အိပ်ချ်အိုင်ဗီ/အေ့ဒ်စ် ပပျောက်ရေး မြန်မာ-အမေရိကန် မိတ်ဖက်လက်တွဲဆောင်ရွက်မှု

အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ် ပပျောက်ရေး မြန်မာအမေရိကန် မိတ်ဖက်လက်တွဲဆောင်ရွက်မှု

ဒီဇင်ဘာ ၁၊ ၂၀၂၀
ကွမ်ကတ်နို
သံရုံးယာယီတာဝန်ခံ

ဒီနှစ်ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ကို ကျွန်မတို့ဟာ မတူညီတဲ့ ကမ္ဘာ့ကပ်ရောဂါ အသစ်တစ်ခုနဲ့အတူ ဆက်စပ်ပြီးဆင်နွှဲကြရပါတယ်။ ကျွန်မတို့ မိသားစုတွေနဲ့ လူမှုအသိုက်အဝန်းတွေရဲ့ ကျန်းမာခြင်းနဲ့ချမ်းသာခြင်းသုခ နေ့စဉ်ဘဝတွေရှေ့တန်းဆီကို ရောက်ရှိလာခဲ့တဲ့အရာပါ။ ဒီနေ့အခါမှာ ကိုဗစ်-၁၉ တုံ့ပြန်ရေးအတွက် အမေရိကန်ပြည်ထောင်စုဟာ မြန်မာနဲ့အတူလက်တွဲဆောင်ရွက်နေသလို၊ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် တုံ့ပြန်တိုက်ဖျက်ရေးအတွက်လည်း ဟိုယခင်ကတည်းက လက်တွဲဆောင်ရွက်လာခဲ့ပါတယ်။ အခုလို ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့မှာ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ကြောင့် သူတို့ရဲ့ မိသားစုဝင်တွေဆုံးရှုံးခဲ့ရပြီး ဒီကူးစက်ရောဂါရပ်တန့်ရေးအတွက် လုပ်ဆောင်နေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်သူတွေကိုယ်စား ကျွန်မက ချီးကျူးဂုဏ်ပြုပါရစေ။ မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ်ကစပြီး အမှန်တကယ်တိုးတက်မှုတွေဖော်ဆောင်နိုင်ခဲ့ပါတယ်။ အိပ်ချ်အိုင်ဗီ ကူးစက်မှု ၃၆ ရာခိုင်နှုန်းလျှော့ချနိုင်ခဲ့တာပါ။ ဒါဟာတစ်ကမ္ဘာလုံးပျှမ်းမျှအတိုင်းအတာထက် ပိုပါတယ်။ နောက်ပြီး ခုခံအားကျဆင်းမှုရောဂါနဲ့ဒွန်တွဲပြီးဖြစ်တတ်တဲ့ရောဂါတွေကြောင့် သေဆုံးမှုကလည်း ၃၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့တာပါ။ အခုဆိုရင် အိပ်ချ်အိုင်ဗီ ပိုးကူးစက်ခံထားရတဲ့ လူ လေးဦးမှာ သုံးဦးကလည်း အေအာတီဆေးဝါးတွေရရှိနေပြီဖြစ်တဲ့အတွက် ကျန်းမာပြီး တန်ဖိုးရှိတဲ့ စွမ်းဆောင်ရည်မြှင့်မားတဲ့ ဘဝခရီးကို ဆက်လက်လျှောက်လှမ်းနေနိုင်ပါပြီ။ အခုလို အောင်မြင်မှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့  မြန်မာနဲ့လက်တွဲပြီးဆောင်ရွက်ခွင့်ရတဲ့အတွက် ကျွန်မ ဝမ်းသာဂုဏ်ယူလို့မဆုံးပါဘူး။

