မဲခေါင်-အမေရိကန် မိတ်ဖက်ပူးပေါင်းမှု ဝန်ကြီးများ ပူးတွဲ ကြေညာချက်

Mekong-U.S. Partnership

မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှု ဝန်ကြီးများ ပူးတွဲ ကြေညာချက်

မီဒီယာမှတ်ချက်
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
စက်တင်ဘာ ၁၅၊ ၂၀၂၀

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၀ တွင် ကျင်းပသော မဲခေါင်အမေရိကန် မိတ်ဖက် ပူးပေါင်းမှု ဝန်ကြီးများအဆင့် ပထမအကြိမ် အစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စု၊ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ အစိုးရများက အောက်ဖော်ပြပါ ကြေညာချက်ကို ထုတ်ပြန် ကြေညာလိုက်သည်။

စာသား အစ

၁။ အမေရိကန်ပြည်ထောင်စုနှင့် မဲခေါင်ဒေသနိုင်ငံများမှ မိမိတို့နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအစီအစဉ် အောင်မြင်မှုအပေါ် ထပ်လောင်းအားဖြည့်သည့်အနေဖြင့် မဲခေါင်အမေရိကန် မိတ်ဖက် ပူးပေါင်းမှု အစီအစဉ်ကို ၂၀၂၀၊ စက်တင်ဘာ ၁၁ ရက်တွင် စတင်ကြပါသည်။ မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှု ဝန်ကြီးအဆင့် ပထမအကြိမ် အစည်းအဝေးသို့ ကမ္ဘော ဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Prak Sokhonn၊ လာအိုပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Saleumxay Kommasith ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Don Pramudwinai၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် အာ ပွမ်ပဲယိုး ကိုယ်စား အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး စတီဗန်ဘီဂန် နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Pham Binh Minh တို့ တက်ရောက်ခဲ့ကြပါသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး H.E. Dato Lim Jock Hoi က အစည်းအဝေးသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

၂။ မဲခေါင်ဒေသနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် အမေရိကန်ပြည်ထောင်စုနှင့် မဲခေါင်ဒေသနိုင်ငံများအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုနှင့် အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်း အတည်ပြုကြသည်။ မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှု (မိတ်ဖက်ပူးပေါင်းမှု) သည် မဲခေါင်အောက်ပိုင်းဒေသဖွံ့ဖြိုးရေးအစီအစဉ် (LMI) အောက်တွင် ဆယ်စုနှစ်တစ်ခုကြာ ပူးပေါင်းဆောင်ရွက်မှုများပေါ်တွင် ထပ်မံတိုးချဲ့လျက် ဒေသ အတွင်း ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှု အားကောင်းရေး၊ ချိတ်ဆက်မှု၊ စီးပွားရေး ပေါင်းစည်းမှု၊ အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုတို့ တိုးတက်ကာ၊ ဒေသ၏ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက် လျှော့ချရေးတို့ကို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းကိုလည်း ထပ်လောင်း အတည်ပြုကြပါသည်။ ယခု မိတ်ဖက်ပူးပေါင်းမှုအစီအစဉ်သစ်သည် မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ကျယ်ပြန့် နက်ရှိုင်းစေမည်ဖြစ်ကာ အသစ်ဖြစ်ထွန်းလာသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ လိုက်လျောညီထွေ ပြောင်းလဲနိုင်သော အစီအစဉ်လည်းဖြစ်သည်။ မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှု၏ အခြေခံ စာရွက်စာတမ်းကို ဤပူးတွဲကြေညာချက်၏ နောက်ဆက်တွဲအဖြစ် တွဲလျက် ဖော်ပြထားပါသည်။

