ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၃၀၊ ၂၀၁၉
ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် အာရှဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု မြှင့်တင်ရေးဖိုရမ်အား အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီ
ရန်ကုန် ။ ။ အမေရိကန်ပြည်ထောင်စုနှင့် ဒေသတွင်းရှိ သုတေသနပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်သူများသည် နှစ်ရက်ကြာ ဆွေးနွေးပွဲကို ယနေ့မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် အာရှဒေသတွင်းရှိ အခြားသောနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို လျင်မြန်စွာ လျှော့ချနိုင်စေရေး အသိပညာ ဗဟုသုတများ မျှဝေကြရန် ဖြစ်ပါသည်။
၂ဝ၁၅ ခုနှစ်တွင် ပြုလုပ်သော မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံ အချက်အလက်စစ်တမ်း (DHS) မှ အချက်အလက်များအရ အသက်ငါးနှစ်အောက် ကလေးငယ်တို့၏ သုံးပုံတစ်ပုံမှာ ပုံမှန်ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားမှု မရှိကြပါ။ အဆိုပါ ကလေးငယ်များမှာ အာဟာရဓာတ်မပြည့်ဝမှုကြောင့် ပုံမှန်ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာမှု မရှိခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အများစုသည် အာဟာရဓာတ်ပါဝင်မှုနည်းပါးသော၊ အဆင့်ဆင့် ပြောင်းလဲထုတ်လုပ်ထားသော၊ အလွယ်တကူဝယ်ယူစားသုံးနိုင်သော စားသောက်ကုန်များကို စားသုံးနေကြပါသည်။ ယင်းကဲ့သို့ အာဟာရဓာတ်ပါဝင်မှုနည်းပါးသော စားသောက်ကုန်များကို ရွေးချယ်ကာ ဝယ်ယူစားသောက်မှုများကြောင့် အဝလွန်ခြင်းများကို ဖြစ်ပေါ်စေပြီး စားသုံးသူများအား နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်နိုင်ခြေများလည်း ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ‘‘မြန်မာနိုင်ငံနဲ့ အာရှဒေသတစ်ခွင်မှာ ငတ်မွတ်ခေါင်းပါးမှု လျော့ချနိုင်ဖို့နဲ့ အာဟာရဓါတ်ပြည့်ဝတဲ့ အစားအစာတွေကို စားသုံးသူတွေ ပိုမိုလက်လှမ်းမီ ရရှိစေနိုင်ဖို့အတွက် ပုဂ္ဂလိက ကဏ္ဍအနေနဲ့ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်၊ အရည်အသွေးပြည့်မီတဲ့ စားသောက်ကုန်တွေလိုအပ်နေတဲ့ အရေးပါတဲ့ ကမ္ဘာ့ဈေးကွက်ကြီးတွေကြားမှာ မြန်မာနိုင်ငံဟာ တည်ရှိနေပါတယ်။ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံဟာ အလွန် ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာသင့်ပါတယ်’’ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးခြံများနှင့် စားသောက်ကုန် ထုတ်လုပ်သော လုပ်ငန်းများကို ဆောင်ရွက်သည့် အလတ်စားကုမ္ပဏီများ ဖွံ့ဖြိုးလာသည်ကို တွေ့မြင်ရပါသည်။ ယင်းကုမ္ပဏီများသည် အရည်အသွေးပြည့်ဝကာ စံချိန်စံညွှန်းများ ပြည့်မီရန်အတွက် လိုအပ်သည့် ခေတ်မီနည်းပညာနှင့် အတတ်ပညာများကို ရံဖန်ရံခါတွင် လက်လှမ်းမမီသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း ၎င်းတို့သည် အရည်အသွေးမြင့်မားပြီး အာဟာရဓာတ်ပြည့်ဝသော စားသောက်ကုန်များကို တဖြည်းဖြည်း ကြီးထွားလာလျက်ရှိသည့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည့် အလားအလာကောင်းများ ရှိနေပါသည်။
အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ ဌာနေညွှန်ကြားရေးမှူး ထရီဆာမက်ဂီ က “လူတိုင်းအနေနဲ့ ကျန်းမာရေးအတွက် သင့်တော်ပြီး စျေးနှုန်းလည်း သင့်တင့်စွာနဲ့ ရရှိနိုင်မယ့် အစားအစာတွေကို လက်လှမ်းမီနိုင်ဖို့ လိုအပ်ပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အားလုံးပါဝင်နိုင်ပြီး အလျင်အမြန်နဲ့ ပြောင်းလဲအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် မျှော်မှန်းထားတဲ့ ပြည့်စုံကြွယ်ဝမှုတွေကို ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီရည်မှန်းချက် ပြည့်ဝအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
