အိမ်ဖြူတော်နှင့်အတူ စီးပွားရေးကဏ္ဍအတွင်း အမျိုးသမီးများ၏ပါဝင်မှု မြှင့်တင်ရေးအတွက် မြန်မာကိုယ်စားလှယ်ပူးပေါင်းပါဝင်

ချက်ချင်းထုတ်ပြန်ရန်

စက်တင်ဘာ ၁၃၊ ၂၀၁၉

အိမ်ဖြူတော်နှင့်အတူ စီးပွားရေးကဏ္ဍအတွင်း အမျိုးသမီးများ၏ပါဝင်မှု မြှင့်တင်ရေးအတွက်

ကမ္ဘာလုံးဆိုင်ရာအဖွဲ့နှင့်အတူ မြန်မာသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကိုယ်စားလှယ်ပူးပေါင်းပါဝင်

 

ရန်ကုန်။ အိမ်ဖြူတော်က ဖွဲ့စည်းလိုက်သည့် အမျိုးသမီးများ၏ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) အစိတ်အပိုင်းတစ်ခုအရ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းကိုယ်စားပြုသူ ဒေါ်စန္ဒာမျိုးသည် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အမျိုးသားတစ်ဦး ပါဝင်သော အမျိုးသမီးအဖွဲ့တစ်ဖွဲ့နှင့်အတူ ယခုသီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ရောက်ရှိနေပါသည်။

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အမျိုးသမီးတွေမရှိမဖြစ်ပါဝင်ဆောင်ရွက်နေရတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အစားအသောက် ကဏ္ဍအပေါ် အခြေခံနေပါတယ်ဟုဒေါ်စန္ဒာမျိုးကပြောပါသည်။စီးပွားရေးဖွံ့ဖြိုးမှုမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခြင်းအားဖြင့် လူအဖွဲ့အစည်းအတွက်လည်း ပိုပြီးတည်ငြိမ်မှုရလာပါတယ်။ အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ကျွန်မတို့တတွေ ထူးခြားမှုတစ်ခုကို ဆောင်ရွက် နိုင်ပါတယ်ဟု သူမကထပ်ပြောပါသည်။

ဒေါ်စန္ဒာမျိုးသည် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သည်။ သူမသည် မြန်မာနိုင်ငံအတွင်း သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် ကုန်စည်ပို့ဆောင်မှုအတွက် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရာတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည်။ သူမသည် မြန်မာနိုင်ငံတစ်ဝန်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသည့်အဖွဲ့များ ပိုမိုအားကောင်းလာစေရေး၊ အသိအမှတ်ပြု အရည်အသွေးမြင့်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ဆောင်ရွက်နေသူဖြစ်သည့် အတွက်ကြောင့် မြန်မာတောင်သူလယ်သမားများ အနေဖြင့် ၎င်းတို့၏ ဈေးကွက်များကိုတိုးချဲ့နိုင်ပြီး ၎င်းတို့၏အသက်မွေးဝမ်းကြောင်းဘဝများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံတစ်ဝန်း သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများ၏ စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်စေမည့် ကုန်သွယ်ရေးနှင့်မူဝါဒများ မြှင့်တင်ရေးအတွက် ဆောင်ရွက်နေသူဖြစ်ပါသည်။

ဒေါ်စန္ဒာမျိုးသည် စီးပွားရေးကဏ္ဍအတွင်း အမျိုးသမီးများပါဝင်မှုတွင် ထုံးတမ်းစဉ်လာများနှင့် စည်းမျဥ်းစည်းကမ်းများ ဆိုင်ရာ အဟန့်အတားများ ကျော်လွှားရေးဆိုင်ရာ နိုင်ငံတကာခေါင်းဆောင်မှု လေ့လာရေး အစီအစဉ်ဖြင့် သွားရောက် နေခြင်း ဖြစ်ပါသည်။ ဤအစီအစဉ်တွင်ပါဝင်ကြသည့် ပုဂ္ဂိုလ် ၁၈ ဦးသည် မြန်မာ၊ ချီလီ၊ ကော့စတာရီကာ၊ အက်ကွာဒေါ၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဂါနာ၊ အင်ဒိုနီးရှား၊ ကိုဆိုဗို၊ လီဆိုသို၊ မလေးရှား၊ မော်ရိုကို၊ နိုက်ဂျီးရီးယား၊ ပါရာဂွေး၊ ဖိလစ်ပိုင်၊ ရဝမ်ဒါ၊ သီရိလင်္ကာနှင့် ယူဂန်ဒါနိုင်ငံအပါအဝင် အများပိုင်ကဏ္ဍနှင့် ပုဂ္ဂလိပိုင်ကဏ္ဍတို့ကို ကိုယ်စားပြုပါသည်။

