မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးအတွက် မြှင့်တင်ခြင်းနှင့် တုံ့ပြန်ခြင်း

သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်
မတ် ၁၀၊ ၂၀၂၁

မြန်မာပြည်သူများသည် ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ၎င်းတို့၏ ပြင်းပြသောဆန္ဒတို့ကို ထုတ်ဖော်ရန် လမ်းများပေါ်သို့ ထွက်၍ ရက်သတ္တပတ် ငါးပတ်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ကြပါသည်။ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များသည် စစ်ခေါင်းဆောင်များ၏အမိန့်အရ လက်နက်မဲ့ ဆန္ဒပြသူများကို ရက်ရက်စက်ဖြင် သေလောက်စွာ တိုက်ခိုက်ခဲ့ကြပြီး အာဏာသိမ်းချိန်မှစ၍ အနည်းဆုံး ၅၃ ဦး သေဆုံးစေခဲ့ပြီးဖြစ်သည်။ ဤသို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို မိမိတို့ ရှုတ်ချပါသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ ဆရာဝန်များ၊ လူ့အခွင့်အရေး ခုခံကာကွယ်သူများ၊ သတင်းထောက်များ၊ ပြည်ထောင်စုခေါင်းဆောင်များနှင့် မိမိတို့၏ အခွင့်အရေးကို ကျင့်သုံးသော သာမန်ပြည်သူ ၁၇၀၀ ကျော်တို့အား ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းထားခြင်းကို မိမိတို့ ရှုတ်ချပါသည်။ ၎င်း၏ ပြည်သူများအပေါ် ဤအကြမ်းဖက်မှု လုပ်ဆောင်ခဲ့သည့် စစ်ခေါင်းဆောင်ပိုင်းကို မိမိတို့ ရှုတ်ချပါသည်။

အကြမ်းဖက်မှုလုပ်ဆောင်ခဲ့သောမြန်မာစစ်ခေါင်းဆောင်များကိုတုံ့ပြန်ရန်၊ အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးတိုးမြှင့်လုပ်ဆောင်ရန်နှင့် စစ်အာဏာရှင်များနှင့် ပတ်သက်ဆက်နွှယ်၍ ငွေရေးကြေးရေးအရအကျိုးအမြတ်ရရှိနေသူများကို ပစ်မှတ်ထား အရေးယူရန်အတွက် အမေရိကန်ပြည်ထောင်စုက ယနေ့ ထပ်မံဒဏ်ခတ်အရေးယူမှုများ ပြုလုပ်လိုက်သည်။ ထို့ကြောင့် သမ္မတအမိန့် ၁၄၀၁၄ နှင့်အညီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၏ အရွယ်ရောက်ပြီး သားသမီးနှစ်ဦးဖြစ်သည့် အောင်ပြည့်စုံ၊ ခင်သီရိသက်နှင့် ၎င်းတို့ တစ်ဦးချင်းစီ ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သော အဖွဲ့အစည်း ခြောက်ခုတို့ကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထည့်သွင်းလိုက်သည်။ အောင်ပြည့်စုံနှင့် ခင်သီရိသက် တို့သည် ကိုယ်ပိုင် ချမ်းသာကြွယ်ဝစေရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ချိတ်ဆက်မှုများကို ကာလကြာရှည် အသုံးချခဲ့ပါသည်။ အကြမ်းဖက်လုပ်ရပ်များကျင့်သုံးမှုနှင့် ဒီမိုကရေစီကိုဖိနှိပ်မှုကြောင့် အာဏာသိမ်း ခေါင်းဆောင်များသော်လည်းကောင်း ၎င်းတို့၏ အရွယ်ရောက်ပြီး ဆွေမျိုးများသော် လည်းကောင်း မည်သူမျှ ဆက်လက်၍အကျိုးအမြတ်မရှိသင့်ပါ။

အာဏာသိမ်းခေါင်းဆောင်များ၊ ဤအကြမ်းဖက်မှုများနှင့် အခြားသော မတရားဖိနှိပ်မှုများအတွက် တာဝန်ရှိသူများနှင့် အစိုးရထံမှ ငွေကြေးအားဖြင့် အကျိုးခံစားနေသူများကို တာဝန်ခံယူမှု တာဝန်ခံရှိစေရေး တိုးမြှင့်လုပ်ဆောင်ရန်အတွက် နိုင်ငံတကာ မိတ်ဖက်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း၍ အတူတကွ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အကြမ်းဖက်မှုဆောင်ရွက်ရေး တိုက်တွန်းသူများနှင့် ပြည်သူများ၏ဆန္ဒများကို ဖိနှိပ်သူများအပေါ် နောက်ထပ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် မိမိတို့ တုံ့ဆိုင်းနေမည်မဟုတ်ပါ။ မြန်မာပြည်သူများကို ပံ့ပိုးသည့်အနေဖြင့် အာဏာသိမ်းခြင်းအတွက် တာဝန်ရှိသူများအပေါ် ဤသို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူ ခြင်းဖြစ်ပါသည်။

ဤအရေးယူမှုသည် မတ်လ ၄ ရက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသို့ တင်ပို့မှုများနှင့် ပြန်လည်တင်ပို့မှုများ၊ ပို့ကုန်စီမံအုပ်ချုပ်ရေးစည်းမျဉ်းများ (EAR) အရ အကဲဆတ်သော ပစ္စည်းများအား မြန်မာနိုင်ငံအတွင်း လွှဲပြောင်းမှုများနှင့် ပတ်သက်သော ကန့်သတ်ချက်အသစ်များ ကိုထပ်လောင်းအားဖြည့်ခြင်းဖြစ်သည်။ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနအပြင် စစ်တပ်ကလုပ်ကိုင်နေသည့် အဖွဲ့အစည်းနှစ်ခု ဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) ကိုလည်း အာဏာသိမ်းမှုအတွက် တာဝန်ရှိသော အဖွဲ့အစည်းစာရင်းထဲ ထည့်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်သော ရက်စက်သည့် အကြမ်းဖက်မှုများ ရှိသော်ငြားလည်း စစ်တပ်အာဏာသိမ်းခြင်းကို ပယ်ချရန် အားထုတ်ကြိုးပမ်းမှုတွင် ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ် ကြံ့ခိုင်ခြင်းကို ဆက်လက် ထုတ်ဖော်ပြသလျက်ရှိသည့် မြန်မာပြည်သူများကို အားပေးထောက်ခံရာတွင် အသံတစ်သံတည်းဖြင့် ညီညီညွှတ်ညွှတ် ထုတ်ဖော်ကြရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန် ပြည်ထောင်စုက တောင်းဆိုပါသည်။ ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရကို အာဏာပြန်လည်ပေးအပ်ရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် တိုက်ခိုက်နေမှုများအားလုံး ရပ်တန့်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းထောက်များ၊ အစိုးရဝန်ထမ်းများနှင့် တက်ကြွလှုပ်ရှားသူများအား တိုက်ခိုက်မှုနှင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် စစ်တပ်ကို မိမိတို့ တိုက်တွန်းပါသည်။

ယနေ့ အရေးယူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တွင်ကြည့်နိုင်ပါသည်။