ကိုဗစ်-၁၉ နဲ့ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် တုံ့ပြန်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာလည်း အိပ်ချ်အိုင်ဗီ ပိုးနဲ့နေထိုင်နေရသူတွေ ဆက်လက်ပြီး ဆေးဝါးကုသမှုခံယူနိုင်ရေးအတွက် အသေအချာဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဆောတလျင်တုံ့ပြန်နိုင်ရေးအတွက် ပက်ဖာ (PEPFAR) လို့ခေါ်တဲ့ အမေရိကန်သမ္မတရဲ့ ခုခံအားကျဆင်းမှုရောဂါကယ်ဆယ်ရေး အရေးပေါ်အစီအစဉ်နဲ့ လက်တွဲပြီး စီမံဆောင်ရွက်ပေးနိုင်ခဲ့ကြတဲ့ မြန်မာပြည်သူတွေ၊ ကျန်းမာရေးလုပ်သားတွေအားလုံးကို ကျွန်မ ချီးကျူးပါတယ်။ ပက်ဖာက ပံ့ပိုးထားတဲ့ဒေသမှ အိပ်ချ်အိုင်ဗီ ပိုးနဲ့နေထိုင်နေထိုင်သူ ၈၇ ရာခိုင်နှုန်းအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိပ်ချ်အိုင်ဗီ ပိုးနဲ့နေထိုင်နေထိုင်သူ ၆၀ ရာခိုင်နှုန်းကျော်ဟာ အသက်တမျှအရေးကြီးတဲ့ ဆေးဝါးတွေ မပြတ်လတ်ဖို့အတွက် လရှည်ဆေးဝါးထောက်ပံ့မှုတွေရရှိခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ အချိန်မှာပါ။ ဆေးကုသဖို့လိုအပ်တဲ့နေသူတွေအတွက်လည်း ပက်ဖာက ပံ့ပိုးထားတဲ့ ဆေးခန်းတွေကနေပြီး ကြိုတင်ရက်ချိန်းယူတဲ့စနစ်နဲ့ လူနာစောင့်နေရာတွေကို ဆေးခန်းအပြင်ဘက်မှာ ပိုးသတ်ထားတဲ့ တကိုယ်ရေကျန်းမာရေးစနစ်နဲ့ရော လူမှုရေးအရခပ်ခွာခွာနေရတဲ့ စနစ်ကိုပါကျင့်သုံးပြီး ဆောင်ရွက်ပံ့ပိုးပေးခဲ့ပါတယ်။

အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် အဆုံးသတ်ရေးအတွက် မိမိတို့၏ မိတ်ဖက်လက်တွဲမှုကို ထပ်လောင်းကတိပြုခြင်း

အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ပပျောက်ရေးမြန်မာနိုင်ငံ တိုးတက်မှုဟာ ကျန်းမာရေးလုပ်သားတွေနဲ့ ကျန်းမာရေးလုပ်သားတွေ ထိတွေ့ဆောင်ရွက်ကြရတဲ့ လူမှုအသိုက်အဝန်းတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုအပေါ်မှာ အရင်းခံပါတယ်။ အသက်တွေကယ်တင်နိုင်ရေးနဲ့ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ကိုတုံ့ပြန်ဆောင်ရွက်ရေး အတွက် ကျွန်မတို့ရဲ့ လက်တွဲလုပ်ဆောင်မှုတွေရဲ့ အကျိုးသက်ရောက်မှုကို ကျွန်မ တကယ်ပဲ အထင်ကြီး လေးစားရပါတယ်။ အထူးသဖြင့် အခုလို  ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကာလလို စိန်ခေါ်မှုတွေနဲ့အချိန်အတွင်းမှာပေါ့။ ကျန်းမာရေးကဏ္ဍမှာ ကျွန်မတို့ရဲ့ ခိုင်မာတဲ့မိတ်ဖက် လက်တွဲဆောင်ရွက်နေမှုအစိတ်အပိုင်းအနေနဲ့ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ကူးစက်ရောဂါ ပပျောက်ရေးအတွက် ပက်ဖာ ကတစ်ဆင့် မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် အမေရိကန်ပြည်ထောင်စုက အပြည့်အဝသန္နိဋ္ဌာန်ချထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ပက်ဖာဟာ ၂၀၁၃ ခုနှစ်ကစပြီး ဒေါ်လာ ၇၀.၃ သန်းကျော်ထည့်ဝင်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအတွက် ပက်ဖာရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ကမ္ဘာလုံးဆိုင်ရာ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမေရိကန်အစိုးရက ထည့်ဝင်တဲ့ ဒေါ်လာ ၈၅ ဘီလီယံရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ဒီရောဂါတစ်ခုတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တစ်ခြားနိုင်ငံတွေထက် အများဆုံးကတိပြုထားတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) ကို အလှူငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အခုလိုထည့်ဝင်ဝင်မှုဟာ Global Fund ရံပုံငွေအားလုံးရဲ့ သုံးပုံတစ်ပုံရှိပြီး Global Fund ဟာ မြန်မာနိုင်ငံအတွင်းကို ၂၀၀၃ ခုနှစ် စတင်ဝင်ရောက်စဉ်ကတည်းကစပြီး မြန်မာနိုင်ငံရဲ့ အိချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရန်ပုံငွေအများဆုံးထောက်ပံ့ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

