ကိုဗစ်–၁၉ တုံ့ပြန်ရေး မြန်မာနိုင်ငံအတွက်ပေးအပ်သော အမေရိကန်အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုအကူအညီ
ဇူလိုင် ၁၈၊ ၂၀၂၀ အထိရှိထားသောအချက်အလက်များ
မြန်မာနိုင်ငံ၏ ကိုဗစ်–၁၉ ကပ်ရောဂါတုံ့ပြန်ရေးအတွက် အမေရိကန်အစိုးရသည် ဒေါ်လာ ၁.၈ သန်းကျော် အကူအညီပေးလျက်ရှိသည်။ ဤရန်ပုံငွေများတွင် ကျန်းမာရေးကဏ္ဍအတွက် ဒေါ်လာ ၁၀.၃ သန်း နီးပါးနှင့် ကပ်ရောဂါကာကလအတွင်း ထိခိုက်ခံစားလွယ်ပြည်သူများနှင့် အိမ်ရှင်ပြည်သူများကို အကူအညီပေးရန်အပါအဝင် ဘေးအန္တရာယ်နှင့် လူသားချင်းစာနာမှု အကူအညီအတွက် ပေးအပ်သော ဒေါ်လာ ၈.၂ သန်းလည်းပါဝင်ပါသည်။ ဤအကူအညီသည် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း ရေရှည်အစီအစဉ်အနေဖြင့် ပေးအပ်လာခဲ့သည့် ဒေါ်လာ ၁.၃ ဘီလျံ အပြင်ထပ်မံပေးအပ်ခြင်း ဖြစ်ပါသည်။ ယင်း ၁.၃ ဘီလျံတွင် ကျန်းမာရေးအတွက် ပေးအပ်သော ဒေါ်လာ ၁၇၆ သန်းလည်းအပါအဝင်ဖြစ်ပါသည်။
ကျန်းမာရေးအကူအညီ
မြန်မာနိုင်ငံအခြေစိုက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ကိုဗစ်–၁၉ ကျန်းမာရေးတုံ့ပြန်မှု
မြန်မာနိုင်ငံအခြေစိုက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် ကိုဗစ်–၁၉ တုံ့ပြန်မှုအတွက် ၂၀၂၀၊ ဖေဖော်ဝါရီလမှ စတင်၍ ဒေါ်လာ ၈.၃ သန်းကို အောက်တွင်ဖော်ပြထားသည့်အတိုင်း ပေးအပ်နေပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃၁,၅၀၀၊ မျက်နှာအကာ ၁,၅၀၀၊ နှာခေါင်းစည်းများ၊ ဝတ်ရုံများ၊ ဖိနပ်ဖုံးများနှင့် မျက်ကာမျက်မှန် ၁,၀၀၀တို့ကိုလည်းပေးအပ်ခဲ့ပါသည်။ထိုပေးအပ်လှူဒါန်းမှူကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးထံသို့မတ်လ၆ရက်ကလွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ကိုဗစ်ဖြည့်စွက်ရန်ပုံငွေ ဒေါ်လာ ၆.၅ သန်းကို အလှူရှင်များစွာဖြင့် လည်ပတ်နေသော ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအစီအစဉ်သို့ အောက်ဖော်ပြပါ အစီအစဉ်များအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက ၂၀၂၀၊ ဧပြီနှင့် မေလအတွင်း ပေးအပ်ခဲ့ပါသည်။
(က) ရပ်ရွာလူထုအဖွဲ့အစည်းများနှင့်ကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရေး အတွက် ကာကွယ်တာဆီးရေးအစီအစဉ်များ
(ခ) ရောဂါစောစီးစွာရှာဖွေဖော်ထုတ်ခြင်း၊ ကူးစက်မှုခြေရာခံခြင်း၊ ရွှေ့ပြောင်းလုပ်သားများအား လိုက်လံရှာဖွေ ဖော်ထုတ်ခြင်း၊ ပြန်လည်ဝင်ရောက်သည့်နေရာများစီမံခြင်း
(ဂ) ကူးစက်ခံရသူများအား အကူအညီပေးရေးအတွက် စောစီးစွာတုံ့ပြန်ခြင်း
(ဃ) ကိုဗစ်–၁၉ ကို ကာကွယ်တားဆီးခြင်း၊ ရှာဖွေခြင်းနှင့် နည်းလမ်းတကျတုံ့ပြန်ခြင်းအတွက် စနစ်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် မဖြစ်မနေပေးအပ်ရမည့် ဝန်ဆောင်ပေးမှုများ မရပ်တန့်စေခြင်း
(င) ကျား/မ အခြေပြု၍ ဖြစ်တတ်သော ကြမ်းတမ်းစွာပြုမူမှုများ နှင့်
(စ) ကူးစက်တတ်သောရောဂါများ၊ မိခင်နှင့်မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးအပါအဝင် မဖြစ်မနေပေးအပ်ရမည့် ကျန်းမာရေးစောင့်ရှောက်မှု အဆက်မပြတ်စေရေး
ဤရန်ပုံငွေကတစ်ဆင့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ပေးအပ်သောအကူအညီသည် ကူးစက်မှု ခြေရာခံခြင်းနှင့် အဖျားတိုင်းခြင်းအပါအဝင် ကျန်းမာရေးဌာနများနှင့် ကန့်သတ်စောင့် ကြည့်သည့် နေရာပေါင်း ၃၅၀ နှင့်ရပ်ရွာလူထုအခြေပြု စောင့်ကြပ်ကြည်ရှုမှုအစီအစဉ်ကတစ်ဆင့် လူပေါင်း ၁၃၅,၂၇၅အတွက်စောင့်ကြပ်ကြည့်ရှုပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ယင်းကာလအတွင်းကူးစက်ခြင်းခံရသည်ဟုမသင်္ကာရသူ၄၃ဦးကိုကျန်းမာရေးဌာနများသို့လွှဲပြောင်းပေးနိုင်ခဲ့ပြီးသွားလာရခက်ခဲသောနေရာများနှင့်ပဋိပက္ခဘေးသင့်ရာနေရာများမှစမ်းသပ်စစ်ဆေးရန်နမူနာ၂၅၆ခုကိုလည်းစစ်ဆေးပေးနိုင်သည့်ဌာနများသို့ပို့ပေးနိုင်ခဲ့ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် ကျန်းမာရေးအစီအစဉ်အတွက် မတ်လနှောင်းပိုင်းအတွင်း က စတင်ခဲ့သော မြန်မာနိုင်ငံအတွင်း Save the Children က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Breakthrough Action အစီအစဉ်တို့နှင့် ကမ္ဘာလုံးဆိုင်ရာ လက်ရှိသဘောတူညီမှု များကတစ်ဆင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁.၈ သန်းကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီအနေနှင့် ၎င်း၏ အရေးပေါ်တုံ့ပြန်မှု ရန်ပုံငွေအစီအစဉ်အတွက် ခွဲဝေထားခဲ့သည်။
- မတ်လအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက အကူအညီ ပေးမှုနှင့်အတူ မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ပထမဆုံး နမူနာ ၃,၀၀၀ ကိုစစ်ဆေးနိုင်ခဲ့ပြီး ကိုဗစ်–၁၉ မသင်္ကာသူ ၁၉ ဦးကိုခြေရာခံနိုင်ခဲ့ကာ အတည်ပြုခြင်း၊ ထိတွေ့မှု ဖော်ထုတ်ခြင်းတို့ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများကိုကူးစက်မှုမှကာကွယ်ပေး၍ ၎င်းတို့ကိုယ်တိုင်နှင့် လူနာများကို ကာကွယ် ပေးရေးအတွက် သတင်းအချက်အလက်များနှင့် အရင်းအမြစ်များ ပံ့ပိုးကာ အရေးကြီးသော ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတစ်ဆင့်ပေးအပ်သော အမေရိကန် ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုလည်း အကူအညီပေးနေပါသည်။
- အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ယူနီဆက်ဖ်သို့ ပေးအပ်သောအကူအညီနှင့်အတူ ယူနီဆက်ဖ်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကိုဗစ်–၁၉ နှင့်ပတ်သက်သော တိကျသည့် သတင်းအချက်အလက်များကို လူငါးသန်းကျော်ရရှိခဲ့သည်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ၏အကူအညီသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပဋိပက္ခဘေးသင့်ရာ နေရာများမှ ကျန်းမာရေးဌာန ၁၉၅ ခုရှိကျန်းမာရေး လုပ်သားများအတွက် N95 နှာခေါင်းစည်း ၂၉,၉၉၅ ခုကိုလည်းလှူဒါန်းပေးနိုင်ခဲ့သည်။ ယင်းသို့ လှူဒါန်းမှု၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ပဋိပက္ခဘေးသင့်ရာ နေရာများတွင်ဆောင်ရွက်နေကြသော အစိုးရ မဟုတ်သည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
- ဇွန်လအတွင်းစတင်ခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖော်ဆောင်သည့် “ပူးပေါင်းကာကွယ်” ကိုဗစ်–၁၉ အသိပညာပေးလှုပ်ရှားမှုကတစ်ဆင့် ကိုဗစ်–၁၉ ကူးစက်မှုမှ မည်သို့ တားဆီးကာကွယ်ကြရမည့် အကြောင်း သတင်းအချက်အလက်များကို ပထမသီတင်းပတ် နှစ်ပတ်အတွင်း လူပေါင်း ၁.၉ သန်းကျော် ရရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်းလူမှုအသိုက်အဝန်းများထံရောက်ရှိစေရေးအတွက် “ပူးပေါင်းကာကွယ်” အစီအစဉ်တွင် ဘာသာစကားခြောက်မျိုး အသုံးပြုခဲ့ကြသည်။ ဤလုပ်ဆောင်မှုကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ Breakthrough Action အစီအစဉ်ကတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Save the Children က ကူညီပေးခဲ့သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC)
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) သည် ၂၀၁၅ မှစတင်၍ အိပ်ချ်အိုင်ဗွီ စစ်ဆေးခြင်း၊ စစ်ဆေးအတည်ပြုခြင်း၊ အချက်အလက်စီမံခန့်ခွဲ့ခြင်း၊ ဇီဝလုံခြုံရေး၊ အရည်အသွေးရှိသောစီမံခန့်ခွဲမှုစနစ်၊ ISO 15189 အသိအမှတ်ပြုလက်မှတ်၊ ဝက်သက်၊ ဂျိုက်သိုးအတွက် လိုအပ်သော အကူအညီများနှင့် တုပ်ကွေးရောဂါဓာတ်စမ်းပစ္စည်း စသည့်နည်းပညာ အကူအညီများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးအပ်လာခဲ့သည်။
