အိမ်ဖြူတော်
မတ် ၁၂၊ ၂၀၂၁
ထုတ်ပြန်ချက်
၁။ ဩစတေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု အကြား လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးပွဲကျင်းပ၍ မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။ အစည်းအဝေးအတွင်း မတူကွဲပြားသော အမြင်ရှုထောင့်မျိုးစုံဖြင့် ဆွေးနွေးခဲ့ကြပြီး လွတ်လပ်၍ ပွင့်လင်းသော အင်ဒိုပစိဖိတ်အတွက် မိမိတို့အတူတကွ မျှဝေကြသော မျှော်မှန်းချက်တစ်ရပ်တွင် တစ်သားတည်းရှိကြပါသည်။ ဒီမိုကရက်တစ်စံတန်ဖိုးများဖြင့် လွတ်လပ်သော၊ ပွင့်လင်းသော၊ အလုံးစုံပါဝင်သော၊ ကျန်းမာကြံ့ခိုင်၍ အပြန်အလှန် ထိန်းကျောင်းပေးသော ဒေသတစ်ခုနှင့် အနိုင်ထက်ပြုမူမှုဖြင့် ထိန်းချုပ်ကန့်သတ် မထားသော ဒေသတစ်ခုဖြစ်ရေးအတွက် မိမိတို့ ကြိုးပမ်းအားထုတ်ပါသည်။ ဤအပြုသဘောဆောင်သော အမြင်အပေါ် မိမိတို့၏ ပူးပေါင်းအားထုတ်မှုသည် နိုင်ငံတကာ ဖြစ်ရပ်ဆိုး ၂၀၀၄ ခုနှစ် ဆူနာမီကြောင့် ဖြစ်ပေါ်လာခဲ့သည်ကို မိမိတို့ ပြန်ပြောင်းအမှတ်ရမိပါသည်။ ယနေ့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာတစ်ဝန်း ကြီးမားလှသည့် ပျက်စီးဆုံးရှုံးမှုများ၊ ဥတုရာသီ ပြောင်းလဲခြင်း၏ ခြိမ်းခြောက်မှုနှင့် ဒေသတွင်း ရင်ဆိုင်နေရသော လုံခြုံရေး စိန်ခေါ်မှုအခက်အခဲများကြောင့် အသစ်ထပ်မံကြိုးပမ်းရန် ရည်ရွယ်ချက်ဖြင့် မိမိတို့ကို ဆင့်ခေါ်လိုက်ပါသည်။ မတ်လ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်၏ သမိုင်းတွင်သော ဤဖြစ်ရပ် လေးပွင့်ဆိုင်၏ ပထမဆုံးအကြိမ် ခေါင်းဆောင်အဆင့် တွေ့ဆုံမှုတွင် မိမိတို့သည် အထက်ပါ စိန်ခေါ်မှုအခက်အခဲများတွင် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းလာစေရန် မိမိတို့ ကတိပြုပါသည်။
၂။ အင်ဒိုပစိဖိတ်နှင့် အခြားဒေသများအတွင်း ဘေးကင်းလုံခြုံရေး၊ သာယာဝပြောရေးနှင့် ခြိမ်းခြောက်မှုများကိုတန်ပြန်ရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် နိုင်ငံတကာ ဥပဒေကိုအခြေပြုကာ လွတ်လပ်ပွင့်လင်း၍ စည်းမျဉ်းစည်းကမ်းကိုအခြေခံသော ညွှန်ကြားချက်ကို မိမိတို့အတူတကွ တိုးမြှင့်လုပ်ဆောင်ရန် ကတိကဝတ်ပြုပါသည်။ ဥပဒေစိုးမိုးရေး၊ ရေကြောင်းသွားလာမှုနှင့် လေကြောင်းပျံသန်းမှု လွတ်လပ်ခွင့်၊ ပဋိပက္ခများ ငြိမ်းချမ်းစွာ ပြေလည်အောင် ဖြေရှင်းမှု၊ ဒီမိုကရက်တစ်စံတန်ဖိုးနှင့် ပိုင်နက်တည်တံ့ခိုင်မာမှုကို မိမိတို့ ထောက်ခံအားပေးပါသည်။ မိမိတို့သည် မိတ်ဖက်များစွာဖြင့် အတူတကွ ပူးပေါင်းအလုပ်လုပ်ရန် ကတိပြုပါသည်။ အာဆီယံ စည်းလုံးညီညွှတ်မှု၊ အချက်အခြာကျမှုနှင့် အင်ဒိုပစိဖိတ်အပေါ် အာဆီယံ သဘောထားအမြင်ကို မိမိတို့ ခိုင်မာစွာ ထောက်ခံ အားပေးကြောင်း ထပ်လောင်းအတည်ပြုပါသည်။ အလားအလာကောင်း အပြည့်အဝဖြင့် လေးပွင့်ဆိုင်အဖွဲ့သည် အနာဂတ်ကို မျှော်လင့်လျက်ရှိပြီး ကမ္ဘာတစ်လွှားရှိ စံတန်ဖိုးထားမှုများအပေါ် အခြေခံ၍ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို စွဲကိုင်ပြီးနှင့် ဒီမိုကရက်တစ်ကြံ့ကြံ့ခံနိုင်မှု အားကောင်းလာစေရန် ကြိုးပမ်းနေပါသည်။
