ချက်ချင်းထုတ်ပြန်ရန်
ဇန်နဝါရီ ၁၉၊ ၂၀၂၁
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အမေရိကန်သံအမတ်သစ်က၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်း
ရန်ကုန်မြို့။ ။ သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါ သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံသို့ ယနေ့ပေးအပ်ခဲ့ပါသည်။
နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်ရန်ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို သံအမတ်ကြီး ဗိုက်ဒါ က အထူးအလေးပေးပြောကြားခဲ့ပါသည်။ “မြန်မာနိုင်ငံမှာ မကြာသေးမီ နှစ်တွေအတွင်းက အကြီးအကျယ် ပြောင်းလဲခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် အတူတကွလက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကတော့ မပြောင်းလဲဘဲ ဆက်လက်ပြီး ရှိနေပါတယ်” “ရှေ့လာမယ့်နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက ပြည်သူတွေအကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက်လည်း ကျွန်တော်မျှော်လင့်လျက်ရှိနေပါတယ်” ဟု သံအမတ်ကြီးဗိုက်ဒါ က ပြောပါသည်။
သံအမတ်ကြီးဗိုက်ဒါ သည် ၎င်း၏နေပြည်တော်ခရီးစဉ်အတွင်း အမေရိကန်–မြန်မာဆက်ဆံရေး ပိုမိုအားကောင်း စေရေးအတွက် မြန်မာအစိုးရ၏ အခြားသောအကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။
သံအမတ်ကြီး ဗိုက်ဒါသည် ယခင်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သံရုံးဒုတိယအကြီးအကဲ အဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ သံအမတ်ကြီးနှင့်အတူ ဇနီးဖြစ်သူ အေမီဆေဘေ့စ်နှင့် သမီးနှစ်ဦးအနက် တစ်ဦးဖြစ်သူလည်း မြန်မာနိုင်ငံသို့ အတူလိုက်ပါလာခဲ့ပါသည်။
### ပြီး ###