- ကိုဗစ်–၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာကွင်းဆင်းသင်တန်းအစီအစဉ်နှင့် ကိုဗစ်–၁၉ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကူးစက်ရောဂါပျံ့ပွားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) က ဒေါ်လာ ၁.၉၅ သန်း အကူအညီပေးမည့်အကြောင်း ကြေညာခဲ့သည်။
- အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) သည် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနနှင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ နည်းပညာအကူအညီများ ပေးအပ်ခြင်းအပါအဝင် ကပ်ရောဂါတုံ့ပြန်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အဓိက အရေးပါသော ဌာနများနှင့်အတူ အနီးကပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အဝေးလှမ်း၍ရော၊ ဒေသဆိုင်ရာ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) အဖွဲ့သားများနှင့်အတူ ဖေဖော်ဝါရီလအတွင်းက လူကိုယ်တိုင်ပါ ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
- အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) သည် ရန်ကုန်နှင့် ဘန်ကောက်ရှိ ရုံးများမှနေ၍ အပြန်အလှန်နည်းပညာအကူအညီများပေးအပ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဦးဆောင်သော ကိုဗစ်–၁၉ တုံ့ပြန်ဆောင်ရွက်မှု၊ အထူးသဖြင့် ဓာတ်ခွဲခန်းအတွင်းစမ်းသပ်စစ်ဆေးမှုနှင့်စောင့်ကြပ်ကြည့်ရှုမှု၊ ကုသမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ကူးစက်မှုထိန်းချုပ်ရေး အကောင်အထည်ဖော်ဆောင်မှု အဖွဲ့များနှင့် အတူဆောင်ရွက်ခြင်းကဲ့သို့ ဘက်ပေါင်းစုံနည်းပညာနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များကတစ်ဆင့်လည်း အကူအညီပေးလျက်ရှိပါသည်။
- ထို့ပြင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) သည် အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးများပြင်ပက စီမံခန့်ခွဲသည့် ဒေသဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်သစ် များစွာကိုလည်း စတင်ဆောင်ရွက်နေသည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ဓာတ်ခွဲခန်းစနစ်များတွင် ဇီဝလုံခြုံရေး၊ အရည်အသွေးစီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုနှင့်စီမံခန့်ခွဲမှုစွမ်းရည်၊ ရွှေ့ပြောင်းလုပ်သားများကဲ့သို့သော တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့သွားလာသူများအတွက် ဝင်ထွက်ပေါက်များတွင် စောင့်ကြည့်မှု၊ အနာဂတ်တွင် တိရစ္ဆာန်မှတစ်ဆင့်လူသို့ ကူးစက်တတ်သော ရောဂါပျံ့ပွားမှုကို တားဆီးကာကွယ်၍ ရှာဖွေဖော်ထုတ်ရာတွင် အကူအညီပေးနေသော One Health အစီအစဉ်များကို ပိုမိုအားကောင်းစေမည် ဖြစ်ပါသည်။
- ဤသို့လုပ်ဆောင်မှုသည် မြန်မာနိုင်ငံတွင် ၂၀၁၈ ကစတင်ခဲ့သော ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ကွင်းဆင်သင်တန်းအစီအစဉ်မျိုးအပါအဝင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ပေးပါသည်။ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ကွင်းဆင်သင်တန်းအစီအစဉ်မှနေ၍ ၂၀၁၉ ခုနှစ်တွင် “ရောဂါရှာဖွေရေး” ဖြင့် ၁၅ ဦးသင်တန်းပြီးဆုံးခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံ၏ ကိုဗစ်–၁၉တုံ့ပြန်ရေးတွင်လေးလေးနက်နက်ဖြင့်နည်းလမ်းပေါင်းစုံမှပါဝင်ဆောင်ရွက်ပေးလျက်ရှိနေပါသည်။