၃။ ဤမိတ်ဖက်ပူးပေါင်းမှုသည် အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအမြင် (AOIP) နှင့် အမေရိကန်ပြည်ထောင်စု၏ အင်ဒိုပစိဖိတ် အမြင်တို့၏ ပိုမိုကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို အားပေးမြှင့်တင်သွားမည် ဖြစ်သည်။ ဤမိတ်ဖက်ပူးပေါင်းမှုသည် အာဆီယံ ဗဟိုပြုမှု အခြေခံမူများ၊ ပွင့်လင်းမှု၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ သာတူညီမျှရှိမှု၊ အားလုံး သဘောတူညီမှု၊ အပြန်အလှန် အကျိုးရှိမှု၊ အချုပ်အခြာအာဏာကို လေးစားမှု၊ ကြားဝင် မစွက်ဖက်မှု၊ ဥပဒေစိုးမိုးရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေလေးစားရေး၊ အားလုံးပါဝင်မှုနှင့် စည်းမျဉ်းအခြေခံ မူဘောင်ထားရှိမှုများကို ဆက်လက်တိုးတက် ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဤမိတ်ဖက်ပူးပေါင်းမှုသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းဥပဒေများ၊ စည်းကမ်းများကို လေးစား၍ အာဆီယံ၊ ACMECS (ဧရာဝတီကျောက်ဖယားမဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ)၊ မဲခေါင်မြစ် ကော်မရှင် (MRC) နှင့် အခြားပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် လိုက်ဖက်ညီမှု တိုးတက်ကောင်းမွန်စေရန်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

၄။ မဲခေါင်ဒေသနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကိုဗစ်၁၉ သက်ရောက်မှုများကို လျှော့ချရေး၊ အနာဂတ် ကပ်ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့ကပ်ဘေး အန္တရာယ်များကို ကြိုတင် ကာကွယ် ထောက်လှမ်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ကပ်ရောဂါအပြီး ရေရှည်တည်တံ့သော ပြန်လည်နာလန်ထူရေး အစီအစဉ်ကို လွယ်ကူလျင်မြန်ချောမွေ့စေရေးတို့၌ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးက အရေးကြီးသည့်အကြောင်းကိုလလည်း ထပ်လောင်းအတည်ပြုကြပါသည်။ ရောဂါတိုက်ဖျက်ရေးအတွက် အရည်အသွေးမီ ဘေးကင်းပြီး အာနိသင် ထက်မြက်၍ ဈေးနှုန်းသင့်တင့်သော ရောဂါဆန်းစစ်မှု၊ ကုသမှု၊ ဆေးဝါးနှင့် ကာကွယ်ဆေးများကို နိုင်ငံအားလုံးက အဟန့်အတားမရှိ အချိန်နှင့်တစ်ပြေးညီ လက်လှမ်းမီရန် လိုအပ်မှုကို နိုင်ငံခြားရေးဝန်ကြီးများက အသိအမှတ်ပြုကြပါသည်။ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ မဲခေါင်ဒေသနိုင်ငံများသို့ အမေရိကန်ပြည်ထောင်စုက ကိုဗစ်၁၉ အကူအညီ ဒေါ်လာ ၅၂ သန်း ပေးအပ်ထားမှုကို နိုင်ငံခြားရေးဝန်ကြီးများက ကျေးဇူးတင်ရှိကြပါသည်။ တောရိုင်း တိရစ္ဆာန် ဈေးကွက်နှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များ တားဆီးရေး အပါအဝင် တိရစ္ဆာန်မှ လူကို ကူးစက်သည့် ရောဂါများ ထိန်းချုပ်ရာ၌ တုံ့ပြန်မှုများ အားကောင်းအောင် ဆောင်ရွက်ရေး၊ မိမိတို့ ကတိကဝတ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးများက ထပ်လောင်းအတည်ပြုကြပါ သည်။

