လင်ကွန်းပညာတော်သင်များ ပညာတော်သင်မသွားရောက်မီ အွန်လိုင်းကတစ်ဆင့် ပါမဲလာဖက်ဆန်ဒန်ပြောကြားသောမှတ်ချက်စကား (ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း)
ကြာသပတေးနေ့၊ သြဂုတ် ၁၃၊ ၂၀၂၀၊ နေ့လယ် ၂း၀၀
လင်ကွန်းပညာတော်သင်ဆုရရှိတဲ့သူတွေအားလုံးကိုပထမဦးစွာထပ်မံဂုဏ်ပြုလိုပါတယ်။ပြီးတော့အမေရိကန်ပြည်ထောင်စုမှာဘွဲ့လွန်ပညာကိုစတင်တက်ရောက်သင်ကြားကြတဲ့အခါမှာလည်းအဆင်ပြေကြစေဖို့ဆုတောင်းပါတယ်။အခုရွေးချယ်ခံထားရတဲ့သူတိုင်းကသူတို့ရဲ့အတွေ့အကြုံတွေနဲ့ပညာသင်ကြားပြီးတဲ့အခါအမိမြန်မာပြည်ကိုပြန်လာပြီးပြည်သူတွေအကျိုးသယ်ပိုးကြမယ်ဆိုတဲ့ဂတိကဝတ်တွေပေါ်မူတည်ပြီးလျှောက်လွှာပေါင်းရာကျော်ထဲကနေရွေးချယ်ထားတာဖြစ်ပါတယ်။ပညာတော်သင်တွေအနေနဲ့လွတ်လပ်တဲ့ဒီမိုကရေစီနဲ့စီးပွားရေးအသွင်ကူးပြောင်းမှုတွေကိုလေ့လာသင်ယူပြီးမြန်မာနိုင်ငံသားတွေကိုကူညီပေးနိုင်ဖို့အတွက်ယူအက်စ်အေ့ဒ်အနေနဲ့လင်ကွန်းပညာတော်သင်ဆုထောက်ပံ့ပေးတဲ့အစီအစဉ်ကိုမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်တစ်ခုအနေနဲ့ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ အားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အခုလင်ကွန်းပညာသင်ဆုအစီအစဥ်ကလည်း အမေရိကန်ပြည်သူတွေက သူတို့အတွက် ပံ့ပေးပိုးဖို့ အားစိုက်ဆောင်ရွက်နေတဲ့အရာတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ရှုမြင်ပါတယ်။ ယူအက်စ်အေ့ဒ်ရဲ့ အနာဂတ်ရည်မှန်းချက်ဟာ မြန်မာနိုင်ငံအနေနဲ့ ညီညွတ်ငြိမ်ချမ်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးဆိုတဲ့ ခရီးစဉ်ကိုချီတက်နေရာမှာ ပညာတော်သင် သွားထားသူတွေကလည်း ဦးဆောင်ဦးရွက် ပြုလာကြလိမ့်မယ်ဆိုတာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မြန်မာနိုင်ငံဟာ သဘာဝ အရင်းအမြစ်တွေကို ကာကွယ်စောင့်ရှောက်သလို၊ နိုင်ငံတွင်းမှီတင်းနေထိုင်ကြတဲ့ လူမျိုးစုများအားလုံး ပါဝင်ခွင့်ရှိပြီး ရှင်သန်ဖွံ့ဖြိုးဖို့အတွက် အခွင့်အရေးတွေကို ပေးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်လို့လည်း