အိပ်ချ်အိုင်ဗီ ကူးစက်ရန် အန္တရာယ်မြင့်မားသော ဦးတည်အုပ်စုများအပေါ် အထူးအာရုံစိုက်ရန် ထပ်လောင်းအတည်ပြုခြင်း

ကျွန်မတို့မှာ အတူလက်တွဲဆောင်ရွက်စရာတွေအများကြီးရှိနေပါတယ်။ အထူးသဖြင့် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရဖို့အန္တရာယ်ရှိတဲ့ ဦးတည်အုပ်စုတွေအတွက်ပါ။ အတူတကွလက်တွဲဆောင်ရွက်ရင်း အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ပပျောက်ရေးအတွက် ဘယ်ဟာတွေကအလုပ်ဖြစ်မလဲဆိုတာ ကျွန်မတို့တတွေ လေ့လာသိရှိခဲ့ကြပါတယ် — အရည်အသွေးမြင့်ပြီး ဝန်ဆောင်မှုရယူသူတွေကိုဗဟိုပြုတဲ့စနစ်တွေ — ဝန်ဆောင်မှုရယူသူတွေရှိတဲ့နေရာထိ ကွင်းဆင်းပြီး သူတို့လိုအပ်တာတွေကို ဆောင်ရွက်ပေးနိုင်ဖို့ပါ။ မြန်မာနိုင်ငံနဲ့လက်တွဲဆောင်ရွက်မှုလုပ်ငန်းစဉ်အတွင်း ကျန်းမာရေးစနစ်၊ အိပ်ချ်အိုင်ဗီ စောင့်ကြည့်မှုပိုမိုအားကောင်းရေး၊ ရောဂါရှာဖွေရေးဓာတ်ခွဲဝန်ဆောင်မှု၊ ကုသမှုစောင့်ကြည့်ရေး၊ အရေးကြီးတဲ့ အရည်အသွေးနဲ့ လစ်ဟာမှုမရှိအောင်ရေရှည်ထိန်းထားနိုင်ရေး စတာတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပက်ဖာကတစ်ဆင့် ဆက်လက်ထည့်ဝင်သွားမှာဖြစ်ပါတယ်။ အခုလိုထည့်ဝင်မှုတွေကနေပြီး မြန်မာနိုင်ငံအတွင်း ဆန်းသစ်တဲ့ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ဝန်ဆောင်မှုလုပ်ငန်း ကနဦးခြေလှမ်းတွေကို အကောင်အထည်ဖေါ်စတင် ပေးနိုင်ခဲ့ပါတယ်။ အဲဒီအထဲမှာ —

