မြန်မာနိုင်ငံ စိုက်ပျိုးထွက်ကုန်များအတွက် နိုင်ငံတကာစျေးကွက်အခွင့်အလမ်းများနှင့် ပတ်သက်သည့် အွန်လိုင်းဆွေးနွေးပွဲအတွက် USAID/Burma ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရုံးညွှန်ကြားရေးမှူး ပေါလ်ပလီဗါအတွက် ပြင်ဆင်ပေးထားသော မှတ်ချက်အမှာစကား
(၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁) ရက်
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီဟာမြန်မာနိုင်ငံမှာလက်ရှိဖော်ဆောင်နေတဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုဖြစ်စဥ်ကိုအခိုင်အမာပံ့ပိုးလျက်ရှိပါတယ်။မြန်မာနိုင်ငံမှာသာယာဝပြောမှုတွေကိုပိုမိုဖန်တီးဖို့နဲ့အမေရိကန်ပြည်ထောင်စုနဲ့အကြားရင်းနှီးမှုပိုမိုခိုင်မာလာစေဖို့အတွက်ဒီပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးအလားအလာအများကြီးကိုတွေ့ကြရပါတယ်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ပုဂ္ဂလိက စီးပွားရေးအခွင့်အလမ်းသစ်တွေကို ရှာဖွေဖို့နဲ့ အားကောင်းလာအောင်ပြုလုပ်ဖို့ ဖြစ်ပါတယ်။ USAID ဟာတာဝန်ယူမှုရှိတဲ့ရင်းနှီးမြုပ်နှံမှုကိုမြှင့်တင်ဖို့နဲ့စွန့်ဦးတီထွင်လုပ်ဆောင်နေကြသူတွေအနေနဲ့သူတို့ရဲ့စီးပွားရေးတွေပိုမိုတိုးချဲ့လာနိုင်စေဖို့အတွက်မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကကဏ္ဍတွေနဲ့မိတ်ဖက်အဖြစ်ဆောင်ရွက်ပါတယ်။
ဒီနေ့မှာတော့ ကျနော်တို့အနေနဲ့ နိုင်ငံတကာစျေးကွက်အခွင့်အလမ်းတွေအကြောင်းကို ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ USAID Burma Feed the Future အစီအစဥ်ရဲ့ စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးရေး စီမံကိန်းကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ခုရဲ့တွေ့ရှိချက်တွေဖြစ်ပါတယ်။ဒီလေ့လာမှုမှာပြည်ပပို့ကုန်အခွင့်အလမ်းသစ်တွေအကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။
USAID ဟာ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေများစွာထဲကမှ စိုက်ပျိုးရေးကဏ္ဌကို စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးကိစ္စရပ်အဖြစ် မြင်ရတဲ့ အကြောင်းအရင်း (၃) ချက်ရှိပါတယ်။
ပထမဆုံးအနေနဲ့ချမ်းသာကြွယ်ဝမှုကိုမြှင့်တင်ဖို့နဲ့ဆင်းရဲမွဲတေမှုကိုလျှော့ချဖို့အတွက်စိုက်ပျိုးရေးကဏ္ဍတိုးတက်မှုဟာအမြန်ဆန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လုပ်သားအများစုဟာတိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်းစိုက်ပျိုးရေးကဏ္ဍမှာပါဝင်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍမှာဝင်ငွေတွေကိုမြှင့်တင်နိုင်မယ်ဆိုရင်ရလာဒ်အနေနဲ့ချမ်းသာကြွယ်ဝမှုတွေကျယ်ကျယ်ပြန့်ပြန့်တိုးလာမှာဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ခိုင်မာတဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုဟာ စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ပေးပါတယ်။ မုန်တိုင်းကျရောက်မှု၊ မိုးခေါင်မှုနဲ့ ရေကြီးမှုတွေလိုမျိုး မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အစာရေစာပြတ်လတ်မှု အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့အနှံ့ ဖြစ်ပွားနေသော ကိုဗစ်–၁၉ကူးစက်ရောဂါလိုမျိုးအခြားအရာတွေကလည်းအစားအစာစနစ်ကိုထိခိုက်စေနိုင်ပြီးထိခိုက်မှုတွေလည်းရှိနေပါတယ်။ကောင်းမွန်ပြီးစိုက်ပျိုးသီးနှံစုံလင်တဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုဟာဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ခိုင်မာတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ လူမှုအသိုင်းအဝိုင်းတွေကြားမှာရှိတဲ့ ခိုင်မာတဲ့စီးပွားရေး ချိတ်ဆက်မှုတွေဟာ လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ပေးတဲ့အတွက် USAID အနေနဲ့ စိုက်ပျိုးရေးမှာ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ လူမျိုးရေးတင်းမာမှုတွေဟာ ဆယ်စုနှစ်များစွာတိုင်အောင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ မတူညီတဲ့ လူမှုအသိုင်းတွေကြားမှာ စီးပွားရေးချိတ်ဆက်မှုတွေ တည်ဆောက်ဖို့အတွက် စိုက်ပျိုးရေးဟာ အလားအလာရှိတယ်လို့ မိမိတို့ ယုံကြည်ပါတယ်။ သို့မှသာ ပဋိပက္ခဟာ လူအုပ်စုတစ်ခုချင်းစီရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တယ် ဆိုတာကို သိမြင်ကြမှာဖြစ်ပြီး စစ်မှန်ပြီး အားလုံးနဲ့ဆိုင်တဲ့သာယာဝပြောမှုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးတင်ပြမှုဟာ ဒီကြီးမားတဲ့ ရည်ရွယ်ချက် (၃) ချက်ကိုလက်တွေ့မှာလုပ်ဆောင်သွားမယ့်အရာတွေအဖြစ်မြင်ကြည့်လို့ရပါတယ်။
မြန်မာနိုင်ငံမှာချမ်းသာကြွယ်ဝဖို့စျေးကွက်အခွင့်အလမ်းတွေရှိပါတယ်။အခြားအစည်းအဝေးတွေမှာအိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊တရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေကအခွင့်အလမ်းတွေကိုလေ့လာဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။တင်ပြဆွေးနွေးမှုသူတွေဟာဒီနေ့မှာတော့မိမိတို့ကိုအခြားနိုင်ငံတွေဆီကိုခေါ်ဆောင်သွားပါလိမ့်မယ်။ပြီးတော့ဂျပန်၊တောင်ကိုရီးယား၊ထိုင်ဝမ်၊ပါကစ္စတန်၊နီပေါ၊ဘင်္ဂလားဒေ့ရှ်၊ဥရောပသမဂ္ဂ၊ယူနိုက်တတ်ကင်းဒမ်း၊အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊အရှေ့အလယ်ပိုင်း၊သြစတြေးလျနဲ့နယူးဇီလန်စတဲ့နိုင်ငံတွေမှာရှိတဲ့အခွင့်အလမ်းတွေပါဝင်အောင်ထည့်သွင်းပြောပြပါလိမ့်မယ်။
ဆွေးနွေးတင်ပြသူတွေက ဘယ်နေရာတွေမှာ စျေးကွက်လိုအပ်ချက်ကမြင့်တယ်၊ ဘယ်နေရာတွေမှာ မြန်မာနိုင်ငံရဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေက အားသာချက်ရှိတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး လွှမ်းခြုံပြောသွားပါလိမ့်မယ်။နောက်ပြီးဒီစျေးကွက်တွေကိုလက်လှမ်းမှီဖို့အတွက်ထည့်သွင်းစဥ်းစားဖို့လိုအပ်တဲ့ပြောင်းလုပ်ရမယ့်လုပ်ထုံးလုပ်နည်းတွေနဲ့ထုတ်လုပ်မှုစနစ်တွေနဲ့ပက်သက်တဲ့အချက်တွေကိုလည်းဆွေးနွေးတင်ပြမှုမှာထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။
ကျနော့်အနေနဲ့ လုပ်ဆောင်ရမယ်အချက်အချို့ကို အကြံပြုပြောကြားလိုပါတယ်။
ပထမဦးဆုံးအနေနဲ့ တန်ဖိုးမြင့်စျေးကွက်ကို ထိုးဖောက်ဖို့အတွက် တန်းဖိုးကွင်းဆက်တစ်ခုလုံးမှာ အရည်အသွေးကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။ များပြားလှတဲ့ အခွင့်အလမ်းတွေကိုလည်း ဒီဆွေးနွေးတင်ပြမှုမှာ ဆက်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ ဒီလို မြှင့်တင်ဆောင်ရွက်ရာမှာ ပံ့ပိုးဖို့အတွက် USAID အနေနဲ့အဆင်သင့်ရှိနေပါတယ်။
ဒုတိယအနေနဲ့အခွင့်အလမ်းတွေရှိတဲ့အမေရိကန်ပြည်ထောင်စု၊ဂျာမနီ၊ဂျပန်နဲ့နယ်သာလန်နိုင်ငံတွေမှာရှိပြီးဖြစ်တဲ့အဆက်အသွယ်တွေနဲ့ရင်းနှီးမှုတွေကိုတည်ဆောက်ရမှာဖြစ်ပါတယ်။
တတိယအနေနဲ့ ပို့ကုန်စနစ်ကို တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ ဒီအချက်ဟာ ဒီနေ့ဆွေးနွေးပွဲရဲ့ အဓိက အကြောင်းအရာတစ်ခု မဟုတ်ပေမယ့်လည်း ဖော်ပြသွားတဲ့ အခွင့်အလှမ်းတွေအတွက် မြန်မာနိုင်ငံအစိုးရက ထောက်ပံ့ပေးတဲ့ ဝန်းကျင်တစ်ခုလိုအပ်ပါတယ်။ ဥပမာအားဖြင့် USAID အနေနဲ့ မြန်မာနိုင်ငံအစိုးရဟာ သွင်းကုန်၊ ပို့ကုန်အတွက် လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်၊ လူနဲ့ တိရိစ္ဆာန်တို့အတွက် ဘေးကင်းကျန်းမာတယ်ဆိုတဲ့ ထောက်ခံချက်တွေ ထုတ်ပေးတဲ့စနစ်တွေကို တိုးတက်မြန်ဆန်အောင်လုပ်ပေးရာမှာအလေးထားမှုကို တွေ့ရလို့ အားတက် ဝမ်းမြောက်မိပါတယ်။
ကျနော်တို့အနေနဲ့လည်း လူကြီးမင်းတို့ဆီက တုန့်ပြန်မှုတွေလည်း ကြားချင်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ ပို့ကုန်စစ်တမ်းပုံစံကို “Feed the Future Burma Agricultural and Food Systems Development Activity” ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာဝင်ရောက်ဖြည့်စွက်နိုင်ပါတယ်။
ဒီနေ့တင်ဆက်မှုနဲ့ပတ်သက်ပြီးပါဝင်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။