ကျောင်းသားဗီဇာ ရက်ချိန်းပေးမည့်အစီအစဉ်ကို အမေရိကန်သံရုံးက ပြန်လည်ဆောင်ရွက်ပေးခြင်း
သတင်းထုတ်ပြန်ချက်
မေ ၁၁၊ ၂၀၂၁
ရန်ကုန်။ ။ အမေရိကန်သံရုံး ကောင်စစ်ဌာနသည် ယခုလအတွင်း မကြာမီကာလ၌ ကျောင်းသားဗီဇာ လျှောက်လွှာများအတွက် လူတွေ့အင်တာဗျူးအစီအစဉ်များ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပညာဆက်လက်ဆည်းပူးသင်ယူနိုင်သည့် အခွင့်အလမ်းရရှိသင့်ပါသည်။ ယဉ်ကျေးမှုနှင့်ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ရေး အစီအစဉ်များ စီစဉ်ပံ့ပိုးမှုအပါအဝင် ပြည်သူလူထု၏ ဆန္ဒလိုလားမှုများဖြစ်သော တောက်ပသည့် အနာဂတ်တစ်ခုအတွက် အားပေးပံ့ပိုးသွားရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ရည်သန်ကတိပြုထားပါသည်။
ကျောင်းသားဗီဇာလျှောက်ထားရန်စိတ်ဝင်စားသူများအနေဖြင့် လျှောက်လွှာလိုအပ်ချက်များနှင့် အခြားသတင်းအချက်အလက်အကြောင်းအရာများကို https://mm.usembassy.gov/visas/study-exchange/ တွင်ကြည့်ရှုလေ့လာနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူနိုင်ရေးအတွက် စူးစမ်းလေ့လာရန်စိတ်ဝင်စားသည့်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ရန်ကုန်နှင့် မန္တလေးတွင်ရှိသော အမေရိကန်ပညာရေး (မြန်မာနိုင်ငံရုံး) ၏ အကြံပေးများထံမှ ကြိုတင်ရက်ချိန်းယူ၍ ပညာရေးဆိုင်ရာအကြံဉာဏ်များကို အွန်လိုင်းကတစ်ဆင့် အခမဲ့ ရယူနိုင်ပါသည်။ (မြန်မာနိုင်ငံအတွင်း မည်သည့်အရပ်ဒေသက ကျောင်းသူ၊ ကျောင်းသားအားလုံးကို ကြိုဆိုနေပါသည်။) https://www.facebook.com/EducationUSABurma
ကိုဗစ်-၁၉ စတင်ပြန့်ပွားလာမှုကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ကျောင်းသားဗီဇာ လူတွေ့အင်တာဗျူးများကို အမေရိကန်သံရုံးက မတ်လ ၂၀၂၀ တွင်ဆိုင်းခံ့ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ရဆဲဖြစ်ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အသစ်အရ အမေရိကန်သံရုံးတွင် ကိုဗစ်-၁၉ နှင့်သတိထားရမည့် ကန့်သတ်ချက်များကိုလိုက်နာ၍ ကျောင်းသားဗီဇာအတွက် လူတွေ့အင်တာဗျူးများဆောင်ရွက်ရန်ခွင့်ပြုလိုက်ပါသည်။
### ပြီး ###