အဋ္ဌမအကြိမ် အာဆီယံ–အမေရိကန် ထိပ်သီးစည်းဝေးပွဲ၌ထုတ်ပြန်သော လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်
နိုင်ငံခြားရေးမူဝါဒ
နိုဝင်ဘာ ၁၃၊ ၂၀၂၀
၂၀၂၀ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူထားသော ဗီယက်နမ်နိုင်ငံ၏ကြီးမှူးမှုဖြင့် နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၀ တွင် ကျင်းပသော အဋ္ဌအကြိမ် အာဆီယံ–အမေရိကန် ထိပ်သီးစည်းဝေးပွဲကြီးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံအကြီးအကဲများ/အစိုးရအကြီးအကဲများ ဖြစ်ကြသောမိမိတို့နှင့် အမေရိကန် ပြည်ထောင်စုသည် ဗီဒီယိုကွန်ဖရင့်စ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အာဆီယံ–အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်လက်တွဲမှု ခိုင်မာစေရေးအတွက် မိမိတို့ အတူတကွ ချမှတ်ထားသော ကတိကဝတ်ကို အထူးအလေးပေးဖော်ပြခဲ့ပါသည်။ နိုင်ငံအချင်းချင်းအကြား ပွင့်ပွင့်လင်းလင်းရှိရေး၊ မြင်သာထင်သာရှိရေး၊ အားလုံးအကျုံးဝင်ရေး မူဝါဒများနှင့်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းမူဘောင်တစ်ရပ်အပေါ် အခြေခံထားသည့် အင်ဒို–ပစိဖိတ်ဆိုင်ရာ အာဆီယံအမြင်၏ အရေးပါမှုနှင့်ပတ်သက်၍ မိမိတို့ထပ်လောင်း ပြောကြားခဲ့ပါသည်။ လွတ်လပ်၍ ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေအတွက် အမေရိကန် အမြင်သဘောထားသည် အဆိုပါအခြေခံမူများကို အားပေးထောက်ခံကြောင်းကိုလည်း မိမိတို့မှတ်သားခဲ့ရပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းကတစ်ဆင့် ဒေသတွင်း လူသားရင်းမြစ် ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ခြင်း အပါအဝင် ဘီလီယံနှင့်ချီသော မိမိတို့ပြည်သူများအတွက် ဒေသတွင်း အားလုံးအတွက်အကျုံးဝင်ရေး၊ ငြိမ်းချမ်းရေး၊ ဘေးကင်းလုံခြုံရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးအတွက် ရှေ့ရှုဆောင်ရွက်သွားမည့် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။
ဤနည်းအားဖြင့် အောက်ပါဆုံးဖြတ်တို့ကိုချမှတ်ပါသည် —
ကြံ့ကြံ့ခံနိုင်သော လူထုအတွက် ပညာရေး
၁။ ဒေသတွင်း တိုးတက်မှုနှင့် သာယာဝပြောမှုကို မောင်းနှင်ပေးသည့် ဆန်းသစ်တီထွင်မှုနှင့် စွန့်စားလိုစိတ်ကို အားပေးမြှင့်တင်ခြင်း –
၂။ ပြောင်းလဲနေသော ကမ္ဘာ့အလုပ်အကိုင်နှင့်၎င်းလမ်းကြောင်းအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအပါအဝင် အာဆီယံဒေတွင်း လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အားကောင်းအောင်ဆောင်ရွက်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုအကြား ပညာရပ်ဆိုင်ရာ အခွင့်အလမ်းများနှင့် နှီးနှောဖလှယ်ရေးအစီအစဉ်များ တိုးချဲ့ရန် ကြိုးစားအားထုတ်ခြင်း၊ အင်္ဂလိပ်ဘာသာစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်သင်တန်း (TVET) နှင့် သိပ္ပံ၊ နည်းပညာ၊ စက်မှုပညာနှင့် သင်္ချာ (STEM) အစီအစဉ်တို့ကို အားပေးတိုက်တွန်းခြင်းနှင့် စက်တင်ဘာ ၉ ရက်၊ ၂၀၁၉ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံအဆင့်မြင့် အစည်းအဝေးကို မှတ်သားခြင်း။
