မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များအတွက် ပြည်တွင်းစျေးကွက်အခွင့်အလမ်းများ – စီပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ USAID ဒါရိုက်တာ ပေါပလက်ဗာ၏ မှတ်ချက်များ

မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များအတွက် ပြည်တွင်းစျေးကွက်အခွင့်အလမ်းများမြန်မာနိုင်ငံ စီပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ USAID ရုံး၏ ဒါရိုက်တာ ပေါပလက်ဗါအတွက် ပြင်ဆင်ပေးထားသော မှတ်ချက်များ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့

အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ဟာ လက်ရှိလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်ကို အခိုင်အမာ ထောက်ခံပါတယ်။ မြန်မာနိုင်ငံမှာ ပိုကျယ်ပြန့်ပြီး ပိုပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးဖို့နဲ့ အမေရိကန်ပြည်ထောင်စုနဲ့မြန်မာတို့အကြား ရင်းနှီးချစ်ကြည်မှုကို ခိုင်မာစေဖို့ ဒီပြုပြင်ပြောင်းလဲရေးအတွက် အလားအလာကောင်းတွေ အများကြီးရှိတာကို တွေ့ရပါတယ်။ 

စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ အဓိကအပိုင်းကတော့ စိုက်ပျိုးရေးကဏ္ဍမှာရှိတဲ့ ပုဂ္ဂလိကကဏ္ဍစီးပွားရေးအခွင့်အလမ်းသစ်တွေကို ရှာဖွေပြီး မြှင့်တင်ဖို့ဖြစ်ပါတယ်။ USAID ဟာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုကို မြှင့်တင်ဖို့၊ စွန့်ဦးတီထွင်သူတွေအနေနဲ့ ၄င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်ကြီးထွားလာစေဖို့အတွက် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ မိတ်ဖက်ဖွဲ့ ဆောင်ရွက်နေပါတယ်။  

လွန်ခဲ့တဲ့ ရက်သတ္တတပတ် အနည်းငယ်ကပဲ ကျနော်ဟာ အပြည်ပြည်ဆိုင်ရာ စျေးကွက်အခွင့်အလမ်းတွေနဲ့ ပတ်သက်တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ဖွင့်လှစ်ခွင့် ရခဲ့ပါတယ်။ တကယ်လို့ အဲဒီဆွေးနွေးပွဲကို မကြည့်လိုက်မိဘူးဆိုရင် စိုက်ပျိုးရေးနှင့်အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးရေးစီမံကိန်း (Agriculture and Food System Development Activity) ဖေ့စ်ဘွတ်ပေ့ချ် မှာ ပြန်ကြည့်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။ ဒီနေ့တင်ဆက်မှုကိုလည်း ပြည်တွင်းစျေးကွက်အခွင့်အလမ်းတွေကို အလားတူ၊ အသေးစိတ်ကျတဲ့ပုံစံမျိုးနဲ့ ကြည့်နိုင်အောင် စီစဥ်ထားပါတယ်။

ဒီကနေ့ရဲ့အစီရင်ခံစာကို ဒေါက်တာနိုင်က ပြင်ဆင်ခဲ့တာပါ။ ဒီကနေ့ သူက တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်နဲ့‌ ဈေးကွက်အခွင့်အလမ်း  အမျိုးမျိုးကို ဖော်ပြထားပါတယ်။ ဒီလေ့လာမှုနဲ့အစီရင်ခံစာအတွက် ဒေါက်တာနိုင်ကို ကျေးဇူးတင်ရှိပါတယ်။ 

မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ကိစ္စရပ်ပေါင်းများစွာထဲကမှ USAID ဟာ စိုက်ပျိုးရေးကို အဓိကစဝင်မှတ်အနေနဲ့ သိမြင်ပါတယ်။ ပထမဆုံးအနေနဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးအားကောင်းလာတာဟာ ကြွယ်ဝမှုတိုးမြင့်လာရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် မြန်ဆန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လုပ်သားအများစုဟာ စိုက်ပျိုးရေးမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ရိုက်၍သော်လည်းကောင်း ပါဝင်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ စိုက်ပျိုးရေးကဏ္ဍမှာ ဝင်ငွေတွေတိုးလာအောင် လုပ်နိုင်မယ်ဆိုလျှင် ရလဒ်အနေနဲ့ ချမ်းသာကြွယ်ဝမှုဟာ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလာမှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ခိုင်မာအားကောင်းတဲ့ စိုက်ပျိုးရေးကဏ္ဍဟာ စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်ပေးပါတယ်။ မုန်တိုင်း၊ မိုးခေါင်မှုနဲ့ ရေကြီးမှုလိုမျိုး သဘာဝဘေးအန္တရာယ်တွေဟာ စားနပ်ရိက္ခာချို့တဲ့ပြတ်လပ်မှု အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။ ကိုဗစ်၁၉ ကူးစက်ကမ္ဘာ့ကပ်ရောဂါလိုမျိုး အခြား အတားအဆီးတွေဟာလည်း အစားအစာစနစ်တွေကို တားဆီးနှောင့်ယှက်နိုင်သလို၊ တကယ့်တကယ်လည်း နှောင့်ယှက်နေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက်  သာယာဝပြောပြီး မတူကွဲပြားတဲ့ စိုက်ပျိုးရေးကဏ္ဍဟာ ခိုင်မာတဲ့ကုထုံးပဲ ဖြစ်ပါတယ်။ တတိယအနေနဲ့ USAID ဟာ စိုက်ပျိုးရေးကဏ္ဠကို ထောက်ပံ့ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမှုအသိုင်းအဝိုင်းတွေကြားမှာ ခိုင်မာတဲ့ စီးပွားရေးအချိတ်အဆက်ရှိခြင်းဟာ လူမှုအဟဇာတဖြစ်မှုကိုလည်း မြှင့်တင်ပေးလို့ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေအကြား တင်းမာမှုတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုးပဲ ပဋိပက္ခဟာ အုပ်စုတစ်စုချင်းစီရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုတာ မြင်ကြမယ် ထင်ပါတယ်။ မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေကြားမှာ စီးပွားရေးချိတ်ဆက်မှုတွေကို ဖန်တီးဖို့အတွက် စိုက်ပျိုးရေးဟာ အလားအလာရှိတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ ဒါ့မှသာ စစ်မှန်ပြီး မျှဝေခံစားတဲ့ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်ပါလိမ့်မယ်။ 

