ကနေ ငွေပေးချေနိုင်မယ့် အားလုံးပေါင်းစည်းချိတ်ဆက်ထားတဲ့ ဒီဂျစ်တယ်စနစ်သစ် ဖွံ့ဖြိုးရေးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါတယ်။ ဒီဂျစ်တယ်စနစ်သစ်ဟာ ကုန်သွယ်မှုမှတ်ပုံတင်ရေးနဲ့ လိုင်စင်လျှောက်ထားရေးကိစ္စတို့ကို အစိုးရဌာနအတွင်း အမြန်ဆုံး ပြန်လည်စီစစ်သုံးသပ်ပြီး အီလက်ထရွန်းနစ်စနစ်နဲ့ သဘောတူအတည်ပြုပေးနိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဝန်ကြီးဌာနဟာ အီလက်ထရွန်းနစ်ပုံစံ လိုင်စင်တွေကို ကုန်သည်လုပ်ငန်းရှင်တွေဆီ အီလက်ထရွန်းနစ်စနစ်နဲ့ပဲ ခွင့်ပြုချက်ကိုပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ USAID ဟာ ဝန်ကြီးဌာနနဲ့ အနီးကပ် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး ဒီစနစ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရေးကိစ္စတွေကို ထောက်ပံ့ပေးထားပါတယ်။

ဒီကနေ့မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်မှုမှတ်ပုံတင်ရေး ကိစ္စကို အီလက်ထရွန်းနစ်စနစ်နဲ့ တင်သွင်းလုပ်ဆောင်ရေးဆိုတဲ့ ဒီလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်ကို ကြေညာသွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင် (၃၅၀၀) နီးပါးအတွက် ပထမဆုံး အဓိကခြေလှမ်း ဖြစ်ပါတယ်။ အောက်တိုဘာ (၂၈) ရက်နေ့မှာ ကုန်သည်လုပ်ငန်းရှင် (၂၅၀) လောက်ဟာ ဒီစနစ်သစ်နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက အင်တာနက်ပေါ်ကတစ်ဆင့် စီစဉ်ပို့ချတဲ့ အသိပညာပေး ရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာကြောင့် ပိုမို များပြားတဲ့ ပရိသတ်တွေကတောင် လေ့လာသင်ယူခွင့် ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့မှာလည်း ရှင်းလင်းပွဲတစ်ခု ထပ်မံပြုလုပ်ဦးမယ်လို့ သိရှိရပါတယ်။

ဝန်ကြီးဌာနရဲ့ ကနဦးဆောင်ရွက်မှုခြေလှမ်းအကြောင်းနဲ့ ဒီချဉ်းကပ်နည်းကနေ လူကိုယ်တိုင်အစား အင်တာနက်ကို အပြည့်အဝ အသုံးပြုလုပ်ဆောင်ပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ထားတဲ့ ကုန်သွယ်မှုလိုင်စင်လျှောက်တဲ့ စနစ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပုံအကြောင်းတို့ကို ကျွန်မတို့ ဒီနေ့ ကြားသိရလို့ စိတ်လှုပ်ရှားရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခုလို ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျွန်မတို့ တန်ဖိုးထားချီးကျူးမိပါတယ်။ လူကြီးမင်းတို့ စီစဉ်ပို့ချပေးတဲ့ သင်တန်းတွေဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူတွေက တိုးတက်မှုအခြေအနေကို ကောင်းကောင်း သိရှိပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတို့ တိုးတက်အောင် ကူညီပေးပါတယ်။ ကျွန်မတို့ကလည်း ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ စနစ်သစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်အောင် သင်တန်း‌တွေ ဆက်တိုက် ပေးသွားဖို့ လုပ်ငန်းကိုလည်း ဒီလုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သွင်းကုန်လိုင်စင်လိုအပ်နေတဲ့ ကုန်ပစ္စည်းအရေအတွက်ကို လျှော့ချပေးမယ်လို့ သိပ်မကြာသေးခင်က ကြေညာလိုက်တဲ့အတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဂုဏ်ပြုပါတယ်။ အမေရိကန်အစိုးရဟာ ပို့ကုန်သွင်းကုန်တွေအတွက် ကုန်သွယ်မှုလိုင်စင်အသုံးပြုမှုကို နောက်ထပ်လျှော့ချမှုတွေကို အင်တိုက်အားတိုက် ထောက်ခံအားပေးပါတယ်။

အမေရိကန်ပြည်ထောင်စုအစိုးရဟာ ပို့ကုန်သွင်းကုန်ကိစ္စ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရေးနဲ့ လူကိုယ်တိုင်အစား အင်တာနက်ကို အသုံးပြုလုပ်ဆောင်ရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုကို အင်တိုက်အားတိုက် ထောက်ခံကြောင်း ထပ်လောင်းပြောကြားရင်း ကျမရဲ့ စကားကို နိဂုံးချုပ်ပါမယ်။ ဒီလုပ်ငန်းစဉ်ဟာ ကိုဗစ်၁၉ အကြပ်အတည်းကာလရဲ့ လိုအပ်လာမှုတွေအပေါ် အရေးပါတဲ့ တုန့်ပြန်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဆက်လက် တိုးတက်လာနေပြီး အမေရိကန်ပြည်ထောင်စု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ စီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့ ဆက်လက် ပေါင်းစည်းလာတာကြောင့် အင်တာနက်ကနေ ကုန်သွယ်မှုလိုင်စင်လျှောက်ထားမှု အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ခြင်းဟာ ရှေ့ဆက်သွားရမယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။