၃။ အဆင့်မြင့်ပညာရေးနှင့် အားလုံးပါဝင်နိုင်၍ ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် TVET ၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုခြင်း၊ ပညာရေး အချိတ်အဆက်များနှင့် နှီးနှောဖလှယ်ရေးအစီအစဉ်များကို ပံ့ပိုးခြင်းနှင့် အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား အထူးသဖြင့် လူငယ်များအတွက် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးရေးအစီအစဉ် (ဝိုင်ဆီးလီ)၊ ဗီယက်နမ် ဖူးလ်ဘရိုက်တက္ကသိုလ်၊ ဖူးလ်ဘရိုက် အမေရိကန်–အာဆီယံ အစီအစဉ်၊ အမေရိကန်–အာဆီယံ အလုပ်သင် အစီအစဉ်နှင့် အခြားဆီလျော်သော အစီအစဉ်များအပါအဝင် တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ ကွင်းဆက်များ တိုးချဲ့ရေးအတွက်နည်းလမ်းရှာဖွေခြင်း။
၄။ ဒစ်ဂျစ်တယ် သိနားလည်မှုဆိုင်ရာပညာရေး မြှင့်တင်ခြင်း အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေး၊ ကလေးများနှင့် လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်။ ရာသက်ပန် သင်ယူခြင်းနှင့် စတုတ္ထမြောက် စက်မှုတော်လှန်ရေး (4IR) ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုအခက်အခဲများ ပြည့်မီရန် မိမိတို့ ပြည်သူများ၏ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု စွမ်းရည်များ၏ အရေးပါမှုကို မီးမောင်းထိုးပြခြင်း
ကျန်းမာကြံ့ခိုင်သော အနာဂတ်အတွက် ကျန်းမာသောပြည်သူများ
၅။ ကလေးသူငယ်များနှင့် လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၊ မသန်စွမ်းသူများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် လူသားအရင်းအမြစ် အားဖြည့်ပေးရန် ကျန်းမာရေး လေ့ကျင့်ပေးမှုတွင် ရင်းနှီးမြှပ်နှံခြင်း၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုလျက် မိမိတို့အားလုံးနှင့်သက်ဆိုင်သော ကောင်းမွန်သည့် အနာဂတ်များတွင် ဆက်လက်၍ မိတ်ဖက်လက်တွဲ ဆောင်ရွက်မှုကို ပံ့ပိုးခြင်း၊ အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာရှိ၍ ထိရောက်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် မျှဝေမှုအပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (ကိုဗစ်–၁၉) ကမ္ဘာ့ကပ်ရောဂါကို တိုက်ထုတ်ရန်နှင့် နောင်ပေါ်ပေါက်လာနိုင်သည့် ကမ္ဘာ့ကပ်ရောဂါ ခြိမ်းမြောက်မှုများကို ကာကွယ်ရန်၊ ရှာဖွေဖော်ထုတ်ရန်နှင့် တုံ့ပြန်ရန် ပူးပေါင်းအားထုတ်မှုများအတွက် လိုအပ်သည့် အရည်အသွေးပြည့်၊ ဘေးကင်းစိတ်ချပြီး အကျိုးထိရောက်၍ တတ်နိုင်သော ရောဂါရင်းမြစ် ရှာဖွေခြင်း၊ ကုထုံး၊ ဆေးဝါးနှင့် ကာကွယ်ဆေးကို ရရှိရန် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် ကမ္ဘာ့ကျန်းမာရေး လုံခြုံမှုကို ဦးစားပေးရန် လိုအပ်ချက်ကို အသိအမှတ်ပြုခြင်း။