၅။ ဒေသပေါင်းစည်းမှုနှင့် ရပ်ရွာလူထုဘဝမြှင့်တင်ရေး အားထုတ်မှုများ တိုးတက်စေရန်၊ မဲခေါင်ဒေသ ဖွံ့ဖြိုးမှုပုံစံကို မြှင့်တင်ရာတွင် အာဆီယံ လုပ်ငန်းများနှင့် မဲခေါင်ဒေသပူးပေါင်းဆောင်ရွက်မှု မူဘောင်များ အကြား ပူးပေါင်းဆောင်ရွက်မှဒအကျိုးရလဒ်များနှင့် လိုက်ဖက်ညီမှုများ တိုးမြှင့်အောင် အားထုတ် ဆောင်ရွက်ရေးတို့ကို မဲခေါင်ဒေသနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့်ဝန်ကြီးက ကြိုဆိုကြပါသည်။ မဲခေါင်ဒေသသည် အာဆီယံအတွင်း ပေါင်းစပ်ပါဝင်နေသည့် အစိတ်အပိုင်း ဖြစ်နေခြင်း၏ အရေးပါမှုကို နိုင်ငံခြားရေးဝန်ကြီးများက အထူးအလေးပေး ပြောကြားကြသည်။ မဲခေါင်အပါဝင် အာဆီယံ ဒေသများ၏ စည်ပင်ဝပြောမှုသည် အာဆီယံ အသိုက်အဝန်း တည်ဆောက်မှု ရည်မှန်းချက်များ အောင်မြင်ရေးနှင့် အင်ဒိုပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် မိမိတို့၏ တူညီသော အမြင်များ အကောင်အထည် ဖော်ရေးတို့ အတွက် လွန်စွာ အရေးကြီးပါသည်။ မဲခေါင်ဒေသ၏ ကြီးထွားလာနေသော အရေးပါမှုသည် ဤဒေသ၌ အမေရိကန်၏ ပိုမိုထိတွေ့ဆက်ဆံမှုနှင့် အကူအညီပေးမှုများကို ထင်ဟပ်နေခြင်း ဖြစ်ကြောင်း  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုပါသည်။

၆။ မဲခေါင်ဒေသနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှုကို အောက်ပါကဏ္ဍများ) စီးပွားရေး ချိတ်ဆက်မှု၊                  ) ရေရှည်တည်တံ့သော ရေ၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှု၊                    ) ကျန်းမာရေး လုံခြုံမှု၊ ကမ္ဘာ့ကပ်ဘေး တုံ့ပြန်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ ဆိုက်ဘာ လုံခြုံရေးစသည့် အသစ်ပေါ်ထွက်လာနေသော ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး အပါအဝင် သမားရိုးကျမဟုတ်သောလုံခြုံရေးနှင့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တားမြစ်ထားသော မျိုးသုဉ်းမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် တောရိုင်း တိရစ္ဆာန် မျိုးစိတ်များနှင့် သစ်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနှင့်  ) ပညာရေးနှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းရေးတို့ အပါအဝင် လူသားရင်းမြစ်ဖွံ့ဖြိုးရေး ကဏ္ဍများ၌ အကန့်အသတ်မထားဘဲ တိုးချဲ့ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ချမှတ်ထားကြပါသည်။

၇။ မဲခေါင်ဒေသ နိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့သည် ဂျပန်အမေရိကန် လျှပ်စစ်ဓာတ်အား မိတ်ဖက်ပူးပေါင်းမှု (JUMPP) အစီအစဉ် တစ်နှစ်ပြည့်မြောက်မှုကို အသိအမှတ်ပြုကာ၊ စက်တင်ဘာ ၈ ရက်က ထုတ်ပြန်အတည်ပြုခဲ့သော ဂျပန်အမေရိကန် လျှပ်စစ်ဓာတ်အား မိတ်ဖက်ပူးပေါင်းမှု (JUMPP) ဆိုင်ရာ ၂၀၂၀ ဂျပန်အမေရိကန် ဝန်ကြီးများ၏ ပူးတွဲ ကြေညာချက်ကို ကြိုဆိုကြပါသည်။ မဲခေါင်ဒေသ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် ရေရှည်တည်တံ့သည့် ဓာတ်အား ကဏ္ဍများ၊ လျှပ်စစ် ကုန်သွယ်ရေးနှင့် အရည်အသွေးမြင့် စွမ်းအင် အခြေခံ အဆောက်အအုံများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး၊ သံတမန်နည်းလမ်းနှင့် နည်းပညာ မိတ်ဖက်ပူးပေါင်းမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်အတွက်လည်း နိုင်ငံခြားရေးဝန်ကြီးများက မျှော်လင့်လျက် ရှိကြပါသည်။ နိုင်ငံခြားရေး ဝန်ကြီးများသည် စွမ်းအင်ထုတ်လုပ်မှု၏ အားကောင်းသော အလားအလာများကို မှတ်ချက်ပြုကြသည်။ ပွင့်လင်းမြင်သာမှု၏ တန်ဖိုး၊ လွတ်လပ် မျှတသောယှဉ်ပြိင်မှု၊ ဒေသဆိုင်ရာ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးတို့ကို အားပေးရန် လွန်စွာအရေးကြီးသည့် မဲခေါင် ဒေသတွင်း လွတ်လပ်မျှတသော ယှဉ်ပြိုင်မှု၊ လျှပ်စစ်ထုတ်လုပ်မှုတွင် အထိရောက်ဆုံး ကဏ္ဍစုံစနစ်နှင့် နိုင်ငံစုံ ဓာတ်အား ကုန်သွယ်မှုများ တိုးတက်ရေး၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုကြသည်။ စွမ်းအင်နည်းပညာ အမျိုးမျိုးတို့တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေမည့် ပြုပြင်ထိန်းသိမ်းမှုများ၊ ပြောင်းလွယ်ပြင်လွယ်ရှိ၍ မျှတသော ယှဉ်ပြိုင်နိုင်မှုရှိသည့် ဈေးကွက်များ ချဲ့ထွင်ခြင်းတို့ကတစ်ဆင့် ဒေသတွင်း စွမ်းအင်ပေါင်းစည်းမှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှု တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း တိုးမြှင့်သွားရန် နိုင်ငံခြားရေးဝန်ကြီးများက ကတိကဝတ် ပြုကြပါသည်။ JUMPP နှင့် မဲခေါင်ဒေသစွမ်းအင်ဖူလုံရေးကို အထောက်အကူဖြစ်စေမည့် နည်းပညာအကူအညီ အသစ်အတွက် အမေရိကန်နှင့် ဂျပန်အစိုးရ၏ ကြေညာချက်ကို မဲခေါင်ဒေသ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ကြိုဆိုကြပါသည်။

