Local Action Toward TB-Free Myanmar စီမံကိန်းကို အွန်လိုင်းပေါ်မှ စတင်မိတ်ဆက်ခြင်းအစီအစဉ်အတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မစ္စအလဲရ်ဂရပ်ဘ်စ်အတွက်ပြင်ဆင်ထားသော မှတ်ချက်အမှာစကား
USAID လို့ သိကြတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက Local Action Toward TB-Free Myanmar အမည်ရှိတဲ့ စီမံကိန်းသစ်ကို ဒီနေ့ စတင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ သုံးနှစ်တာကြာမြင့်မယ့် ဒီစီမံကိန်းသစ်ကို မြန်မာနိုင်ငံအတွင်းက အရပ်ဖက်အဖွဲ့အစည်း အန်ဂျီအိုတစ်ခုဖြစ်တဲ့ ပြည်ကြီးခင်အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒေါက်တာသန္တာလွင်ရဲ့ အဆိုအရ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ အရင်က ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံပြီး တည်ဆောက်ထားပါတယ်။
USAID ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေအတွက် အဖြေတွေ ပေါ်ထွက်လာအောင် ပြည်သူလူထုကို စွမ်းရည်မြှင့်တင်ပေးနိုင်ရေးအတွက် ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကတော့ တီဘီရောဂါ ဝေဒနာ ခံစားနေရသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်ကြီးခင်အဖွဲ့ဟာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ တခြား အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့တွေ၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းပြီး တီဘီရောဂါ ပပျောက်ရေးအတွက် အားဖြည့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ပြည်ကြီးခင်အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေဟာ မြန်မာနိုင်ငံ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်၊ USAID တို့နဲ့ လက်တွဲပြီး အကူအညီအများဆုံးလိုအပ်နေတဲ့ ဝန်ဆောင်မှု ထိုက်သင့်သလောက်မရတဲ့ ပြည်သူတွေဆီ အမှန်တကယ် ရောက်ရှိစေနိုင်မယ့် အစီအစဥ်နဲ့ စီမံချက်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။
Local Action Toward TB-Free Myanmar စီမံကိန်းဟာ တီဘီရောဂါ ဝေဒနာခံစားနေရသူတွေကို မိမိတို့ အကျိုးအတွက် အသိပေးတောင်းဆိုရာမှာ မိမိတို့ လူမှုအသိုင်းအဝိုင်းထဲက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တဲ့ တီဘီရောဂါတိုက်ဖျက်ရေး အစီအစဥ် ရေးဆွဲအကောင်အထည်ဖော်ရာမှာပါ ပိုပြီး တက်ကြွစွာ ပါဝင်လာအောင် စွမ်းရည်မြှင့်တင်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တီဘီရောဂါပပျောက်ရေး ဒေသတွင်းလှုပ်ရှားမှု စီမံကိန်းဟာ တီဘီရောဂါ ရောဂါအဖြစ်များတဲ့ နိုင်ငံ ၂၃ ခုမှာ တီဘီရောဂါပပျောက်ရေးဆိုင်ရာကြိုတင်ကာကွယ်ရေးနဲ့ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအနက်မှ တစိတ်တပိုင်း ဖြစ်ပါတယ်။ USAID ရဲ့ ကမ္ဘာလုံးဆိုင်ရာ “ တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး အစီအစဥ်” အနေနဲ့ ၂၀၃၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း တီဘီရောဂါ ပပျောက်အောင် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။
တီဘီရောဂါ ပပျောက်ရေးအတွက် ပြင်းပြတဲ့ သန္နိဋ္ဌာန် ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လာကြတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ မြန်မာပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်ကြိုးပမ်းမှုတွေကြောင့် ဘယ်လိုအကျိုးတရားတွေ ရနိုင်တယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ဒီဒေသအတွက် နမူနာတစ်ခု ဖြစ်ပါတယ်။ အခုလို ကြီးမားတဲ့ ရည်မှန်းချက်ကို အမှန်တကယ် အကောင်အထည်ပေါ်လာစေဖို့ သင်တို့နဲ့အတူ ဆက်ပြီး လက်တွဲဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။
###