၆။ အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံအကြား လက်ရှိနှင့် ဆောင်ရွက်ဆဲ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို လုပ်ဆောင်သည့် အမေရိကန်–အာဆီယံ အနာဂတ်ကာလ ကျန်းမာရေး အစီအစဉ်များကို ကြိုဆိုခြင်းနှင့် ကူးစက်တတ်သော ရောဂါထိန်းချုပ်မှု၊ လူအချင်းချင်းမကူးစက်နိုင်သောရောဂါကာကွယ်ရေး၊ ဘေးကင်းသော ရေရရှိမှု၊ အာဟာရနှင့် မိခင်နှင့် ကလေးကျန်းမာရေး အပါအဝင် ကောင်းမွန်သော အနာဂတ်၏ မျှဝေထားသော ရည်မှန်းချက်များ တိုးတက်စေရန် ရေရှည် မိတ်ဆက်လုပ်ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေခြင်း။ ဒေသအနှံ့ ကျန်းမာရေးစနစ် စွမ်းဆောင်ရည် အားကောင်းခြင်းနှင့် ဧပြီလ ၂၀၂၀ တွင်ကျင်းပသော ကိုဗစ်–၁၉ ဆိုင်ရာ အာဆီယံ–အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများအဆင့်အစည်းအဝေး၌ အမေရိကန်–အာဆီယံ အနာဂတ်ကာလ ကျန်းမာရေး ပညာတော်သင်ဟောင်းများကွန်ရက် (HFAN) စတင်ဆောင်ရွက်ခြင်းကိုမှတ်ချက်ပြု၍ ကျန်းမာရေး၏ အနာဂတ်မျိုးဆက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း။
ရှင်သန်လာနေသော စီးပွားရေးများမှတစ်ဆင့် ကျွန်ုပ်တို့၏ ပြည်သူများအတွက် အလားအလာများ တိုးတက်ခြင်း
၇။ TVET တွင် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း အလုပ်သမားအင်အား ဖွံ့ဖြိုးတိုးတက်မှုကို တိုက်တွန်းအားပေးခြင်းနှင့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းလုပ်ကိုင်သည့် နေရာဒေသရှိ ဒေသခံလူမှု အသိုက်အဝန်းများအတွက် ပံ့ပိုးခြင်း။
၈။ မိမိတို့ပြည်သူများအကြား စီးပွားရေး ချိတ်ဆက်မှုများနှင့် အပြန်အလှန်နားလည်သဘောပေါက်မှုများကို တည်ဆောက်ရေးအတွက် ပြည်သူအချင်းချင်း ဆက်ဆံရေးကဏ္ဍတိုးချဲ့ခြင်း။
၉။ အာဆီယံ၏ ရည်မှန်းချက်ဖြစ်သော မိမိတို့ ပြည်သူတို့၏ဘဝများ တိုးတက်ရေးနှင့် အဆင့်အတန်း အသက်အရွယ်မရွေး ပြည်သူအားလုံး လက်လှမ်းမီနိုင်သော ဒီဇိုင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့က တစ်ဆင့် ရေရှည်တည်တံ့သော မြို့ပြပုံစံဖော်ဆောင်ခြင်း၏ စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရေးကို ဆက်လက်ဖော်ဆောင်ရန်အတွက် အာဆီယံစမတ်စီးတီးကွန်ရက်နှင့် အမေရိကန်–အာဆီယံ စမတ်စီးတီး မိတ်ဖက် လက်တွဲဆောင်ရွက်ခြင်းကို အားကောင်းစေခြင်း။
၁၀။ သာယာဝပြောမှုနှင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ကျားကန်ပေးသည့် အမျိုးသမီးများ၏ စီးပွားရေး ပါဝင်ဆောင်ရွက်မှုနှင့် ငွေကြေးဆိုင်ရာ အားလုံးပါဝင်နိုင်မှုကို ပံ့ပိုးခြင်း။ လုပ်သားအင်အားစုအတွင်း အမျိုးသမီးများ၏ ပါရမီနှင့် စွမ်းရည်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည့် ပတ်ဝန်းကျင်ကို ပံ့ပိုးပေးခြင်းနှင့် ငွေကြေးကဏ္ဍတွင် အမျိုးသမီးများ တန်းတူညီမျှသော ရရှိနိုင်ရေးအတွက် အတားအဆီးများကို ဖယ်ရှားခြင်းအားဖြင့် အမျိုးသမီးများအတွက် ငွေကြေးကဏ္ဍလက်လှမ်းမီရရှိမှုကို မြှင့်တင်ခြင်း။