Pre-exposure Prophylaxis ခေါ် (PrEP) ဆေး — အိပ်ချ်အိုင်ဗီ ရောဂါပိုးကူးစက်ဖို့ အန္တရာယ်ရှိတဲ့ လူအုပ်စုတွေအကြား ကြိုတင်ကာကွယ်နိုင်ဖို့အတွက် နေ့စဉ်ပုံမှန်သောက်သုံးရတဲ့ ဒီစွမ်းရည်ပြည့်ဆေးအသစ်ကို ၂၀၂၀ မှာ စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။ လိင်ကတစ်ဆင့် အိပ်ချ်အိုင်ဗီ ကူးစက်မှုအန္တရာယ် နဲ့ သွေးကြောထဲထိုးသွင်းအသုံးပြုရတဲ့ပစ္စည်းကိရိယာတွေကတစ်ဆင့် အိပ်ချ်အိုင်ဗီ ရောဂါပိုးကူးစက်ခြင်းကနေ ၇၄ ရာခိုင်နှုန်းအကာကွယ်ပေးတဲ့  အားကောင်းတဲ့ အိပ်ချ်အိုင်ဗီကာကွယ်ရေးနည်းလမ်း နောက်တမျိူးဖြစ်ပါတယ်။
ဗြူဘရွန်နောဖိန်း (Buprenorphine)- ဒီ ထိရောက်တဲ့ ဗြူဘရွန်နောဖိန်း ဆေးဟာ မက်သာဒုန်း အစားထိုးကုထုံးနည်းတူ  မူးယစ်ဆေးအပေါ်မှီခိုနေသူတွေအတွက် အစားထိုးကုထုံးနောက်တမျိူးဖြစ်ပါတည်။ မူးယစ်ဆေးအပေါ်မှီခိုနေသူတွေအတွက် ဆေးထိုးအပ်မျှဝေသုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူတွေအတွက်ဆေးခန်း (ထရန်စ်ဂျဲန်ဒါ -Transgender clinic) — မြန်မာနိုင်ငံမှာ ထရန်စ်ဂျဲန်ဒါ တွေအတွက် ပထမဆေးခန်းဖြစ်လာမှာဖြစ်ပြီး ထရန်စ်ဂျဲန်ဒါ တွေကို အသိအမှတ်မှုတွေ၊ ပါဝင်ဆောင်ရွက်နိုင်မှုတွေမြှင့်တင်လာနိုင်အောင် ဦးတည်ဆောင်ရွက်မှုနဲ့အတူ ထရန်စ်ဂျဲန်ဒါ အသိုင်းအဝိုင်းအတွက် ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
အိပ်ချ်အိုင်ဗီ ရှိမရှိ မိမိကိုယ်တိုင်စစ်ဆေးခြင်း — ဒီဝန်ဆောင်မှုကို ၂၀၂၀ မှာစတင်ပြင်ဆင်ခဲ့ပြီး တကြိမ်တခါမှ အိပ်ချ်အိုင်ဗီ ရှိမရှိ မစစ်ဆေးဖူးသူတွေ ၊ဆေးရုံ၊ ဆေးခန်းမသွားလိုသူတွေဆီ ရောက်ရှိနိုင်အောင် ဒီနည်းက ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။

ဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်လှုပ်ရှားမှုကို အားသစ်လောင်းခြင်း

အခုလိုဝန်ဆောင်မှုတွေရရှိနေပေမဲ့လည်း လူတွေဟာ အထူးသဖြင့် အိပ်ချ်အိုင်ဗီကူးစက်ဖို့ အန္တရာယ်မြင့်မားတဲ့ ဦးတည်လူအုပ်စုတွေအနေနဲ့ အဲဒီလိုနေရာတွေကို မသွားလိုကြပါဘူး။ ဂျဲန်ဒါတန်းတူညီမျှမရှိမှု၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု၊ ဘဝအမဲစက်နဲ့ ခွဲခြားဆက်ဆံခံရမှု စတဲ့ အတားအဆီးတွေကြုံတွေ့ရနိုင်တဲ့အတွက်ပါ။

