မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့်ခြင်း

သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်
၂၀၂၂ သြဂုတ် ၂၄
လွန်ခဲ့သော ငါးနှစ်က မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာများကို ဖျက်ဆီးခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ကလူခြင်းနှင့် အကြီးစားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်းတို့ဖြင့် ထောင်ပေါင်းများစွားသော ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များစွာကို သတ်ဖြတ်ခဲ့ပါသည်။ ရိုဟင်ဂျာလူမျိုး ၇၄၀,၀၀၀ ကျော်ခန့်သည် မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရပါသည်။ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု ယခုနှစ်မတ်လပိုင်းက အမေရိကန်ပြည်ထောင်စု ဂျူးလူမျိုးများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း အထိမ်းအမှတ်ပြတိုက်တွင် ခိုင်မာသောအထောက်အထားများဖြင့် မိမိထုတ်ဖော်ပြောဆိုခဲ့ပါသည်။
အထက်ပါရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် စစ်တပ်အဖွဲ့ဝင်များသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်ကို အဆုံးသတ်စေရန် ပြောင်ပြောင်တင်းတင်းကြိုးပမ်းရာတွင် မြန်မာပြည်သူများကို နှိပ်ကွက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်ခဲ့ကြပါသည်။ ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို စစ်အာဏာရှင်အဖွဲ့အစည်းက လောလောလတ်လတ် ကွပ်မျက်ခဲ့သည့်လုပ်ရပ်က စစ်တပ်သည် မြန်မာပြည်သူများ၏ အသက်ကို ကမ်းကုန်အောင်အရေးမထားကြောင်းဖော်ပြသည့် ပူပူနွေးနွေးသာဓကတစ်ခုသာ ဖြစ်ပါသည်။ စစ်တပ်၏ တိုးမြှင့်ဆောင်ရွက်လာနေသည့် အကြမ်းဖက်မှုများက လူသားချင်းစာနာထောက်ထားမှုအ ကူအညီပေးရေးအခြေအနေများကို ပိုမိုဆိုးဝါးလာစေပြီး အထူးသဖြင့် နိုင်ငံအတွင်းရှိ ထိခိုက်အလွယ်ဆုံးနှင့် ဘေးဖယ်ထားခြင်းအခံရဆုံးအသိုက်အဝန်းများထဲတွင် ယနေ့ထိတိုင် ဆက်လက်ရှိ နေဆဲဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပါအဝင် လူနည်းစု တိုင်းရင်းသားနှင့် ဘာသာခြားအသိုက်အဝန်းများအတွက် ပိုမိုဆိုးဝါးစေပါသည်။
အမေရိကန်ပြည်ထောင်စုသည် သတ်ဖြတ်ခံခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သည့်သူများအားလုံးနှင့် တစ်သားတည်းရှိပြီး ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများအတွက်တရားမျှတမှု ရှာဖွေရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အတွက် မိမိတို့၏ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပါသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်အရ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားသော အမှုနှင့် မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဆုံးဖြတ်ကြမည့် ကမ္ဘာတဝှမ်းက အများယုံကြည်လက်ခံသည့်တရားရုံးများ ကို မိမိတို့ဆက်လက် အားပေးထောက်ခံပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာအရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ချက်နှင့်အညီ စစ်တပ်၏ လုပ်ရပ်များအပေါ် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်ဆောင်ရွက်ခြင်းကိုလည်း မိမိတို့ အားပေးထောက်ခံပါသည်။ အလားတူစွာ မြန်မာနိုင်ငံတွင်းအခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြံပြုချက်ကိုလည်း မိမိတို့ အားပေးထောက်ခံသွားပါမည်။
ရိုဟင်ဂျာလူမျိုးများအနေဖြင့် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့၏ ဇာတိမြေသို့ လူအစုအဝေးလိုက်နေရပ်ပြန်ရေးမှာ လက်ရှိစစ်အာဏာရှင်အဖွဲ့အစည်းအာဏာတည်မြဲနေသရွေ့ မဖြစ်နိုင်သည့်အကြောင်းကို နားလည်သဘောပေါက်သည့် အားလျော်စွာ အမေရိကန်ပြည်ထောင်စုသည် ၂၀၁၇ မှစပြီး အခြားသော နည်းလမ်းများကို ရှာဖွေလျက်ရှိပါသည်။ ရခိုင်ပြည်နယ်ရှိအကြမ်းဖက်မှုများကြောင့် ဘဝကပြောင်းကပြန်ဖြစ်ခဲ့ရသူများအတွက် အသက်ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်သည့် တစ်ဦးတည်းအလှူရှင်စာရင်းတွင် ဆက်လက်ဦးဆောင်လျက်ရှိပြီး ဤအကျပ်အတည်း၏ ရိုက်ခတ်မှုခံရသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် ဒေသတွင်းရှိ အချို့နေရာများအတွက် အကူအညီအဖြစ် ဒေါ်လာ ၁.၇ဘီလီယံကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ရိုဟင်ဂျာများကို လက်ခံထားသော ဒေသအတွင်းရှိ အခြား အစိုးရများနှင့်လည်း မိမိတို့ တစ်သားတည်း ရပ်တည်ပါသည်။ နိုင်ငံတကာမှ ပြည့်စုံခြုံငုံမိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့အတွက် အမေရိကန်ပြည်ထောင်စုတွင် ဘဝသစ် စတင်နိုင်ရန်အလို့ငှာ ပြန်လည်နေရာချထားရေးအစီအစဉ်ကို မိမိတို့ သိသိသာသာတိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကို အကောင်ထည်ဖောင်ဆောင်ခြင်း၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုဖိအားပေးခြင်းနှင့် မြန်မာနိုင်ငံတွင်းမှ လူပုဂ္ဂိုလ်အားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂိုဏ်သိက္ခာကို အကာအကွယ်ပေးခြင်းအားဖြင့် ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်ရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးထောက်ခံသွားပါမည်။