မြန်မာစစ်အာဏာရှင်နှင့် ၄င်းကိုထောက်ခံသူများအပေါ် ပိုမိုဖိအားပေးလာခြင်း

မြန်မာစစ်အာဏာရှင်နှင့် ၄င်းကိုထောက်ခံသူများအပေါ် ပိုမိုဖိအားပေးလာခြင်း

 

သတင်းထုတ်ပြန်ချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်
ဇန်နဝါရီ ၃၁၊ ၂၀၂၂

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းသည့်အချိန်မှစပြီး မြန်မာပြည်သူများမှ စစ်တပ်အုပ်ချုပ်မှုကို မြဲမြန်စွာဆန့်ကျင်ခဲ့ကြပြီး တိုင်းပြည်ကို အားလုံးပါဝင်နိုင်သော ဒီိမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ကြပါသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ စစ်အာဏာရှင်သည် တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ်အုပ်ချုပ်နိုင်စေရေးအလို့ငှါ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် ယခုအခါ လူပေါင်း ၁,၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး အစိုးရအရာရှိများ၊ အရပ်ဘက်နှင့် အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၁၀,၀၀၀ ကျော်ကို ထိန်းသိမ်းထားခဲ့ပါသည်။

အဆိုပါအာဏာသိမ်းမှုတစ်နှစ်ပြည့်သည့် အချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ်၏ စစ်လက်နက်ဝယ်ယူရေးဌာန၊ စစ်အာဏာရှင်အား ပံ့ပိုးကူညီသူ ထင်ရှားကျော်ကြားသည့် စီးပွါးရေးသမား ဦးတေဇနှင့် ၄င်း၏ သားများဖြစ်သော ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ စစ်အာဏာရှင်အား ပံ့ပိုးကူညီသူ ထင်ရှားကျော်ကြားသည့် စီးပွါးရေးသမား (ဦး)ဂျော်နသန်မျိုးကျော်သောင်း နှင့် ၄င်း၏ KT Services and Logistics (KTSL) ကုမ္ပဏီလီမီတက် တို့ကို အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည် ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပြည်ထောင်စုတရားသူကြီးချုပ် (ဦး)ထွန်းထွန်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် (ဒေါ်)သီတာဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ(ဦး)တင်ဦးတို့သည် ၄င်းတို့၏ ရာထူးကိုအသုံးပြုကာ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးယုတ်လျော့စေရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများ ချိနဲ့ဆုတ်ယုတ်စေရန် စစ်အာဏာရှင်အတွက် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့အရေးယူသွားမည်ဖြစ်သည်။ ဤအရေးယူမှုများသည် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာပြည်သူများအပေါ် နိုင်ငံတကာအသိုက်အဝန်း၏ ခိုင်မာသောထောက်ခံမှုကို ပြသသည့်အနေဖြင့် ယခုအရေးယူမှုများကို ယူနိုက်တက်ကင်းဒမ်း နှင့် ကနေဒါနိုင်ငံတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထို့အပြင် အာဏာသိမ်းယူမှု နှင့် ယမန်နှစ် ခရစ္စမတ်အကြိုနေ့တွင် ကယားပြည်နယ်အတွင်း ကလေးငယ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဝန်ထမ်းများအပါအဝင် အနည်းဆုံး လူ ၃၅ ဦးအသတ်ခံရမှုအပါအဝင် စစ်အာဏာရှင်၏ အကြမ်းဖက်မှုများအပေါ် တာဝန်ခံမှု တာဝန်ယူမှုရှိစေရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားပါမည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် မတရားထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရေး ဖိအားပေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆီးအတားမရှိ ပေးအပ်နိုင်ရေးနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်ရေးတို့အတွက် စစ်အာဏာရှင်အား ဖိအားပေးရာတွင် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာမှ မိတ်ဖက်များနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမည်။

ယနေ့ထုတ်ပြန်သော အရေးယူမှုအကြောင်းအသေးစိတ်သိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကိုကြည့်ပါ။