ဒါနဲ့ပတ်သက်ပြီး မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေအတွက် အန္တရာယ်လျှော့ချရေးလုပ်ငန်းနဲ့ ပြည်သူ့ကျန်းမာရေးချဉ်းကပ်မှုကို အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ကိုကျွန်မ ချီးကျူးအားပေးပါတယ်။ နောက်အဆင့်အနေနဲ့ကတော့ ဒီမူဝါဒကို အောက်ခြေအဆင့်အထိ အပြည့်အဝအသုံးချ ဖော်ဆောင်နိုင်ရေးပါ။

အလားတူပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ကြောက်ရွံ့မှုမရှိဘဲရယူနိုင်ဖို့ ရှာဖွေနေတဲ့ အမျိုးသမီးလိင်လုပ်သားတွေ၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူတွေ၊ ထရန်စ်ဂျဲန်ဒါတွေအတွက်လည်း ကောင်းမွန်တဲ့ ဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲရေးရှိဖို့ အရေးကြီးသလို ဒါဟာ ကူးစက်ရောဂါပြန့်ပွားမှု အဆုံးသတ်ရေးဆိုတဲ့ မြန်မာနိုင်ငံရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနဲ့ ပုဒ်မ ၃၇၇ စတဲ့ ပြစ်မှုပြစ်ဒဏ်ဇောင်းပေးတဲ့ ဥပဒေနှင့် မူဝါဒတွေဟာ ဒီဦးတည်အုပ်စုတွေကို အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ်  ကုသရေးဝန်ဆောင်မှုရယူရာမှာ အဟန့်အတားဖြစ်စေသလို မြန်မာနိုင်ငံရဲ့ရည်မှန်းချက်ပန်းတိုင် ဆက်လက်တိုးတက်မှုကိုလည်း အကန့်အသတ်ဖြစ်စေပါတယ်။

ဒေသခံအဖွဲ့အစည်းများအတွက် မိမိတို့၏အားပေးကူညီမှုကို ပြန်လည်အာရုံစိုက်ခြင်း

အသက်ကယ်ဆယ်ရေးနဲ့ ကူးစက်မှုအသစ်ထပ်မရှိစေဖို့ ကာကွယ်တားဆီးရေးအတွက် ‌ဝန်ဆောင်မှုပေးအပ်ရေးနဲ့ ဦးတည်အုပ်စုတွေကိုကိုယ်စားပြုရေးမှာ ဒေသခံအဖွဲ့အစည်းတွေက အဓိကအခန်းကဏ္ဍ တစ်ခုကနေပါဝင်နေတာပါ။ ဒါကြောင့် ပက်ဖာ အနေနဲ့  လူမှုအသိုက်အဝန်းတွေအတွင်း စည်းရုံးပြီး ဦးဆောင်ပေးနေတဲ့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းလို ဒေသခံအဖွဲ့အစည်းတွေနဲ့ အနီးကပ်လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ ပက်ဖာ ဟာ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေကို အကူညီပေးဖို့အတွက် ကချင်ပြည်နယ်အတွင်းက ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေး ဒေသခံကော်မတီတွေလို ဒေသခံအဖွဲ့တွေနဲ့ထိတွေ့ဆောင်ရွက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗီ ကူးစက်မှုအသစ်ဖြစ်ပွားစေမှုရဲ့ အဓိကအရင်းခံဖြစ်တဲ့ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို အကူအညီပေးနိုင်ဖို့အတွက် ပက်ဖာ ဟာ (၅၂၈ မေတ္တာ) မူးယစ်ဆေးနှင့်မိသားစုဆိုတဲ့ ကမ်ပိန်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ယမန်နှစ်က စတင်ခဲ့ပါတယ်။ ဒီကမ်ပိန်းကနေပြီး မူးယစ်ဆေးသုံးစွဲမှုကို ပြည်သူ့ကျန်းမာရေးရှုထောင့်တစ်ခုအမြင်နဲ့ သတင်းအချက်အလက်တွေပံ့ပိုးပေးပြီး လူမှုအသိုက်အဝန်းတွေပူးပေါင်းပြီး ဘယ်လိုလက်တွဲ ဆောင်ရွက်နိုင်သလဲဆိုတဲ့ အကြံဉာဏ်တွေလည်း ပေးအပ်တာပါ။ ကိုယ်လုံပညာပေါင်းစုံအားကစားသမား ကမ္ဘာ့ချန်ပီယံ မြန်မာ့ စပါးအုံးမြွေ အောင်လအန်ဆန်း နဲ့ အခြားသောပုဂ္ဂိုလ်များစွာတို့ကလည်း မူးယစ်ဆေးအ‌ပေါ်မှီခိုမှုကြောင့် စိန်ခေါ်မှုအခက်အခဲတွေ ကြီးမားစွာရင်ဆိုင်နေရတဲ့ လူမှုအသိုက်အဝန်းတွေကို အားပေးကူညီကြောင်း ပြသခဲ့ကြပြီးဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ပက်ဖာ ကနေပြီး အိပ်ချ်အိုင်ဗီ ပိုးနဲ့နေထိုင်နေရသူတွေတော်တော်များများ ခံစားနေရသေးတဲ့ ဘဝဒဏ်ရာ အမဲစက်တွေကို ကူညီဖယ်ရှားဖြေရှင်းပေးဖို့နဲ့ အိပ်ချ်အိုင်ဗီ ပိုးရှိသူတွေဟာ ကုသမှုကို ထိထိရောက်ရောက် ခံယူပြီးတဲ့နောက်မှာ အခြားသူတွေကို ကူးစက်နိုင်တဲ့အန္တရာယ် မရှိနိုင်တော့တဲ့အကြောင်း သေသေချာချာ နားလည်သဘောပေါက် စေနိုင်ဖို့အတွက် ရှေ့ဆက်တို့အတူ “ယူ=ယူ” ကမ်ပိန်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ စတင်ခဲ့ပါတယ်။

