မြန်မာနိုင်ငံအတွင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်သော မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာညွန့်ပေါင်းအဖွဲ့ကြေညာချက်
သံတမန်ကြေညာချက်၊ ဧပြီ ၁၉၊ ၂၀၂၁
မီဒီယာလွတ်လပ်ခွင့်ကို နှိပ်ကွပ်ရန် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့၏ ဆက်လက်ကြိုးပမ်းအားထုတ်နေမှုနှင့်ပတ်သက်၍ လွန်စွာစိုးရိမ်မကင်းဖြစ်သည့်အကြောင်း အောက်တွင်လက်မှတ်ရေးထိုးထားသော မီဒီယာလွတ်လပ်မှုဆိုင်ရာညွန့်ပေါင်းအဖွဲ့ဝင်များကဖော်ပြအပ်ပါသည်။
မီဒီယာလွပ်လပ်ခွင့်သည် ဒီမိုကရက်တစ်လူ့ဘောင်အဖွဲ့အစည်းတို့၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်မှုများကိုအကာအကာအကွယ်ပေးရန်အတွက်လည်း မရှိမဖြစ်အရေးပါလှသည်။ သတင်းအချက်အလက်ရယူပိုင်ခွင့်မှာ အဓိကအရေးပါသည်။ ဆန္ဒပြမှုများအပါအဝင် နိုင်ငံအတွင်းဖြစ်ပျက်နေမှုများနှင့်ပတ်သက်၍ သတင်းသမားများအနေဖြင့် ကြောက်ရွံ့ခြင်းမရှိ၊ လက်တုန့်ပြန်ခံရခြင်းမရှိ၊ ခြိမ်းခြောက်ခံရခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ရေးသားတင်ပြနိုင်ရမည်ဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်ထားခြင်းဖြင့်ဖြစ်စေ၊ မချိတ်ဆက်ထားဘဲဖြစ်စေ မြန်မာနိုင်ငံအတွင်း ပုံဖျက်သတင်း၊ သတင်းမှားများအား ပြန်လည်တန်ပြန်ရေးလှုပ်ရှားမှုကို အထောက်အကူပြုရန်နှင့် နိုင်ငံအတွင်းအကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်၍ အဖြစ်မှန်အတိုင်း ပြည်သူလူထုကို တင်ပြပေးနိုင်ရန်အတွက် လက်ရှိဖြစ်ပျက်နေမှုများအပေါ် လွတ်လပ်၍ အမှီအခိုကင်းသော ရေးသားတင်ပြမှုသည် အရေးတကာ့အရေးကြီးဆုံးဖြစ်ပါသည်။ သတင်းသမားတို့၏အရေးပါသောအလုပ်၊ အထူးသဖြင့် ဝေးလံသောဒေသများအတွင်းလုပ်ဆောင်ရသည့်အလုပ်တို့ကို အထင်မကြီးဘဲနေ၍မရပါ။
၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစ၍ မီဒီယာအလုပ်ဖြင့်အသက်မွေးကြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့များနှင့်၎င်းတို့၏ရုံးများက ဖိနှိပ်တိုက်ခိုက်မှုများမှာ သိသိသာသာများပြားလာခဲ့ပါသည်။ သတင်းသမားအယောက် ၆၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသိရပြီး ၎င်းတို့အနက်အချို့မှာ တရားစွဲဆိုမှုများကိုရင်ဆိုင်နေရပါသည်။ စစ်တပ်သည် သတင်းဌာန ငါးခု၏ လိုင်စင်ကိုဖျက်သိမ်းခဲ့ပြီး ပြည်တွင်းနှင့်နိုင်ငံတကာသတင်းကြည့်ရှုနိုင်သည့် ကွန်ရက်များကိုရပ်ဆိုင်းခဲ့ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ယုံကြည်စိတ်ချရပြီး