၁၁။ စီးပွားရေး တိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးမှုကို မြှင့်တင်ပေးပြီး အလုပ်သမားများ၏ အခွင့်အရေးကို လေးစား၍ ဆန်းသစ်မှု၊ စွန့်ဦးတီထွင်မှုနှင့် ချိတ်ဆက်မှုနိုင်စွမ်းအားကို စေ့ဆော်ပေးကာ သက်ဝင်လှုပ်ရှား၍ ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်ရသော စီးပွားရေးဆီသို့ ဦးတည်စေသည့်မူဝါဒများ ဖော်ဆောင်ရေးက အရေးပါသည့် အကြောင်းကို အသိအမှတ်ပြုလျက် ခိုင်မာအားကောင်း၍ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီမှုရှိကာ လူတိုင်း ပါဝင်နိုင်သည့် စီးပွားရေးတိုးတက်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမှုအပေါ် အခြေခံထားသည့် အားလုံးနှင့် သက်ဆိုင်သော သာယာဝပြောမှုကိုလိုလားခြင်း။
၁၂။ ၎င်းတို့ နှစ်သက်လျှင် ကိုယ်ပိုင်အလုပ်လုပ်ခြင်း အပါအဝင် ၎င်းတို့အတွက် သင့်လျော်သည့် အလုပ်အကိုင်များရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုများ၏ စီးပွားရေးလုပ်ငန်း ပါဝင်ဆောင်ရွက်မှုတွင် ပံ့ပိုးခြင်းအပြင် အာဆီယံနှင့် အမေရိကန်အကြား ဤနယ်ပယ်တွင် နောက်ထပ် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်းအတွက် စူးစမ်းဖော်ထုတ်ရန်ကတိပြုခြင်း။
၁၃။ အာဆီယံဒေသ၏ ကြီးမားသည့် အခြေခံအဆောက်အအုံ လိုအပ်များကို ဖြည့်ဆည်းရန်နှင့် အရည်အသွေးမီ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဆီယံအခြေခံအဆောက်အအုံဆိုင်ရာ တာဝန်ရှိသူများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ပေးရန်အတွက် Blue Dot Network မှတစ်ဆင့် အပါအဝင် ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှုကို ပိုမိုအားပေးခြင်း။ သည့်အတွက် အာဆီယံ ချိတ်ဆက်မှု ၂၀၂၅ နှင့် “ချိတ်ဆက်နိုင်မှုစွမ်းအားများကို ချိတ်ဆက်ခြင်း” ဖြင့် မာစတာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးခြင်းဖြင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။
၁၄။ E-commerce အပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးပံ့ပိုးမှုနှင့် နည်းပညာ အကူအညီ ကဲ့သို့သော အဓိက နယ်ပယ်များရှိ အစီအစဉ်များမှတစ်ဆင့် အာဆီယံဒေသတွင် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခြင်းအပါအဝင် ဒစ်ဂျစ်တယ်စီးပွားရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း။
၁၅။ စွမ်းအင် ဖူလုံရေးနှင့် ရေရှည်တည်တံ့မှု အပါအဝင် ဒေသဆိုင်ရာ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ခြင်းနှင့် ရေရှည်တည်တံ့၍ လူတိုင်းလက်လှမ်းမီနိုင်ပြီး ယုံကြည်စိတ်ချရသည့် စွမ်းအင် ရရှိမှုကို မြှင့်တင်ရန် စွမ်းအင် ပူးပေါင်းခြင်း ၂၀၁၆–၂၀၂၅ (APAEC) နှင့်ပတ်သက်သော အာဆီယံ လုပ်ဆောင်ချက် အစီအစဉ်အတွင်း ဖလှယ်မှုများကို တိုးချဲ့ခြင်း။