အခက်အခဲမြောက်မြားစွာကြားထဲကနေ လူမှုအသိုက်အဝန်းတွေ ပိုပြီးကြံ့ကြံ့ခံနိုင်လာအောင်နဲ့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိလာအောင် ဘယ်လိုလုပ်နိုင်သလဲဆိုတဲ့အကြောင်းကို ကျွန်မတို့တတွေ အတူတကွလက်တွဲဆောင်ရွက်ရင်း လေ့လာခဲ့ကြရပြီးပါပြီ။ တန်ဖိုးရှိတဲ့ အသက်တွေကယ်ဆယ်ဖို့ ကျွန်မတို့တတွေ အတူလက်တွဲဆောင်ရွက်ရင်း အောင်မြင်မှုတွေရရှိခဲ့တာကိုလည်း ကျွန်မတို့တတွေ မြင်တွေ့ခဲ့ကြရပြီးပါပြီ။ သည့်အတွက်ကြောင့် အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံနဲ့လက်တွဲဆောင်ရွက်ခွင့်ရတာကို ကျွန်မအနေနဲ့ များစွာကျေးဇူးတင်မိပါတယ်။ မြန်မာနိုင်ငံအတွင်းက ပြည်သူလူထုတွေရဲ့ ဆန္ဒလိုလားမှုတွေဖြစ်တဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ကျန်းမာကြံ့ခိုင်တဲ့ ပြည်သူတစ်ရပ်ဟာ မရှိမဖြစ်အရေးကြီးလှပါတယ်။ အနာဂတ်မှာ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ကပ်ရောဂါပပျောက်သွားမှုကို အောင်ပွဲခံမယ့် ကမ္ဘ့ာခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်မှုနေ့ ဆင်နွှဲကျင်းပနိုင်မယ့် ရက်ကို ကျွန်မမျှော်လင့်လျက်ရှိနေပါတယ်။

###

ဤအတွေးအမြင်ဆောင်းပါးမူရင်းကို The Voice Daily သတင်းစာ – ဒီဇင်ဘာ ၁၊ ၂၀၂၀ – တွင်ဖော်ပြထားပြီးဖြစ်ပါသည်။