၈။ မဲခေါင်ဒေသနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် မဲခေါင်မြစ် ကော်မရှင်၏ ဒေတာနှင့် သတင်းအချက်အလက် ဖလှယ်မျှဝေမှု လုပ်ထုံးလုပ်နည်း (PDIES) နှင့်အညီ ရေဒေတာ မျှဝေခြင်းနှင့် အပြန်အလှန် အကျိုးရှိပြီး ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုရှိသည့် ရေစီမံခန့်ခွဲမှု ဖြစ်ပေါ်ရေး မဲခေါင်မြစ်ကော်မရှင်၏ အခန်းကဏ္ဍ အားကောင်လာအောင် ဆောင်ရွက်ခြင်းတို့၏ အရေးပါမှုကို မှတ်ချက်ပြုကြသည်။ လက်ရှိ စံချိန်တင် မိုးခေါင်မှုနှင့် ဒေသအတွင်း တိုးမြင့်လာနေသည့် အခြား စိန်ခေါ်မှုများကြောင့် မဲခေါင် မြစ်ဝှမ်းဒေသ၌ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှုရှိရေးတို့မှာ ယခင်အချိန်များထက် ပို၍ အရေးကြီးလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးများက ယုံကြည်ကြသည်။ ပွင့်လင်းမြင်သာ၍ ပူးပေါင်းဆောင်ရွက်သည့် မြစ်ကြောင်းဆိုင်ရာ စီမံခန့်ခွဲမှုသည် ပေါင်းစပ်ညှိနှိုင်းမှု အထူးသဖြင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာသည့်အချိန်၌ ပေါင်းစပ်ညှိနှိုင်းမှုကို ပိုမို တိုးတက်ကောင်းမွန်စေမည်ဟု တူညီသော အမြင်ရှိကြပါသည်။ ၂၀၁၉ ဒီဇင်ဘာတွင် ကျင်းပခဲ့သော မဲခေါင် သုတေသန စာတမ်းဖတ်ပွဲ၌ ဖော်ထုတ်တွေ့ရှိခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှု၊ တီထွင် ဆန်းသစ်မှု အခွင့်အလမ်းများ အပါအဝင် မဲခေါင်မြစ်ရေ အချက်အလက်အစီအစဉ်နှင့် ရေရှည်တည်တဲ့သော အခြေခံအဆောက်အအုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ MekongWater.org ဝဘ်ဆိုဒ် လွှင့်တင်မှု စတင် ကတည်းက တစ်နှစ်ပြည့်မြောက် တိုးတက်လာခဲ့သည်ကို နိုင်ငံခြားရေး ဝန်ကြီးများက အသိအမှတ်ပြုကြောင်း မှတ်ချက်ပြုကြသည်။

