လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်၏ အောက်တိုဘာ ၂၇-၃၀၊ ၂၀၁၉ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်သံရုံး သတင်းထုတ်ပြန်ချက်

ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၃၀၊ ၂၀၁၉

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်၏ အောက်တိုဘာ ၂၇-၃၀၊ ၂၀၁၉ ခရီးစဉ်နှင့်ပတ်သက်၍

အမေရိကန်သံရုံး သတင်းထုတ်ပြန်ချက်

 

မြန်မာပြည်သူများ လိုလားတောင့်တနေသည့် ပိုမိုငြိမ်းချမ်းမှု၊ သာယာဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ရေရှည်အားပေး ထောက်ခံသွားမည့်အကြောင်း  အောက်တိုဘာ ၂၇-၃၀ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်က ထပ်လောင်းအတည်ပြုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများနှင့်အတူ လက်တွဲဖက်အနေဖြင့်ရော၊ မိတ်ဆွေအနေဖြင့်ပါ ဆက်လက်ထိတွေ့ဆက်ဆံသွားမည့်အကြောင်း ရန်ကုန်၊ စစ်တွေနှင့် နေပြည်တော်တွင် အစိုးရ၊ လူမှုအသိုက်ဝန်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်က အထူးအလေးပေးပြောကြားခဲ့ပါသည်။

လက်ထောက်ဝန်ကြီး စတေးဝဲလ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အကူးအပြောင်းနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် အမေရိကန် ပြည်ထောင်စုက ဆက်လက်အားပေးကူညီနေမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပဋိပက္ခဖြစ်ပွားရာ အရပ်များ၌ မကျေနပ်မှုများ၏ အကြောင်းရင်းခံ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေးအပါအဝင် နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ လက်ထောက်ဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအပြင် အရပ်ဘက်အဖွဲ့အစည်းမျိုးစုံမှ ခေါင်းဆောင်များ၊ ဒေသခံလူမှုအသိုက်အဝန်းမျိုးစုံမှ အကြီးအကဲများနှင့်လည်း တွေ့ဆုံ၍ စီးပွားရေးအသွင်ကူးပြောင်းမှု အတွက် အားပေးကူညီမှုအကြောင်းနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လိုအပ်သည့်အကြာင်းတို့ကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။

လက်ထောက်ဝန်ကြီးစတေးဝဲလ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပါဝင်သော ၂၀၁၉၊ အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ရ ရက် ဒေသတွင်းခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။

### ပြီး ###