ဒီနေ့ တင်ဆက်မှုဟာ ဒီကြီးမားတဲ့ ရည်ရွယ်ချက် () ခုကို လက်တွေ့လုပ်ရမယ့် လုပ်ဆောင်ချက်တွေအဖြစ် ပြပါလိမ့်မယ်။ 

မြန်မာနိုင်ငံမှာ စျေးကွက်အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ တခြားအချိန်တွေမှာ ကျနော်တို့ဟာ အနီးအနားမှာရှိတဲ့နိုင်ငံတွေ၊ အဝေးမှာရှိတဲ့နိုင်ငံတွေအပါအဝင် အနည်းဆုံး ထုတ်ကုန်စျေးကွက် ၁၅ ခုကို လွှမ်းခြုံထားတဲ့ နိုင်ငံတကာ အခွင့်အလမ်းတွေကို ဆွေးနွေးအဖြေရှာခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ စားသုံးသူပေါင်း (၇၀၀) ကျော်ရဲ့ ကြိုက်နှစ်သက်မှုတွေကို ကြားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုတေသီတွေဟာ စျေးကွက်ဝယ်ယူသူတွေကို ပိုပြီးနားလည်နိုင်ဖို့အတွက် စူပါမားကတ်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ နဲ့ အခြားစီးပွားရေးလုပ်ငန်း  ဒါဇင်ပေါင်းများကို မေးမြန်းခဲ့ပါတယ်။ ဒီအစီရင်ခံစာဟာ တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက် အရင်းအမြစ်ပေါင်းများစွာကိုလည်း အသုံးပြုထားပါတယ်။ 

လက်တွေ့ကျပြီး ပါးနပ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဟာ နိုင်ငံတကာစျေးကွက်နဲ့ သင့်တော်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေချိန်မှာပဲ ဘယ်ထုတ်ကုန်တွေကို ပြည်တွင်းမှာရောင်းရမလဲဆိုတာ သိပါတယ်။ လူကြီးမင်တို့ကို ကူညီနိုင်ဖို့အတွက် ဒီအစီရင်ခံစာမှာ အကြံပြုချက်ပေါင်းများစွာကို ဖော်ပြထားပါတယ်။ 

ကျနော်အဆုံးမသတ်ခင် လုပ်ရမယ့်အချက်တစ်ချို့ကို အကြံပြုခွင့်ပြုပါ။ 

ပထမဆုံးအနေနဲ့ ကျနော်တို့ အားလုံး စျေးကွက်မျှော်လင့်ချက်နဲ့ကိုက်ညီဖို့အတွက် ကုန်စည်တန်ဖိုးကွင်းဆက်တစ်လျှောက်လုံး အရည်အသွေး တိုးမြှင့်ဖို့ လုပ်ဆောင်သင့်ပါတယ်။ တင်ပြချက်ထဲမှာ ပိုပြီးကောင်းမွန်တဲ့မျိုးစေ့နဲ့ ပိုကောင်းတဲ့အရည်အသွေးကို အာမခံနိုင်တဲ့စနစ်တွေလိုမျိုး အခွင့်အလမ်းတွေများစွာကို ဖော်ပြထားပါတယ်။ USAID အနေနဲ့ ဒီလိုမျိုး အဆင့်မြှင်တင်ရေးလုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးဖို့ အဆင်သင့်ပါ။ 

ဒုတိယအနေနဲ့ ပြည်တွင်းစျေးကွက် တိုးကတ်လာတာနဲ့အမျှ ကြေငြာဟာလည်း အရေးကြီးလာပါလိမ့်မယ်။ စားသုံးသူတွေ အရည်အသွေးကောင်းမွန်တဲ့ အစားအစာတွေကို မြန်မြန်ဆန်ဆန် ပြောင်းလဲစားသုံးဖို့နဲ့ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်တွေ အခြားထုတ်ကုန်တွေထက် ထင်ပေါ်နိုင်ဖို့အတွက်  ကြေငြာတွေက ကူညီပေးပါလိမ့်မယ်။ 

တတိအနေနဲ့ ပိုပြီးတန်ဖိုးပေါင်းထည့်နိုင်တဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးလိုမျိုး လက်ရှိရှိနေတဲ့ စျေးကွက်တွေကို တည်ဆောက်ဖို့အတွက် အခွင့်အလမ်းတွေကို ရှာဖွေပါ။ ဥပမာဂျင်းနဲ့ နနွင်းလိုမျိုး မိရိုးဖလာထုတ်ကုန်တွေကို ကျန်းမာရေးအတွက် အသုံးပြုတာကိုပဲ ကြည့်ပါ။ 

အဆုံးသတ်ရမယ်ဆိုရင် ဒီနေ့တင်ဆက်မှုကို ပါဝင်ကူညီပေးကြတဲ့သူအားလုံးကို ထပ်ပြီးကျေးဇူးတင်ပါရစေ။ လာရောက်ပေးကြတဲ့ သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ 

###