၉။ မဲခေါင်ဒေသ နိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှု အစီအစဉ် လုပ်ငန်းများမှာ အခြားသော ဖွံ့ဖြိုးမှု မိတ်ဖက် များဖြစ်သည့် ဂျပန်၊ သြစတြေးလျ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် အခြား မဲခေါင် မိတ်ဆွေများ၏ လုပ်ငန်းများနှင့် ကိုက်ညီရန် အရေးပါမှုကို ထပ်လောင်း အတည်ပြုပြီး မဲခေါင်ဒေသ မိတ်ဆွေများ၏ ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ်တွင် ကျင်းပရန် သဘောတူညီကြပါသည်။

၁၀။ မဲခေါင်အမေရိကန် မိတ်ဖက်ပူးပေါင်းမှု အစီအစဉ်အောက်တွင် အောက်ပါအစီအစဉ်များ အပါအဝင် တူညီသော အကျိုးစီးပွားများတိုးတက်ရေးလုပ်ငန်း အစီအစဉ်အသစ်များအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၆ သန်း အသုံးပြုရန် ကြေညာပါသည်

က။ အရှေ့တောင်အာရှဒေသတွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း (DFC) က ရင်းနှီးမြှုပ်နှံပြီးဖြစ်သော ဒေါ်လာ ၁ ဘီလီယံအပေါ် ထပ်လောင်း၍ ရှေ့လာမည့်နှစ်များအတွင်း  DFC သည် မဲခေါင်ဒေသ အခြေခံအဆောက်အအုံ ပိုင်း၌ နောက်ထပ် ဒေါ်လာ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံ၍ မရှိန်မြှင့်ထောက်ကူသွားရန် ရည်မှန်းထားသည်။ မဲခေါင်နိုင်ငံများကလည်း ရေရှည်တည်တံ့၍ အရည်အသွေးမြင့်သော ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးမှုကို အကူအညီဖြစ်စေမည့် အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား အဆင်ပြေချောမွေ့စေအောင် သက်ဆိုင်ရာ စီးပွားရေးအနေအထားများကို ဆက်လက် တိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ခ။ ဘေးအန္တရာယ်ကယ်ဆယ်ရေးလေ့ကျင့်မှုနှင့် ထိတွေ့ပူးပေါင်းဆောင်ရွက်မှု (DREE) တိုးချဲ့ရေး ပေါင်းစပ်ညှိနှိုင်ခြင်း။

ဂ။ သြစတြေးလျနိုင်ငံနှင့်ပူးပေါင်း၍ ဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရာ၌ မဲခေါင်ဒေသ နိုင်ငံများအား ကူညီရန် ရန်ပုံငွေအသစ်၌ ဒေါ်လာ ၅၅ သန်း ထည့်ဝင်ရန် ကတိကဝတ်ပြုခြင်း။

ဃ။ သိပ္ပံပညာအခြေခံ မူဝါဒ စီမံချက်ရေးဆွဲခြင်းအတွက် ရေ အချက်အလက် လက်လှမ်းမီမှု အားကောင်းရေးနှင့် တိုးချဲ့ရေးဆိုင်ရာ မဲခေါင်မြစ် ကော်မရှင်၏ ရည်မှန်းချက်များကို ကူညီရေးအတွက် ရန်ပုံငွေအသစ်သို့ ဒေါ်လာ ၁.၈ သန်း ထည့်ဝင်ခြင်း။

င။ မူဝါဒ ချမှတ်သူများ၊ စီးပွားရေး အသိုက်အဝန်းများနှင့် အခြားပါဝင်ပတ်သက်သူများ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် မဲခေါင်ဒေသအတွင်း တဖြည်းဖြည်းတိုးတက်ဖြစ်ပေါ်လာနေသော အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများဆိုင်ရာ မူဝါဒ ဆွေးနွေးဖလှယ်ပွဲ အစီအစဉ်များကို စည်းရုံးကျင်းပခြင်း။

ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ

H.E. Prak Sokhonn ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး

H.E. Saleumxay Kommasith၊လာအိုပြည်သူ့သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး

ဦးကျော်တင်၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး

H.E. Don Pramudwinai၊ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး

H.E. Pham Binh Minh၊ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး

စတီဗန်ဘီဂန်၊အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး

H.E Dato Lim Jock Hoi၊အာဆီယံအထွေထွေအတွင်းရေးမှူး

# # #