မျှော်မှန်းထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီဖို့အတွက်ယူအက်စ်အေ့ဒ်ကတစ်ဆင့်တစ်နှစ်ကိုအမေရိကန်ဒေါ်လာသန်း၁၅၀ကျော်ရင်းနှီးမြှုပ်နှံလျှက်ရှိပါတယ်။အဲဒီလိုရင်းနှီးမြှပ်နှံရတာဟာမြန်မာပြည်သူတွေကျန်းမာရေးနဲ့အာဟာရတိုးတက်ကောင်းမွန်လာစေဖို့၊စိုက်ပျိုးရေးနဲ့အသက်မွေးဝမ်းကျောင်းအလုပ်တွေတိုးတက်ကောင်းမွန်လာစေဖို့၊လူသားချင်းစာနာမှုအကူအညီတွေကတစ်ဆင့်ဒုက္ခခံစားရမှုတွေကိုလျှော့ချဖို့၊အားလုံးပိုမိုပါဝင်နိုင်တဲ့ငွေရေးကြေးရေးကဏ္ဍလက်လှမ်းမီရရှိမှုအခြေအနေကိုဖန်တီးပေးဖို့၊ယုံကြည်စိတ်ချရတဲ့သတင်းနဲ့သတင်းအချက်အလက်တွေကိုလူတိုင်းလက်လှမ်းမီလာစေဖို့၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လွှတ်တော်၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့လိုဒီမိုကရက်တစ်အင်စတီကျုရှင်းတွေခိုင်မာအားကောင်းလာစေဖို့အတွက်ရည်ရွယ်ပါတယ်။
ယူအက်စအေ့ဒ်က လင်ကွန်းပညာသင်ဆုအစီအစဥ်မှာ ရင်းနှီးမြှပ်နှံတာဟာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ကိုယ်ပိုင်ဖြေရှင်းချက်တွေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ရေရှည်တည်တံ့တဲ့ စွမ်းရည်တွေ တိုးတက်လာစေဖို့ ဖြစ်ပါတယ်။
လင်ကွန်းပညာတော်သင်တွေကို မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ဗဟုသုတတွေ၊ စွမ်းရည်တွေကို သင်ကြားပေးမယ့် အမေရိကန်တက္ကသိုလ်အသီးသီးက အရေးပါတဲ့ မဟာဘွဲ့ အစီအစဥ် တွေကို ရှာဖွေပေးခဲ့ကြတဲ့ နိုင်ငံတကာပညာရေးအင်စတီကျု (Institute of International Education, IIE) ကိုကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်တွေနဲ့တိုင်းဒေသကြီးတွေက ကျောင်းသားရှာဖွေရွေးချယ်နိုင်ရေးအတွက် ကျယ်ကျယ် ဝင့်ဝင့် ဆောင်ရွက်ပေးခဲ့တဲ့ သပြေပညာရေးဖောင်ဒေးရှင်း (Thabyay Education Foundation) ကိုလည်း ကျေးဇူတင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားခြင်းတွေပေါင်းစုံနေမှုဟာ ကြွယ်ဝမှုနဲ့ စွမ်းအားဖြစ်တဲ့အကြောင်း လင်ကွန်းပညာတော်သင်တွေက သာဓကပြုပေးပါလိမ့်မယ်။
အိုင်အိုင်အီးရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ဂျော့ချ်မေဆန်တက္ကသိုလ် ကိုလည်း ကျေးဇူးတင်ပါတယ်။ လင်ကွန်းပညာတော်သင်တွေဟာ ဂျော့ချ်မေဆန်တက္ကသိုလ်မှာ ခေါင်းဆောင်မှု၊ ပဋိပက္ခဖြေရှင်းမှုနဲ့ပတ်သက်ပြီး ထပ်လောင်းသင်တန်းတွေကို ပါဝင်တက်ရောက် ကြဦးမှာဖြစ်ပါတယ်။ လင်ကွန်းပညာတော်သင်များအချင်းချင်း တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတည်ဆောက်ကြရင်း အတူတကွကုန်ဆုံးခွင့်ရမယ့်အချိန်တွေအပြင် ထပ်မံရရှိလာမယ့် ကျွမ်းကျင်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ မိမိနိုင်ငံကို ပိုပြီးကောင်းမွန်အောင် အလုပ်အကြွေးပြုနိုင်ကြမှာ ဖြစ်ပါတယ်။
###