ကယားပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

ချက်ချင်းထုတ်ပြန်ရန်
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၂၁ 

ကယားပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများအပေါ်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်၏ ထုတ်ပြန်ချက် 

 

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်တွင် ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများအပေါ် အမေရိကန်ပြည်ထောင်စုမှ ကန့်ကွက်ရှုတ်ချပါသည်။ အနည်းဆုံး လူ၃၅ဦးခန့် သေဆုံးခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ပါသည်။ ယခုလတ်တလော ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်အပေါ် မိမိတို့  စိုးရိမ်မိပါသည်။ အပြစ်မဲ့ပြည်သူများနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများကို ပစ်မှတ်ထားခြင်းကို လက်ခံနိုင်စရာ မရှိပါ။ မြန်မာပြည်သူများအပေါ် စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့် ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များသည် စစ်တပ်တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေ၍ စစ်တပ်အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေသည့်အစဉ်အလာကို အလျင်အမြန် အဆုံးသတ်ရန်လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤရည်မှန်းချက်အတိုင်းဆက်လက်အကောင်အထည်ဖော်ရန်နှင့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ဖက်/အရပ်ဖက်သုံး နည်းပညာများအား စစ်တပ်သို့ရောင်းချမှုရပ်ဆိုင်းခြင်းကဲ့သို့သော မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးတားဆီးမှုမျိုးကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရပါမည်။

ဖေဖော်ဝါရီ ရက် အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၄င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားပါမည်။ တစ်ဖက်မှလည်း  မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သည်။ လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူများ၏လုံခြုံရေး သေချာမှုရှိစေရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသည့်သူများအား လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရန် မြန်မာစစ်အာဏာရှင်ကို မိမိတို့ တောင်းဆိုပါသည်။