USAID ၏ ပံ့ပိုးကူညီမှုဖြင့် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာမူဝါဒ လေ့လာရေး သုတေသန အင်စတီကျု (IFPRI) ၏ အာရှဒေသဆိုင်ရာ ReSAKSS စီမံကိန်းနှင့် Myanmar Institute for Integrated Development (MIID) တို့မှ ဉီးစီးကာ ယခုဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။
‘‘အာဟာရချို့တဲ့မှုပြသာနာဟာ ရှုပ်ထွေးလှပြီး ကဏ္ဍပေါင်းစုံ ဆက်စပ်ပါဝင်နေတဲ့ ပြသာနာတစ်ရပ်ဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံ အမျိုးသားအာဟာရဆိုင်ရာ စီမံကိန်းမှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်’’ ဟု မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ အကြံပေးတစ်ဉီးဖြစ်ပြီး မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်မှ ပါမောက္ခတစ်ဉီးလည်း ဖြစ်သူ ဒန်ကန်ဘိုတန် က ပြောပါသည်။ တစ်နိုင်ငံအတွင်း သို့မဟုတ် တစ်ခါတစ်ရံတွင် အိမ်ထောင်စုတစ်ခုအတွင်း၌ပင် အာဟာရပြည့်ဝမှုလွန်ကဲခြင်းနှင့် အာဟာရမပြည့်ဝခြင်းတို့ တစ်လှည့်စီဖြစ်ပေါ်ခြင်းကို တွေ့ရှိရပြီး ယင်းကို မျက်မှောက်ခေတ် အာဟာရချို့တဲ့မှုဆိုင်ရာ နှစ်ဆင့်ကဲပြဿနာ ဟု သိထားကြပါသည်။ စိုက်ပျိုးရေး၊ အစားအစာစနစ်နှင့် အာဟာရဆိုင်ရာ မူဝါဒများသည် ပိုမို၍ ရှုပ်ထွေးလာလျက်ရှိပြီး တစ်ခုနှင့် တစ်ခုလည်း ချိတ်ဆက်နေပါသည်။
အာရှဒေသတစ်ခွင်တွင် နည်းပညာအသစ်များကို စမ်းသပ်အသုံးပြုလျက်ရှိနေပြီ ဖြစ်ပါသည်။ ၎င်းနည်းပညာများက ပိုမိုကောင်းမွန်သော အာဟာရဓါတ်များပါသည့် အစားအစာများ ဖြန့်ချိပေးနိုင်ရန် ကူညီပေးနေပါသည်။ အဓိကစားသုံးသော အစားအစာများကို ထိန်းသိမ်းခြင်းနှင့် အာဟာရဓါတ်ပြည့်ဝသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် သွေးအားနည်းခြင်းစသော အန္တရာယ်ရှိသည့် ကျန်းမာရေးအခြေအနေများကို လျှော့ချနိုင်ပြီး မှတ်ဉာဏ်နှင့်သင်ယူမှုဆိုင်ရာ စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေပါသည်။ အဆိုပါအချက်ကို ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် သက်သေ ပြသခဲ့ပြီး ဖြစ်ပါသည်။
IFPRI က ပံ့ပိုးဆောင်ရွက်ပေးနေသော ဒေသတွင်း အသိပညာဖြန့်ဝေရေး ကွန်ရက်တစ်ခု ဖြစ်သည့် အာရှဒေသဆိုင်ရာ ReSAKSS ၏ တွဲဖက်ခေါင်းဆောင်ဖြစ်သူ Xinshen Diao က ‘‘အာရှတစ်ခွင်လုံးမှာ မူဝါဒနဲ့ အစီအစဉ်ကောင်းတွေကြောင့် အာဟာရချို့တဲ့မှုကို ထိရောက်စွာ လျှော့ချနိုင်ခဲ့တယ်ဆိုတာကို အခိုင်အမာသက်သေပြနိုင်တဲ့ ဥပမာတွေ ရှိပါတယ်၊ ဒီအောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေကို အချင်းချင်းပြန်လည်ဝေမျှပြီးတော့ အဓိက ပါဝင်ဆောင်ရွက်နေသူတွေကို ကူညီပံ့ပိုးမှုတွေကတစ်ဆင့် မိမိတို့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကို အရှိန်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီနေ့ အခမ်းအနားဟာ အင်မတန် အရေးကြီးပါတယ်’’ ဟု ပြောကြားခဲ့ပါသည်။
“ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအနေနဲ့ မြန်မာနိုင်ငံအား ပိုမိုပြည့်စုံကြွယ်ဝလာစေရေး အတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ ပြည့်စုံကြွယ်ဝဖို့ဆိုရာမှာ ကျန်းမာရေးက မရှိမဖြစ် အရေးပါပါတယ်၊ ပိုမိုပွင့်လင်းလွတ်လပ်ပြီး အားလုံးပါဝင်နိုင်တဲ့ စီးပွားရေးစနစ်ကို ကူးပြောင်းနိုင်ရေးအတွက် မိမိတို့အနေနဲ့ ကူညီပံ့ပိုးပေးနေပါတယ်၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ရေးဟာလည်း ကျွန်မတို့အနေနဲ့ မြန်မာပြည်သူများအပေါ် ထားရှိတဲ့ ကတိကဝတ်များထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ အားလုံးအတွက် ပိုမိုပြည့်စုံကြွယ်ဝတဲ့ အနာဂတ်တစ်ခု ပေါ်ပေါက်လာစေဖို့အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍများအကြား ချိတ်ဆက်ဆောင်ရွက်မှုတွေဟာ အရေးကြီးတယ်ဆိုတာကို သိရှိနားလည် ထားပါတယ်” ဟု USAID ၏ ဌာနေညွှန်ကြားရေးမှူး ဖြစ်သူ မက်ဂီ က ပြောပါသည်။
### ပြီး ###