ယူအက်စ်အေ့ဒ် လင်ကွန်းပညာတော်သင် ၁၄ ဦး မဟာဘွဲ့တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာ

ချက်ချင်းထုတ်ပြန်ရန်
သြဂုတ် ၁၃၊ ၂၀၂၀

ယူအက်စ်အေ့ဒ် လင်ကွန်းပညာတော်သင် ၁၄ ဦး မဟာဘွဲ့တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာ

 

ရန်ကုန်မြန်မာနိုင်ငံမှလူငယ်ပညာရှင် ၁၄ ဦးသည် အမေရိကန်တက္ကသိုလ်များတွင် ပညာသင်ဆု အပြည့်အဝဖြင့် မဟာဘွဲ့တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ယခုလတွင် ထွက်ခွာကြမည် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (ယူအက်စ်အေ့ဒ်) ၏ ယာယီဌာနေညွှန်ကြား ရေးမှူး မစ္စ ပါမဲလာဖက်ဆန်ဒန် က ယူအက်စ်အေ့ဒ်အနေဖြင့် လာမည့် ငါးနှစ်အတွင်း လင်ကွန်းပညာသင်ဆု အစီအစဥ်ကတဆင့် ကျောင်းသားအယောက် ၁၀၀ ကို ထောက်ပံ့မည့် အစီအစဥ်များ၏ ပထမဦးဆုံးအသုတ် ကျောင်းသားများနှင့် မိတ်ဆက်ခဲ့ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းက အခုလို လူငယ်ခေါင်းဆောင် ၁၄ ဦး မဟာဘွဲ့တက်ရောက်ကြဖို့အတွက် အမေရိကန်ပြည်ထောင်စုကို စေလွှတ်ခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖန်တီးပုံဖော်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် နိုင်ငံတစ်နံတစ်လွှားက ထူးချွန်တဲ့သူတွေ ပညာရေးနဲ့ခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံတွေကိုရစေဖို့ အခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်ဟု သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီကပြောပါသည်။  

အမေရိကန်ပြည်ထောင်စုရှိတက္ကသိုလ်များသည် မြန်မာနိုင်ငံမှတက္ကသိုလ်များတွင် မရှိသေးသည့် ဘွဲ့လွန်အစီအစဥ် အများအပြားကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ စိုက်ပျိုးရေးဘောဂဗေဒ၊ ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်ရေးပညာ ကဲ့သို့သော နယ်ပယ်များမှ ဘွဲ့များရရှိအောင် မြန်မာနိုင်ငံ၏အနာဂတ်ခေါင်းဆောင်များကို ပညာသင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အစိုးရပိုင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် နည်းပညာစွမ်းရည်များ ရှိလာကြလိမ့်မည်။ ထိုနည်းပညာစွမ်းရည်များဖြင့် ၂၁ ရာစုတွင် ပိုမိုရှုပ်ထွေးလာသော ပြဿနာကိစ္စများကြားမှ ပြည်သူများကိုဦးဆောင်မှု ပေးနိုင်လိမ့်မည်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီအနေနဲ့ လင်ကွန်းပညာသင်ဆုအစီအစဥ်ကို ကျွန်မတို့ မြင်တာကတော့ မြန်မာနိုင်ငံမှာ အားလုံးပိုမိုပါဝင်နိုင်တဲ့ ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ပံ့ပိုးပေးဖို့ အမေရိကန်ပြည်သူတွေရဲ့ အားစိုက်ထုတ်မှုတွေထဲက အစိတ်အပိုင်းတစ်ခုလို့ မြင်ပါတယ်ဟု ယူအက်စ်အေ့ဒ်၏ ယာယီဌာနေညွှန်ကြားရေးမှူးဖြစ်သော မစ်ပါမဲလာဖက်ဆန်ဒန်က ပြောကြားပါသည်။ 

အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွါကြမည့် လင်ကွန်းပညာတော်သင် ပထမဆုံးအသုတ်တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကို ကိုယ်စားပြုသော အမျိုးသမီး ကိုးဦးနှင့် အမျိုးသားငါးဦး ပါဝင်သည်။ အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ် ၁၀ ခုတွင် သွားရောက်ပညာသင်ကြားကြမည့် လင်ကွန်းပညာတော်သင် ၁၄ ဦးစလုံးသည် ဂျော့ချ်မေဆန်တက္ကသိုလ် တွင် ထပ်လောင်း ဘာသာရပ်ဖြစ်သော ခေါင်းဆောင်မှုနှင့် ပဋိပက္ခဖြေရှင်းရေးဘာသာရပ်များကိုလည်း ပါဝင်သင်ယူ ကြမည်ဖြစ်ပါသည်။ 

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် ၂၀၂၄ ခုနှစ်ထိ လင်ကွန်းပညာသင်ဆုပေါင်း ၁၀၀ ချီးမြှင့်သွားရန် နိုင်ငံတကာပညာရေးအင်စတီကျု (အိုင်အိုင်အီး) နှင့် မိတ်ဖက် ပူးပေါင်းထားပါသည်။ ပညာသင်ဆုသတင်းအချက်အလက်သည် မြန်မာနိုင်ငံတဝန်းရှိ လူမျိုးစုအသိုင်းအဝိုင်းအားလုံးမှ လျှောက်ထားလိုသူများထံသို့ ရောက်ရှိစေရန် မြန်မာနိုင်ငံရှိ သပြေပညာရေးဖောင်ဒေးရှင်းက အသေအချာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။