နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်

နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်

 

သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်
နိုဝင်ဘာ ၇၊ ၂၀၂၁

မြန်မာနိုင်ငံသည် အစိုးရသစ်တစ်ရပ်ရွေးကောက်တင်မြှောက်ရန်အတွက် လွန်ခဲ့သောတစ်နှစ်က ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည်။ ရွေးကောက်ပွဲသည် ရတက်ပွားစရာအချို့ရှိခဲ့သော်လည်း အများကယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့သည်ဟု လွတ်လပ်၍အမှီအခိုကင်းသော လေ့လာစောင့်ကြည့်သူများက အစီရင်ခံခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်၏အာဏာသိမ်းမှုက ဒီမိုကရေစီအတွက်ထားရှိသည့် မြန်မာပြည်သူလူထု၏ ကတိကဝတ်ကိုဖယ်ရှားရန်ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်သည့် အဆိုပါရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည်။ စစ်တပ်၏ နောက်ဆက်တွဲလုပ်ဆောင်လျက်ရှိသော အကြမ်းဖက်ဖြိုခွင်းမှုများက လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများကို ပိုမိုထိပါးနှောက်ယှက်နေခဲ့ပြီး မြန်မာပြည်သူလူထုက ပြတ်သားစွာတောင်းဆိုခဲ့ပြီး ယခုတိုင်တောင်းဆိုလျက်ရှိသည့် စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်ဆီသို့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်စေခဲ့သည်။

ဤ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနှစ်ပတ်လည်နေ့တွင် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနှင့် နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော၊ ယင်းသို့ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြရသော အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်အပါအဝင် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုပါသည်။ ဤကိစ္စရပ်များနှင့်အခြားသော ဖိနှိပ်ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားရန် အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားပါသည်။ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးရန်နှင့်မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ရန် စစ်အာဏာရှင်ကိုတောင်းဆိုကြောင်း မိမိတို့ထပ်လောင်းပြောကြားပါသည်။

###