အတည်ပြုထားသောသတင်းများဖြန့်ဝေမှုတို့ကို ဖိနှိပ်သည့် သတင်းစာနှိပ်ကွပ်ရေး စည်းမျဉ်စည်းကမ်းများကို ထုတ်ပြန်ချမှတ်ခဲ့ပါသည်။ သတင်းလိုက်ခြင်း၊ ပြောဆိုဆက်သွယ်ခြင်းနှင့် သတင်းအချက်အလက်ရယူခြင်းတို့ကို ကန့်သတ်ရန်အတွက် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းကိုလည်း ပြုလုပ်နေကြသည်။
စစ်အာဏာသိမ်းမှုနှင့် ဆက်လက်ကျူးလွန်နေသောအကြမ်းဖက်မှုတို့ကို မိမိတို့အပြင်းအထန်ကန့်ကွက်ရှုတ်ချပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရပြန်လည်အသက်ဝင်ရေးနှင့် ၂၀၂၁ နိုဝင်ဘာလအတွင်းက ရွေးချယ်တင်မြှောက်ထားသော လွတ်တော်များ ပြန်လည်ခေါ်ယူရေးအတွက် မိမိတို့တောင်းဆိုပါသည်။
သတင်းထောက်များနှင့်မီဒီယာအလုပ်လုပ်ကြသူများအပေါ် တိုက်ခိုက်နေမှုများ၊ ခြိမ်းခြောက်နေမှုများ၊ နှောင့်ယှက်နေမှုများ ချက်ချင်းနှင့်ခြွင်းချက်မရှိရပ်တန့်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန် စစ်တပ်ကို မိမိတို့တောင်းဆိုပါသည်။
သတင်းထောက်များနှင့် မီဒီယာအလုပ်လုပ်ကြသူများအပေါ် တိုက်ခိုက်ခြင်းအပါအဝင် မတရားဖိနှိပ်ညှဉ်းပမ်းမှုတို့ကို ကျူးလွန်သူများအား အရေးယူခံရစေရေး မိမိတို့တောင်းဆိုပါသည်။
စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် လွတ်လပ်စွာထုတ်ပြောပြောဆိုခွင့်ကို လေးစားလိုက်နာရန်၊ အင်အားများအသုံးပြုခြင်းကိုရှောင်ကြဉ်ရန်၊ ဆန္ဒပြမှုသတင်းများကို လွတ်လပ်စွာ၊ ဘေးကင်းလုံခြုံစွာနှင့် အကြမ်းဖက်ခြင်းနှင့် မတရာဖမ်းဆီးခံရခြင်းတို့မရှိဘဲ ရေးသားတင်ပြနိုင်သည့် မီဒီယာလွတ်လပ်ခွင့်ကို လေးစားလိုက်နာရန် မိမိတို့တောင်းဆိုပါသည်။
သတင်းအချက်အလက်များ လွတ်လပ်စွာ ရှာဖွေရန်၊ လက်ခံရရှိရန်နှင့် ဖြန့်ဝေရန်အပါအဝင် မီဒီယာလွတ်လပ်ခွင့်ကိုဖိနှိပ်၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်သည့် မြန်မာနိုင်ငံအတွင်း အင်တာနက်ကန့်သတ်ပိတ်ပင်ထားမှုများကို အဆုံးသတ်ရန် မိမိတို့တောင်းဆိုပါသည်။
ဩစတြေးလျ၊ ဩစတီးယား၊ ဘူလ်ကေးရီးယား၊ ကနေဒါ၊ ကော့စတာရီကာ၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမဏီ၊ ဂရိစ်၊ ဟွန်းဒူးရာ့စ်၊ အိုက်စ်လန်၊ အီတလီ၊ ဂျပန်၊ လက်ဗီးယား၊ လစ်သူနီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ နယူးဇီလန်၊ မြောက်မက္ဆီဒီုးနီးယား၊ ဆလိုဗားကီးယား၊ ဆလိုဗေးနီးယား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းတမ်း၊ အမေရိကန်ပြည်ထောင်စု တို့ကလက်မှတ်ရေးထိုးသည်။