ထို့ပြင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအတွက် အမေရိကန်–ထိုင်း ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် Armed Forces Research Institute of Medical Sciences (AFRIMS) ကတစ်ဆင့်အခြားသောအလှူရှင်များကပေးအပ်သည့်ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေးစက်ကိရိယာများနှင့်ထောက်ပံ့ရေးပစ္စည်းများကိုလည်းမြန်မာနိုင်ငံသို့ပေးအပ်ခဲ့ပါသည်။
လူသားချင်းစာနာမှုအကူအညီ
ကိုဗစ်–၁၉ တုံ့ပြန်ရေးအတွက် မြန်မာနိုင်ငံသို့ ပေးအပ်သော အမေရိကန်အကူအညီစုစုပေါင်း ဒေါ်လာ ၁၈.၅ သန်းတွင် အောက်ပါအစီအစဉ်များကတစ်ဆင့် လူ့အသက်များကိုကယ်တင်မည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ လူသားချင်းစာနာမှုအကူအညီရန်ပုံငွေ ဒေါ်လာ ၆ သန်းလည်း ပါဝင် ပါသည်။
- အိုင်ဒီပီစခန်းများတွင်နေထိုင်ကြရသူများအပါအဝင် ထိခိုက်ခံစားလွယ်ပြည်သူများအတွက် ရေပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရန်နှင့် တစ်ကိုယ်ရေကျန်းမာရေးအတွက် ဆပ်ပြာနှင့်လက်ဆေးရန်နေရာများ ပံ့ပိုးပေးခြင်း အပါအဝင် ရေနှင့်တစ်ကိုယ်ရေ ကျန်းမာရေးပစ္စည်းများ ထပ်မံပံ့ပိုးပေးခြင်း
- ကိုဗစ်–၁၉ ကူးစက်နိုင်မှု အမြင့်မားဆုံးနေရာများတွင် အရေးကြီးသော သန့်စင်ရေး/သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးပေးခြင်း
- အသွားအလာကန့်သတ်ထားရှိခြင်းခံရမှုကြောင့် ထိခိုက်ရသည့်ကလေးငယ်များအပါအဝင် ကလေးသူငယ်များအား အကာအကွယ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြံပြုဆွေးနွေးပေးခြင်းနှင့်
- ကိုဗစ်–၁၉ ကြောင့် မိသားစုနှင့်စီးပွားရေးအတွက် စိတ်ဖိစီး၍ဖြစ်ရသည့် ကျား/မ အခြေပြုကာ ဖြစ်ပေါ်လာသော ကြမ်းတမ်းစွာပြုမူမှု ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်တားဆီးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း
ထို့ပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ပဏာမတောင်းခံမှု “ကိုဗစ်–၁၉ တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်ခြင်း” အတွက် အမေရိကန်အစိုးရ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂.၂ သန်းနီးပါး ကိုလည်း ပေးအပ်သည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်–၁၉ တုံ့ပြန်ရေး ကြိုးပမ်း အားထုတ်မှုများတွင် အရေးကြီးသော ကျန်းမာရေးအခြေခံ အဆောက်အအုံ အကူအညီပေးခြင်း၊ ပြည်သူများသန့်ရှင်းသောရေရရှိရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်ရှိစေခြင်း၊ သီးသန့် ခွဲထားသည့်နေရာများတွင် ကူးစက်ပျံ့ပွားမှုကာကွယ်ခြင်း၊ မှုခင်းဆေးပညာ လမ်းညွှန်များ ပေးအပ်ခြင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ရော ပြည်တွင်းအတိုင်းအတာနှင့်ပါ ကိုဗစ်–၁၉ တုံ့ပြန်ရာတွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ Red Crescent Movement တို့နှင့်မိတ်ဖက်လက်တွဲ ဆောင်ရွက်မှုအတွက် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ မြန်မာအပါအဝင် ထိခိုက်လွယ် ပြည်သူများနှင့် အသိုက်အဝန်းများအတွက် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန်တည်ဆောက်ခြင်း ရေရှည်အစီအစဉ်များကို အကူအညီပေးခြင်းတို့ ပါဝင်ပါသည်။
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီနှင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဗဟို တို့၏ ကမ္ဘာလုံးဆိုင်ရာကိုဗစ်–၁၉ တုံ့ပြန်မှုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက https://www.usaid.gov/coronavirus-covid-19 နှင့် https://www.cdc.gov/coronavirus/2019-ncov/global-covid-19/global-response.html တွင် ကြည့်ရှုနိုင်ပါသည်။