ချက်ချင်းထုတ်ပြန်ရန်
USAID ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက ငါးမွေးမြူသူများအတွက် ရွှေငါး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို စတင်မိတ်ဆက်
ရန်ကုန်၊ အောက်တိုဘာ ၁၃။ ။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မစ္စအလဲဂရပ်ဘ်စ်သည် ငါးမွေးမြူရေး လုပ်ကိုင်သူများအတွက် အသစ်ရေးဆွဲထားသော ရွှေငါး မိုဘိုင်းဖုန်း အက်ပလီကေးရှင်း (အက်ပ်)ကို အွန်လိုင်းဆွေးနွေးပွဲမှတဆင့် မိတ်ဆက်လိုက်သည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ နိုင်ငံတကာဆက်ဆံရေးနှင့် စီမံကိန်း ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် WorldFish အဖွဲ့မှကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရွှေငါးအက်ပလီကေးရှင်းသည် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့်မိသားစုများကို ငါးများသိုလှောင်နည်း၊ အချိုးကျ အစာရောစပ်ပုံနှင့် အစာကျွေးနည်း၊ ငါးကျန်းမာရေးတို့နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ၊ ငါးမွေးမြူရေးနည်းပညာများအပြင် အာဟာရ၊ ရေနှင့်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများဆိုင်ရာ သတင်းအချက်အလက်များကို ပေးစွမ်းလိမ့်မည်ဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းသည် မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးအခြေပြုအစားအစာစနစ် အားကောင်းလာစေရန် ငါးမွေးမြူသူများအား သွင်းအားစုထောက်ပံ့သူများ၊ ကုန်သည်များ၊ အခြားသူများနှင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။
“စိုက်ပျိုးရေးအတွက် ဆန်းသစ်တီထွင်နည်းပညာတွေကို ပေါင်းစပ်လိုက်ခြင်းဟာ အမျိုးသမီးတွေ၊ လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးအတွက် လက်လှမ်းမှီနိုင်တဲ့ စီးပွားရေးတိုးတက်မှုဖြစ်ပေါ်လာဖို့ မိမိတို့ကူညီပေးနေတဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ လုပ်ကွက်ငယ်ငါးမွေးမြူသူတွေကို အထွက်နှုန်းကောင်းလာဖို့နဲ့ ဒေသတွင်းစျေးကွက်တွေကို ပိုမိုလက်လှမ်းမှီဖို့ ကူညီပေးပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ရပ်ရွာအသိုင်းအဝိုင်းတွေကို ပိုမိုခိုင်မာတဲ့ ငါးမွေးမြူရေးတန်ဖိုးကွင်းဆက်ထဲသို့ ဆက်စပ်ချိတ်ဆက်ပေးရေးကို စီမံကိန်းက အလေးပေးပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ USAID ဌာနေညွှန်ကြားရေးမှူး မစ္စအလဲဂရပ်ဘ်စ်က ပြောကြားခဲ့သည်။
ငါးသည် မြန်မာနိုင်ငံတွင်စားသုံးကြသော တိရစ္ဆာန်ရင်းမြစ်အစားအစာများ၏ ၆၀% ကို ကိုယ်စားပြုလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော ရေချိုနှင့် ပင်လယ်တောရိုင်းငါးအရေအတွက်မှာ ကျဆင်းလာလျက်ရှိနေသည်။ တိုးပွားလာနေသော ငါးဝယ်လိုအားကို ဖြည့်စွက်နိုင်ရန် မြန်မာနိုင်ငံသည် ဖြစ်လာနိုင်သောသဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများကို လျှော့ချရန်နှင့် ငါးမွေးမြူရေးအလေ့အကျင့်များမှာ လူမှုရေးအရလက်ခံနိုင်ပြီး စီးပွားရေးအရ ခိုင်မာမှုရှိရန်အတွက် ရေရှည်တည်တံ့သော ငါးမွေးမြူရေးလုပ်ငန်းကို ဖော်ထုတ်ကျင့်သုံးရန် လိုအပ်မည်ဖြစ်သည်။
ရွှေငါး အက်ပလီကေးရှင်းကို USAID က ငွေကြေးထောက်ပံ့ထားပြီး WorldFish က အကောင်အထည်ဖော်လျှက်ရှိသော ဝင်ငွေတိုးငါးမွေးမြူရေး စီမံကိန်းမှ ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။ ဝင်ငွေတိုးငါးမွေးမြူရေး စီမံကိန်းသည် မြန်မာနိုင်ငံတွင် အထူးသဖြင့် ထိခိုက်လွယ်သော အိမ်ထောင်စုများမှ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ငါးထုတ်လုပ်မှု၊ လုပ်သားများ၏ထုတ်လုပ်နိုင်စွမ်းအား၊ အစားအစာရရှိနိုင်မှုနှင့် ငါးစားသုံးမှုများ တိုးမြင့်လာအောင် ဆောင်ရွက်ပေးနေသော စီမံကိန်းဖြစ်ပါသည်။ ရွှေငါးအက်ပလီကေးရှင်းနှင့် ဝင်ငွေတိုးငါးမွေးမြူရေး စီမံကိန်းတို့သည် အမေရိကန်အစိုးရ၏ Feed the Future ဟုလည်းလူသိများသော ကမ္ဘာလုံးဆိုင်ရာငတ်မွတ်ခေါင်းပါးမှုနှင့် စားနပ်ရိက္ခာဖူလုံရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။
###