၁၆။ ပွင့်လင်းစိတ်ချ၍ ယုံကြည်ရသည့် အင်တာနက်သည် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်ခြင်း၏ မောင်းနှင်အားတစ်ခု ဖြစ်သည်ကို အသိအမှတ်ပြုလျက် ပြည်သူများ၏ အသက်မွေးမှုများနှင့် ဆန္ဒလိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အတူတကွဆောင်ရွက်ခြင်းဖြင့် ဆိုင်ဘာလုံခြုံရေး စွမ်းဆောင်ရည်များကို တိုးတက်စေရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ (ICT) ကို လုပ်ဆောင်နိုင်ရန်အလို့ငှာ မူဝါဒ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အတူတကွ ဆက်လက် ဆောင်ရွက်ခြင်း။
၁၇။ ဇီဝနည်းပညာ အပါအဝင် နည်းပညာနှင့် စိုက်ပျိုးရေး ဆန်းသစ်တီထွင်မှုများ၏ အသုံးပြုမှုသည် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အစားအသောက် ဘေးကင်းစိတ်ချမှုကို ဖြည့်တင်းပေးနိုင်သည်၊ ရေရှည်တံ့တည်မှုကို မြှင့်တင်နိုင်ပြီး အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးပေါ် မူတည်သော ကျေးလက်လူထုအတွက် စီးပွားရေး အခွင့်အလမ်းအသစ်များကို ပံ့ပိုးပေးနိုင်ပါသည်။
လူထု၏ အနာဂတ်ကို ကာကွယ်ရန် တာဝန်ယူ၍ ကြိုးပမ်းလုပ်ကိုင်သော အစိုးရများ
၁၈။ ကောင်းမွန်သော အုပ်ချုပ်မှု၊ အီလက်ထရွန်းနစ် အုပ်ချုပ်မှု၊ ဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးအပါအဝင် နယ်ပယ်များစွာတွင် အစိုးရအရာရှိများအတွက် စွမ်းဆောင်ရည် တည်ဆောက်မှုကို ပံ့ပိုးပေးခြင်း။
၁၉။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အာဆီယံ ကော်မရှင်မှတစ်ဆင့် အမျိုးသမီးများနှင့် ကလေးငယ်များ အထူးသဖြင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးတွင် တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်ခြင်းပုံစံ အားလုံးမှ ကာကွယ်ရန် လိုအပ်သည့် ဆောင်ရွက်ချက်များ အားလုံးကို ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များ လျှော့ချခြင်း၊ အထောက်အပံ့များပေးခြင်းနှင့် အကာအကွယ်ပေးခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို မြှင့်တင်ပေးလျက် ဒုက္ခခံစားခဲ့ရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဂရုပြုခြင်းနှင့် ခံစားရသူများ၏ ပြန်လည် ပေါင်းစည်းခြင်း၊ နေအိမ်တွင်ဖြစ်စေ လုပ်ငန်းခွင်၊ လူထု သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတွင် ဖြစ်စေ မည်သည့်ပုံစံ အကြမ်းဖက်မှုမျိုးအတွက်မဆို အမျိုးသမီးများ၊ ကလေးငယ်များနှင့် မသန်စွမ်းသူများအား ဒုက္ခပြန်၍ခံစားရခြင်းမှ ကာကွယ်ပေးခြင်းနှင့် ပြစ်မှုကျူးလွန်များနှင့် အပြစ်လုပ်သူများအား သင့်လျော်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်ခြင်းနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ သဘောထားများနှင့် အပြုအမူများတွင် အပြောင်းအလဲများကို မြှင့်တင်ခြင်း။