ဤနိုင်ငံတကာခေါင်းဆောင်မှုလေ့လာရေး အစီအစဥ်သစ်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍတွင်အမျိုးသမီးများ၏ အပြည့်အဝနှင့် လွတ်လပ်စွာပါဝင်ရာတွင် ရှိနေသောကန့်သတ်မှုများဖြစ်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ယဉ်ကျေးမှု ကွာဟချက်များကိုရှာဖွေဖော်ထုတ်ခြင်းကို အဓိကထားဆောင်ရွက်သည့် အမျိုးသမီးများ၏ ကမ္ဘာလုံး ဆိုင်ရာဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) ကို အထောက်အကူပြုသည့် အစီအစဉ် ဖြစ်ပါသည်။ ၁၉၄၀ ကတည်း ကနဦးစတင်သည့် ယင်းနိုင်ငံတကာခေါင်းဆောင်မှုလေ့လာရေးအစီအစဉ်သည် ကမ္ဘာတစ်ဝန်းမှ နှီးနှောဖလှယ်ရေးပညာတော်သင်များကို အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ လူမှုအသိုက်အဝန်း များနှင့် မိတ်ဆက်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် ဤနိုင်ငံတကာခေါင်းဆောင်မှု လေ့လာရေးအစီအစဉ်ကဲ့သို့သော နှီးနှောဖလှယ်ရေးအစီအစဉ်ဖြင့်ပညာတော်သင်များကိုနှစ်စဉ်စေလွှတ်လျက်ရှိရာ မြန်မာပညာတော်သင် အယောက် ၂၀၀ ကျော်စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။

ဤအစီအစဉ်တွင်ပါဝင်သူများသည် ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသန္တရအစိုးရများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေး မြေတောင်မြှောက်ပေးသူများနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍  ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် အမျိုးသမီးများ အပြည့်အဝပါဝင်ရေး အတွက် ဩဇာသက်ရောက်မှုရှိ၍ တွန်းအားဖြစ်စေသော လူမှုရေး၊ စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာ အကြောင်းရင်းများကို လေ့လာဆွေးနွေးနိုင်ရန်အတွက် အမေရိကန်မြို့ကြီးများဖြစ်သော ဝါရှင်တန်ဒီစီ၊ ဆန်ဖရန်စစ္စကို၊ ကင့်ဆပ်စီးတီး၊ ဒက်မွိုင်းနှင့် နယူးယောက်စီးတီးမြို့များသို့ သွားရောက်ကြမည်ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ရှိနေစဉ်အတွင်း ၎င်းတို့၏မိခင်နိုင်ငံများရှိ စီးပွားရေးကဏ္ဍအတွင်း အမျိုးသမီးများပါဝင်မှုကို ကန့်သတ်ထားသည့် အဟန့်အတားကိုကျော်လွှားနိုင်ရေးနှင့် အမျိုးသမီးများ၏ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) ဆက်လက်ဖော်ဆောင်နိုင်ရေး အစီအစဉ်များ ရေးဆွဲကြမည် ဖြစ်သည်။

အိမ်ဖြူတော်ကဖွဲ့စည်း၍ သမ္မတ၏အကြံပေး အီဗန်ကာ ထရမ့်ဦးဆောင်သော အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ အလားအလာကောင်းများကို ဖြည့်ဆည်းပေးရေးနှင့် စွမ်းရည်မြှင့်တင်ပေးရေး အစိုးရတစ်ရပ်လုံး၏ ပထမဆုံးချဉ်းကပ်မှု ဖြစ်သည်။ အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) သည် ၂၀၂၅ ခုနှစ်တွင် သန်း ၅၀ သောအမျိုးသမီးများကို အားပေးကူညီရေး ရည်မှန်းချက်တစ်ရပ်နှင့်အတူ အမျိုးသမီးများ၏ စီးပွားရေးလုပ်ပိုင်ခွင့်မြှင့်တင်ပေးရန်ဟူသော အမေရိကန် ပြည်ထောင်စု၏ ကတိကဝတ်ကို ပြသနေပါသည်။

ဖေ့စ်ဘွတ်နှင့်တွစ်တာပေါ်တွင် #WGDP သုံး၍ပါဝင်နိုင်ပါသည်။

အိမ်ဖြူတော်၏ အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ် (W-GDP) အကြောင်း ပိုမိုသိရှိလိုပါက https://www.whitehouse.gov/wgdp/ တွင်ကြည့်နိုင်ပါသည်။

အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး ခြေလှမ်းသစ်အစီအစဉ်၊ ဤနိုင်ငံတကာခေါင်းဆောင်မှုလေ့လာရေး အစီအစဥ်အကြောင်းပိုမိုသိရှိလိုပါက https://eca.state.gov/ivlp/overcoming-barriers-womens-economic-participation တွင်ကြည့်နိုင်ပါသည်။

### ပြီး ###