ချက်ချင်းထုတ်ပြန်ရန်
စက်တင်ဘာ ၂၆၊ ၂၀၁၉
မြန်မာ့ဖရဲသခွားမွှေးတောင်သူများအား အမေရိကန်ပြည်ထောင်စုမှ ကူညီပံ့ပိုးခြင်း
နေပြည်တော်။ ။ မြန်မာဖရဲသခွားမွှေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေကြသော အမေရိကန်နှင့် မြန်မာ စီးပွားရေးမိတ်ဖက်များသည် ယနေ့ကျင်းပသော #MelonNext အခမ်းအနားတွင်တွေ့ဆုံ၍ မြန်မာ့ဖရဲ သခွားမွှေးကဏ္ဍ ပိုမိုတိုးတက်ရေးအတွက် မဟာဗျူဟာများကို ဆွေးနွေးကြသည်။ ယင်းအခမ်းအနားကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် ယူအက်စ်အေ့ဒ်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ကုန်သည်လုပ်ငန်းရှင်အဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များ၊ တောင်သူများနှင့် မြန်မာ့ဖရဲသခွားမွှေး ကုန်စည် တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းတွင် အဓိကပါဝင်ကြသူများက မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းသို့ ပေးအပ်သည့် ယူအက်စ်အေ့ဒ်၏ စီမံကိန်းအကျိုး သက်ရောက်မှုများကိုဆွေးနွေးခဲ့ကြသည်။
ဖရဲသခွားမွှေးသည် မြန်မာနိုင်ငံ၏အဓိကကျသော ပို့ကုန်သစ်သီးဝလံများဖြစ်ပြီး နိုင်ငံ၏တန်ဖိုးအကြီးဆုံး သစ်သီးဝလံ သီးနှံဖြစ်သည်။ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းသို့ ပေးအပ်သည့် ကုန်ကျစရိတ်မျှဝေကျခံသော စီမံကိန်း ရလဒ်များကြောင့် စိုက်ပျိုးရေး သွင်းအားစုများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်အတွင်းရှိ ဈေးကွက်ဖော်ဆောင် သူများနှင့် ပိုမိုခိုင်မာသောဆက်ဆံရေး တည်ဆောက်နေသည့် အချိန်တွင် ဖရဲသခွားမွှေးတောင်သူများ၏ လုပ်ငန်းများနှင့် ရိတ်သိမ်းချိန်လွန် အလေ့အကျင့်များနှင့် နည်းပညာများလည်း ပိုမိုတိုးတက် လာခဲ့သည်။
“ပုဂ္ဂလိကကဏ္ဍဦးဆောင်မှုနဲ့ အားလုံးပါဝင်နိုင်တဲ့စီးပွားရေးကို မြှင့်တင်ပေးတာဟာ ကိုယ်တိုင်ရပ်တည်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီမယ်ဆိုတဲ့ ယူအက်စ်အေ့ဒ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ Winrock International နဲ့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနဲ့ ကျွန်မတို့ရဲ့လက်တွဲဆောင်ရွက်မှုကတစ်ဆင့် တောင်သူတွေရဲ့ အသင်းအဖွဲ့တွေ၊ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတွေ၊ လယ်ယာကဏ္ဍ ဝန်ဆောင်မှုပေးအပ်တဲ့လုပ်ငန်းမျိုး ပေါ်ပေါက်လာတာတွေ၊ မြန်မာ့လယ်ယာထုတ်ကုန်တွေရဲ့ အရည်အသွေး ပိုမိုကောင်းမွန်ရေးနဲ့ အမြတ်အစွန်းရရှိနိုင်ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍ အသွင်ဆောင် လာတာတွေကို ကျွန်မတို့မြင်တွေ့နေရပါပြီ” ဟု ဆွေးနွေးပွဲအဖွင့်တွင် ယူအက်စ်အေ့ဒ်၏ ဌာနေ ဒုတိယညွှန်ကြားရေးမှူး ပါန်မလား ဖက်ဆန်းဒန်းက ပြောကြားခဲ့သည်။
ယူအက်စ်အေ့ဒ်က ပေးအပ်သော ရန်ပုံငွေအစီအစဉ်သည် စိုက်ပျိုးရေးပစ္စည်း သွင်းအားစုများကို လက်ကား ဝယ်ခြင်း ပုံစံအမျိုးမျိုးရွေးချယ်နိုင်မှု၊ စုပေါင်းရောင်းချမှု၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အာမခံထားရှိမှု၊ အသေးစားချေးငွေများရရှိနိုင်မှု အပါအဝင် ဝန်ဆောင်မှုအသစ်များ ပံ့ပိုးပေးနေသည့် အသင်းဝင်ပေါင်း ၃,၀၀၀ ကျော်ပါဝင်သော တောင်သူအဓိကထားအသင်းတစ်သင်းဖြစ်သည့် မြန်မာဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကို ၂၀၁၈ ခုနှစ်အတွင်းကဖွဲ့စည်းနိုင်အောင်ကူညီပံ့ပိုးခဲ့သည်။ ရလဒ်တစ်ခုအနေဖြင့် မြန်မာဖရဲသခွားတောင်သူများသည် အရည်အသွေးမြင့် သစ်သီးဝလံများအတွက် ဈေးကွက်သစ်လမ်းကြောင်း များကို စတင်ရှာဖွေနေပြီဖြစ်ပြီး စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများကို ကျင့်သုံးနေပြီဖြစ်သည်။ တောင်သူများအတွက် တည်ငြိမ်သောစျေးနှုန်း/ဈေးကောင်းရရှိရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ နိုင်ငံ၏ပထမဆုံး စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများကျင့်သုံးသော ဖရဲသီးနှင့်သခွားမွှေးစိုက်ပျိုး ထုတ်လုပ်ရေးဇုန်များအတွက် အစီအစဉ်များ ရေးဆွဲနေပြီဖြစ်သည်။ ယူအက်စ်အေ့ဒ်၏အကူအညီဖြင့် အသင်းနှစ်သင်းသည် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ MyanTrade နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဖြင့် အမျိုးသားအဆင့် ဖရဲသခွား တင်ပို့ရောင်းချရေး မဟာဗျူဟာတစ်ရပ် စတင်ရေးဆွဲနိုင်ပြီ ဖြစ်ပြီး ဖရဲသခွားသီးနှံအတွက် ပထမဆုံးအမျိုးသားအဆင့်စံချိန်စံညွှန်းသတ်မှတ်ချက်များကို အပြီးသတ် ရေးဆွဲလျက်ရှိသည်။
အပြန်အလှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရင်း ပိုမို၍အားလုံးပါဝင်နိုင်ပြီး ပွင့်လင်းသော စီးပွားရေးဆီသို့ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို ဒေါ်လာ ၂၇ သန်းတန် ယူအက်စ်အေ့ဒ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကုန်စည်တန်းဖိုးမြှင့်ကွင်းဆက်စီမံကိန်း အစီအစဉ်များနှင့် အခြားသောကြိုးပမ်းအားထုတ်မှုများက တစ်ဆင့် မြှင့်တင်ပေးရန်အတွက် အမေရိကန်သံရုံးက ရည်မှန်းချက် ချထားပါသည်။ ဤအစီအစဉ်သည် ချင်း (ဂျင်း)၊ ပဲပုပ်၊ ဖရဲသခွားနှင့် နှမ်းသီးနှံကဏ္ဍအတွင်းရှိ တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများနှင့် လက်တွဲ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်။
### ပြီး ###