၃။ မိမိတို့၏ ဘုံရည်မှန်းချက်များတွင် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အကြီးမားဆုံး စိန်ခေါ်မှုအခက်အခဲများနှင့်အတူ လက်ခံတွက်ဆရန် လိုအပ်ပါသည်။ ကိုဗစ်-၁၉ ၏ စီးပွားရေးနှင့် ကျန်းမာရေး သက်ရောက်မှုများကို တုံ့ပြန်ရန်၊ ဥတုရာသီ ပြောင်းလဲမှုကို တိုက်ဖျက်ရန်နှင့် ဆိုက်ဘာကွာဟမှု၊ အရေးကြီးသောနည်းပညာများ၊ အကြမ်းဖက်မှုတန်ပြန်ရေး၊ အရည်အသွေး ပြည့်မီသော အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ ဘေးဒုက္ခ ကယ်ဆယ်ရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပိုင်နက်များ အပါအဝင် အားလုံးနှင့်ဆိုင်သော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရန် မိမိတို့ ကတိပြုပါသည်။
၄။ ကျန်းမာရေးဖူးလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံများအနေဖြင့် ရရှိခဲ့သောအောင်မြင်မှုကို အခြေတည်လျက် ဘေးကင်းလုံခြုံ၍၊ လူတိုင်းလက်လှမ်းမိနိုင်ကာ ထိရောက်မည့် ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် တန်းတူညီမျှစွာ ရရှိနိုင်ရေးလုပ်ငန်းကို အတူတကွတိုးချဲ့ဆောင်ရွက်သွားရေး၊ စီးပွားရေး ပြန်လည်နာလန်ထူရေးနှင့်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးရရှိရေး အရှိန်မြှင့်တင်ဆောင်ရွက်သွားရေးအတွက် အတူတကွ ပူးပေါင်းတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။ မိမိတို့၏ပြည်သူများကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် တစ်စိုက်မတ်မတ် ဆောင်ရွက်သွားရန် ကတိပြုပါသည်။ ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ပြန့်နှံ့နေသရွေ့ တစ်ဦးတစ်ယောက်မျှ ဘေးကင်းစိတ်ချနိုင်မည် မဟုတ်ကြောင်းကိုလည်း မိမိတို့လက်ခံပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကမ္ဘာလုံးရရှိရေး (COVAX) အပါအဝင် ဘက်စုံအဖွဲ့အစည်းများနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုဖြင့် အင်ဒိုပစိဖိတ်ဒေသအတွက် ကာကွယ်ဆေး တန်းတူညီမျှစွာ ရရှိနိုင်မှု အားကောင်းစေရန် မိမိတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၌ ပွင့်လင်းမြင်သာ၍ ရလဒ်အဓိကထားသော ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရန် မိမိတို့တောင်းဆိုပါသည်။ ဥတုရာသီ ပြောင်းလဲမှုသည် တစ်ကမ္ဘာလုံးအတွက် ဦးစားပေးမှုတစ်ခုဖြစ်ကြောင်း လက်ခံအသိအမှတ်ပြုပြီး ပါရီသဘောတူညီချက်အရ အပူအအေးပမာဏ ကန့်သတ်မှုထားကို ဆက်လက်စွဲကိုင်ထားရှိရန် အပါအဝင် နိုင်ငံအားလုံး၏ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ အားကောင်းလာစေရန် ဆောင်ရွက်ပါမည်။ ဂလက်စ်ဂိုတွင်ပြုလုပ်မည့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးညီလာခံ (COP 26) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း မိမိတို့ မျှော်လင့်နေပါသည်။ အရေးကြီးသော အနာဂတ် နည်းပညာများကို ဆန်းသစ်တီထွင်ရာတွင် လွတ်လပ်ပွင့်လင်း၍ အလုံးစုံပါဝင်ပြီး ကြံ့ကြံ့ခံနိုင်သော အင်ဒိုပစိဖိတ်နှင့် တသတ်မတ်တည်းရှိကြောင်း သေချာစေရေးအတွက် မိမိတို့စတင်၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပင်လယ်ရေကြောင်းဆိုင်ရာပိုင်နက်ကိစ္စတွင် နိုင်ငံတကာဥပဒေ၏ အခန်းကဏ္ဍကို ဆက်လက် ဦးစားပေးသွားပါမည်။ အထူးသဖြင့် ပင်လယ်ပြင်ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ကုသမဂ္ဂသဘောတူညီချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပင်လယ်ရေကြောင်းလုံခြုံရေးအပါအဝင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်သွားမည်။ အရှေ့နှင့် တောင်တရုတ် ပင်လယ်များအတွင်း စည်းမျဉ်းအပေါ် အခြေပြုသော ပင်လယ်ရေကြောင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ မြောက်ကိုရီးယား၏ အဏုမြူလက်နက် အလုံးစုံဖျက်သိမ်းရေးလုပ်ငန်း အဆုံးသတ်ရေးအတွက် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပါသည်။ အဓမ္မခေါ်ဆောင်ခြင်းခံရသော ဂျပန်နိုင်ငံသားများ ပြဿနာအား ချက်ချင်း ဆုံးဖြတ်ပေးရန် လိုအပ်မှုကိုလည်း အတည်ပြုပါသည်။ မြန်မာနိုင်ငံနှင့် ၎င်း၏ပြည်သူများအပေါ် ကာလရှည်ကြာစွာ ထောက်ခံရပ်တည်ပေးနေသူများအနေဖြင့် ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေးကိစ္စ အရေးတကြီး လိုအပ်မှုနှင့် ဒီမိုကရက်တစ်ကြံ့ကြံ့ခံတွန်းလှန်မှု ခိုင်မာအားကောင်းစေရေး ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများကို အထူးအလေးပေး ဆွေးနွေးခဲ့ပါသည်။
၅။ ဤရည်မှန်းချက်များနှင့် အခြားကိစ္စများ တိုးတက်စေရန်အတွက် လေးနိုင်ငံ ထိတွေ့ဆောင်ရွက်မှုတွင် မိမိတို့၏ ခိုင်မာသော ကတိကဝတ်ကို ဆတက်ထမ်းပိုး ဆောင်ရွက်သွားပါမည်။ မိမိတို့ နိုင်ငံများ၏ ဆေးကုသမှု၊ သိပ္ပံပညာ၊ ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်စွမ်းများကို ပေါင်းစပ်သွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံ၍ ထိရောက်သော ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် မိမိတို့၏ ဆန်းသစ်သောရှေ့ပြေး ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်ရန် ကာကွယ်ဆေး ကျွမ်းကျင်အဖွဲ့ တည်ထောင်သွားမည် ဖြစ်ပါသည်။ နိုင်ငံတကာ စံနှုန်းများနှင့် အနာဂတ်၏ ဆန်းသစ်တီထွင်သော နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရန် အရေးကြီး၍ ထင်ရှားလာသော နည်းပညာ လုပ်ကိုင်သော အဖွဲ့ကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး လျှော့ချခြင်း၊ သင့်လျော်အောင် စီစဉ်ခြင်း၊ ကြံ့ကြံ့ခံခြင်း၊ နည်းပညာ၊ စွမ်းရည်တည်ဆောက်ခြင်းနှင့် ဥတုရာသီအတွက် ငွေကြေးထောက်ပံ့မှုတွင် တစ်ကမ္ဘာလုံး ဥတုရာသီ လှုပ်ရှားမှုများ အားဖြည့်ရန် ဥတုရာသီဆိုင်ရာ လုပ်ဆောင်သော အဖွဲ့ကို တည်ထောင်ပါမည်။ မိမိတို့၏ ကျွမ်းကျင်ပညာရှင်များနှင့် အကြီးတန်းအရာရှိများသည် ဆက်လက်၍ ပုံမှန် တွေ့ဆုံသွားပါမည်။ မိမိတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် မကြာခဏ တွေ့ဆုံဆွေးနွေး အနည်းဆုံး တစ်နှစ်တစ်ကြိမ် တွေ့ဆုံပါမည်။ ခေါင်းဆောင်အဆင့်အနေဖြင့် ၂၀၂၁ နှစ်ကုန်တွင် လူကိုယ်တိုင် ထိပ်သီးတွေ့ဆုံပွဲ ကျင်းပပါမည်။ ယခုကဲ့သို့သော ထိတွေ့ဆောင်ရွက်မှုများ၏ ရည်မှန်းချက်သည် လက်ရှိအချိန်နှင့် ကိုက်ညီသည်။ သမိုင်းဝင်အကြပ်အတည်းကို တုံ့ပြန်ရန် ကမ္ဘာ့သက်ဝင်လှုပ်ရှားမှုအရှိဆုံး ဒေသကြီးကို အကူအညီပေးရေးအတွက် မိမိတို့၏ မိတ်ဖက်ဆက်ဆံရေးကို အရှိန်မြှင့်တင်သွားပါမည်။ သည့်အတွက်ကြောင့် မိမိတို့အားလုံးရည်မှန်းထားသော လွတ်လပ်ပွင့်လင်း၍ လက်လှမ်းမီရရှိနိုင်ပြီး မတူကွဲပြားခြင်းများနှင့် ပေါင်းစုံနေသည့် ရှင်သန်နေသော အင်ဒိုပစိဖိတ်ဒေသကြီး ဖြစ်ပေါ်လာမည်ဖြစ်သည်။