မီဒီယာများသို့အသိပေးချက်
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
၂၀၂၂ သြဂုတ် ၂၄
အောက်ဖော်ပြပါ ကြေညာချက်သည် ရိုဟင်ဂျာလူမျိုးများကို မြန်မာစစ်တပ်ကတိုက်ခိုက်မှု ငါးနှစ်ပြည့်အဖြစ် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ဖြစ်ပါသည်။
လွန်ခဲ့သော ငါးနှစ်က မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအသိုက်အဝန်းများကို အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ပြီး ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ အမျိုးသား၊အမျိုးသမီးများနှင့် ကလေးငယ်များကို သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် နှိပ်စက်ကလူပြုခြင်းတို့ကြောင့် လူပေါင်း၇၀၀,၀၀၀ကျော်သည် ရှေးယခင်က အလားတူတိုက်ခိုက်မှုများနှင့် ဆယ်စုနှစ်ပေါင်းများစွာ ဒေသတွင်းပျံ့နှံ့ခဲ့သည့်ခွဲခြားဆက်ဆံမှုများကြောင့် ရောက်ရှိနေကြသော အခြားရိုဟင်ဂျာများနည်းတူ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရပါသည်။ ဤကဲ့သို့ ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်သည့် တုန်လှုပ်ဖွယ်ရာလုပ်ရပ်သည် လောလောလတ်လတ်(ကမ္ဘာ့)သမိုင်းတွင် လူနည်းစုလူမျိုးတစ်မျိုး၏ ကြီးမားသော အစုအပြုံလိုက်နေရပ်စွန့်ခွာပြောင်းရွှေ့မှုများထဲမှ တစ်ခုဖြစ်လာခဲ့ပါသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်ထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာဥပဒေအရ ကြီးလေးသည့်ရာဇဝတ်မှုများအဖြစ်သတ်မှတ်နိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို အစဉ်တစိုက်ကျူးလွန်နေသည့် အလေ့အထကို မိမိတို့ စိုးရိမ်မိပါသည်။ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်သောကြမ်းကြုတ်ရက်စက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက် မမြောက် လတ်တလောစစ်ဆေးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာတရားရုံးတော်သို့ ဂမ်ဘီယာမှ တိုင်ကြားသောအမှုအပါအဝင် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးအတွက် လုပ်ဆောင်နေကြသည့် အခြားသော အစီအစဉ်များကိုလည်း မိမိတို့ အသိမှတ်ပြုပါသည်။ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံးတော်မှ ညွှန်ကြားသည့် ကြားကာလအစီအမံများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း မိမိတို့ ထပ်လောင်းပြောဆိုပါသည်။
ဤကဲ့သို့အများမေးငေါ့အပြစ်တင်ဖွယ်လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်သူများသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူများဖြစ်ပြီး မျက်မှောက်ကာလတွင်လည်း မြန်မာနိုင်ငံတဝှမ်းမှ အခြားသော လူနည်းစု တိုင်းရင်းသားများနှင့် ဘာသာခြားများအပါအဝင် အတိုက်အခံနိုင်ငံရေးသမားများနှင့် ထိခိုက်လွယ်အသိုက်အဝန်းများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကိုဆက်လက် ကျူးလွန်လျက်ရှိသလို ဆယ်စုနှစ်များစွာလည်း အလားတူကျူးလွန်ခဲ့ကြပြီး ဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ ခွဲခြားဆက်ဆံမှု၊ စနစ်တကျ နှိပ်ကွက်မှုနှင့် နိုင်ငံသားဖြစ်ခွင့်အပါအဝင် (ပညာရေး၊ ကျန်းမာရေးစသည့်) အခြေခံဝန်ဆောင်မှုများအလှမ်းမီရရှိရေးမှ တားဆီးပိတ်ပင်ခံရခြင်းစသည့် ဆင်းရဲဒုက္ခများကို ရိုဟင်ဂျာလူမျိုးများကိုယ်တိုင်လည်း တွေ့ကြုံခဲ့ကြရပါသည်။ ရိုဟင်ဂျာလူမျိုး ၁၅၀,၀၀၀ ခန့်သည် ရခိုင်ပြည်နယ်ရှိ စခန်းတချို့တွင် လွတ်လပ်စွာ လှည့်လည်သွားလာခွင့်မရှိဘဲ အကျယ်ချုပ်သဘောဖြင့် ရှိနေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိပြီဖြစ်ပါသည်။ လက်ရှိအခြေအနေများအရ အမျိုးသမီးများနှင့် မိန်းခလေးငယ်များအတွက် ဘေးအန္တရာယ်ကြုံတွေနိုင်ခြေမှာ အလွန်အမင်းမြင့်မားလျက်ပင်ရှိပါသည်။
၂၀၁၇ တွင် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ် ၅နှစ်ပြည့်မြောက်သည့်နေ့တွင် ရိုဟင်ဂျာအသိုက်အဝန်းများ၏ သူရသတ္တိကို မိမိတို့ ချီးကျူးပြီး အသက်ဆုံးရှုံးခဲ့ရသူများ၊ သားကောင်ဖြစ်ခဲ့ရသူများအားလုံးကို မိမိတို့ အမှတ်ရ အောက်မေ့မိပါသည်။ ဤကဲ့သို့ ချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့သူများကို တာဝန်ခံမှု တာဝန်ယူမှုရှိစေရန် ဆောင်ရွက်သွားမည့် မိမိတို့၏ ကတိကဝတ်နှင့် အဆိုပါဦးတည်ချက်ကို ဖော်ဆောင်နေကြသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့် အခြားသော အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကိုလည်း မိမိတို့ အသိအမှတ်ပြုအပ်ပါသည်။ ဆယ်စုနှစ်များစွာ ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာနိုင်ငံတွင်းမှ အခြားအသိုက်အဝန်းများ ခါးစည်းခံခဲ့ရသည့် စိုးရိမ်ဖွယ်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများအပါအဝင် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဆင်းရဲဒုက္ခခံနေကြရသည့်သူများအပေါ် အကြမ်းဖက်မှုများရပ်တံ့ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို မိမိတို့ တောင်းဆိုပါသည်။ ကုလသမဂ္ဂလက်အောက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဘင်းဂလားဒေ့ရှ်နိုင်ငံနှင့် ၄င်းတို့၏ သဘောထားကြီးမှုနှင့် ရိုဟင်ဂျာလူမျိုးများအတွက် အသက်ကယ်ဆယ်ရေးအထာက်အပံ့များပေးအပ်ခြင်းများအပြင် ဒုက္ခသည်များအားလုံးနှင့် အကျိုးသက်ရောက်ခြင်းခံရသည့် ဌာနေအသိုက်အဝန်းများ၏ လိုအပ်ချက်နှင့် အခွင့်အရေးများကို သေချာစွာဖြည့်ဆည်းပေးနိုင်ရန် ဘင်းဂလားဒေ့ရှ်နိုင်ငံကို ကူညီပံ့ပိုးမှုများအတွက် အခြားနိုင်ငံများကိုလည်း မိမိတို့ကျေးဇူးတင်ရှိပါသည်။ ရိုဟင်ဂျာအသိုက်အဝန်းများအတွက် အကာအကွယ်နှင့် အထောက်အပံ့များပေးအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းများကို အရေးပါသည့် အားထုတ်ကြိုးပမ်းမှုများကိုလည်း မိမိတို့ ကျေးဇူးတင်ရှိပါသည်။ တစ်ချိန်တည်းတွင် ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရှိစေရန်၊ ဌာနေအသိုက်အဝန်းများကိုပံ့ပိုးကူညီရန်နှင့် ဘေးကင်းလုံခြုံပြီး မိမိတို့ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ မိမိတို့အသိုက်အဝန်းထံပြန်နိုင်ရေး ရေရှည်တည်တံ့မည့်အခြေအနေများ အကောင်အထည်ဖော်ဆောင်ပါရန်လည်း နိုင်ငံတကာအသိုက်အဝန်းကို မိမိတို့ တောင်းဆိုပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်အရေး ဆွေးနွေးပြောဆိုမှုများတွင် ရိုဟင်ဂျာလူမျိုးများသည်လည်း ထိထိရောက်ရောက်ပါဝင်နိုင်ရပါမည်။