ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၂၄၊ ၂၀၁၉
ရန်ကုန်၊ မြန်မာ။ ။ ဆေးတက္ကသိုလ် (၁) တွင်ပို့ချသော ပထမဆုံးအကြိမ် ကလေးနှင့်ကြီးကောင်ဝင်အရွယ် စိတ်ရောဂါကုသရေး သင်တန်းမှ ကျောင်းသူ/ကျောင်းသား ၁၀ ဦး ယခုသီတင်းပတ်အတွင်း သင်တန်းပြီးဆုံးသွားသည့်အတွက် အမေရိကန် သံရုံးက ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ကျောင်းသူ/ကျောင်းသား ၁၀ ဦးသည် အမေရိကန်ဖူးလ်ဘရိုက်ပညာရှင် ဂျော့ချ်စတီးဝပ် ရေးဆွဲပို့ချသော ခုနစ်လခွဲကြာ သင်တန်းကိုတက်ရောက်ပြီးဆုံးခဲ့ခြင်းဖြစ်ပါသည်။ ဒေါက်တာစတီးဝပ်သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တက္ကသိုလ်များအဖွဲ့အစည်းများနှင့်လက်တွဲဆောင်ရွက်လျက်ရှိသည့် ဖူးလ်ဘရိုက်ပညာရှင် ခုနစ်ဦး အတွင်းမှ တစ်ဦးဖြစ်ပါသည်။
ဖူးလ်ဘရိုက်ပညာရှင် ဂျော့ခ်ျစတီးဝပ်သည် ယခုနှစ်အစောပိုင်းက ဆေးတက္ကသိုလ် (၁) တွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ဖြစ်သော ကလေးနှင့်ကြီးကောင်ဝင်ချိန်အရွယ် စိတ်ရောဂါကုသမှုဆိုင်ရာ ပထမဆုံး သင်တန်းတစ်ခုကို ရေးဆွဲကာ ဦးဆောင် ပို့ချခဲ့ခြင်းဖြစ်သည်။ ဖူးလ်ဘရိုက်အစီအစဉ်ကို မိမိတို့လူ့အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရေး၊ အသိပညာများ မျှဝေရေးနှင့် လူနေမှုဘဝများ တိုးတက်ရေးဟူသော ရည်မှန်းချက်များဖြင့် ၁၉၄၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။
“ဒီအစီအစဉ်အတွက် ဂျော့ချ်စတီးဝပ်ကတော့ အကောင်းဆုံး နမူနာတစ်ခု ဖြစ်ပါတယ်။ ကျောင်းသားတွေက ဆရာတွေဆီက သင်ယူလေ့လာရသလို ဆရာတွေကလည်း ကျောင်းသားတွေဆီကနေ လေ့လာသင်ယူ ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အခုလို ကလေးနဲ့ကြီးကောင်ဝင်ချိန်အရွယ် စိတ်ရောဂါဆိုင်ရာ အစီအစဉ်နဲ့အတူ မြန်မာနိုင်ငံအတွင်းက ကလေးငယ်တွေရဲ့ ဘဝတွေ တိုးတက်စေနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့က ပြုလုပ်သော သင်တန်းဆင်းပွဲတွင် သံရုံးဒုတိယအကြီးအကဲ ဂျော့ချ်ဆစ်ဘလီက ပြောပါသည်။
“အခုလိုသင်တန်းတစ်ခုဆိုတာမျိုးက အစလေးပဲရှိပါသေးတယ် ရှေ့မှာဆက်ပြီးလေ့လာဖို့အတွက် အခြေခံအနေနဲ့ ပံ့ပိုးပေးတာပါ” ဟု ဖူးလ်ဘရိုက်ပညာရှင် ဂျော့ချ်စတီးဝပ်ကလည်း သင်တန်းဆင်းပွဲတွင်ပြောကြားခဲ့ပါသည်။ “သူတို့နဲ့ တွေရမယ့် ဝေဒနာရှင်တွေ ဘယ်လိုကြုံတွေ့ရမလဲဆိုတာထင်ဟပ်နိုင်ဖို့အတွက် အတန်းထဲမှာ ကျွန်တော်က ကျောင်းသား တွေကို ပွင့်လင်းစေချင်ပါတယ်” ဟု ၎င်းကထပ်မံထည်းသွင်းပြောကြားသည်။
ကလေးနှင့်ကြီးကောင်ဝင်ချိန်အရွယ် စိတ်ရောဂါဆိုင်ရာ သင်တန်းအစီအစဉ်ကို စိတ်ရောဂါကုဆရာဝန်များနှင့်အတူ ဆေးတက္ကသိုလ် (၁) နှင့် လက်တွဲ၍ ရေးဆွဲပို့ချဆောင်ရွက်ခွင့်ရသည့်အတွက် အမေရိကန်သံရုံးက ဝမ်းမြောက် ဂုဏ်ယူရပါသည်။ ဤသည်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ခိုင်မာအားကောင်း၍ ကျန်းမာကြံ့ခိုင်သော လူမှုအသိုက် အဝန်းများ တည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
### ပြီး ###