၂၀။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရောဂျက် ရေးဆွဲခြင်းနှင့် ပရိုဂရမ်ဒီဇိုင်းတွင် ကျားမ မရွေး ပါဝင်မှုကို စိစစ်ခြင်းနှင့် မြှင့်တင်ခြင်းအတွက် လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ကလေးသူငယ် ရှေးဦးပညာရေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းနှင့် အတတ်ပညာကျွမ်းကျင်မှု သင်တန်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး ကဲ့သို့သော အားလုံးအတွက် အခြေခံလူမှုရေး ဝန်ဆောင်မှုများကို တန်းတူညီမျှ ရရှိမှုကို မြှင့်တင်ရန်အတွက် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်မှုကို မြှင့်တင်ခြင်း။
၂၁။ လူကုန်ကူးသူများကို တရားစွဲရန်၊ လူကုန်ကူးမှုကိုကာကွယ်တားဆီးရန်နှင့် လူကုန်ကူးခြင်းခံခဲ့ရသူများကို အကာအကွယ်ပေးရန်အတွက် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များကို လူကုန်ကူးခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်နှင့် လူကုန်ကူးမှုဆန့်ကျင့်တိုက်ဖျက်ရေးအရေးယူဆောင်ရွက်ခြင်းဆိုင်ရာအာဆီယံ လုပ်ဆောင်ချက် အစီအစဉ် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကိုဆက်လက် ကူညီပံ့ပိုးခြင်း။
၂၂။ အခွင့်အရေးများကို မြှင့်တင်ရန်၊ ကာကွယ်ရန်နှင့် ဒေသတွင်း မသန်စွမ်းသူများ၏ ပါဝင်မှုကို မြှင့်တင်ရန် “အာဆီယံ စွမ်းဆောင်မှု မာစတာစီမံချက် ၂၀၂၅ – မသန်စွမ်းသူများ၏ အခွင့်အရေးများ ပါဝင်မှု” ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အားထုတ်မှုများကို ပံ့ပိုးခြင်း။
၂၃။ ဒီမိုကရေစီ အားကောင်းစေခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အားထုတ်မှုများကို ပံ့ပိုးခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုကို မြှင့်တင်ခြင်းနှင့် တရားဥပဒေစိုးမိုးမှုကိုလိုက်နာခြင်းအားဖြင့် မိမိတို့၏ ပြည်သူများအတွက် အခွင့်အလမ်းများကို ဆက်လက်မြှင့်တင်ခြင်း။
၂၄။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတွင်း ထည့်သွင်းပြဋ္ဌာန်းထားသော အခွင့်အရေးများကို လေးစားလိုက်နာခြင်း။
၂၅။ အာဆီယံ ပေါင်းစည်းမှုအစီအစဉ် (IAI) လုပ်ငန်းစီမံချက် IV (၂၀၂၁–၂၀၂၅) အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကတစ်ဆင့် အာဆီယံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကြားအဟကို ကျဉ်းမြောင်းစေရာတွင် အာဆီယံ၏ အားထုတ်မှုများကို ဆက်လက်ပံ့ပိုးပေးခြင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း။
၂၆။ အာဆီယံတွင် လူသားအရင်းအမြစ် တည်ဆောက်ရန်၊ ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန် ရည်ရွယ်သော မဲခေါင်–အမေရိကန် မိတ်ဖက်လက်တွဲမှု (MUSP), ဧရာဝတီ–ကျောက်ဖယား–မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS)၊ ဘရူနိုင်းဒါရုဆလင်–အင်ဒိုနီးရှား–မလေးရှား–ဖိလစ်ပိုင် အရှေ့ အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ် (BIMP-EAGA)၊ အင်ဒိုနီးရှား–မလေးရှား–ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး တြိဂံနယ်မြေ (IMT-GT) ကဲ့သို့သော ဒေသဆိုင်ရာ ကန့်သတ်ချက်များကို ပံ့ပိုးခြင်း အပါအဝင် ချိတ်ဆက်ပေါင်းစည်းထားသော အာဆီယံဒေသ တည်ဆောက်ခြင်း၏ လိုအပ်မှုကို မှတ်သားခြင်း။
# # #