ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူများ တိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်း၍ ပူးတွဲထုတ်ပြန်ချက်
စစ်အာဏာရှင်၏ နိုင်ငံတစ်ဝန်း ကျူးလွန်ထားသော ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မိမိတို့ ရှုတ်ချကြောင်း ထပ်မံအသိပေးပြောကြားလိုသည်။
မကြာသေးမီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကို ရပ်တန့်ရမည်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၄င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။
စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်ခံရမှုများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် မိမိတို့ တောင်းဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိမိတို့ကလည်း ထပ်တူတောင်းဆိုလိုက်သည်။
ဤကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော – ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။