ကိုဗစ်–၁၉ တုံ့ပြန်ရေး မြန်မာနိုင်ငံအတွက် ပေးအပ်သော အမေရိကန်အစိုးရ၏ ကျန်းမာရေးနှင့် လူသားချင်း စာနာမှု အကူအညီ
ဇူလိုင် ၂၉၊ ၂၀၂၀ အထိ ရှိထားသော အချက်အလက်များ
မြန်မာနိုင်ငံ၏ ကိုဗစ်–၁၉ ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အမေရိကန် အစိုးရသည် ဒေါ်လာ ၁၉ သန်းနီးပါး အကူအညီပေးလျက် ရှိပါသည်။ အမေရိကန်ပြည်သူများမှ အကူအညီပေးသော ရန်ပုံငွေတွင် ကျန်းမာရေး အတွက် ဒေါ်လာ ၁၀.၃ သန်း၊ ကပ်ရောဂါကာလအတွင်း ထိခိုက်ခံစားလွယ်ပြည်သူများနှင့် အိမ်ရှင်ပြည်သူများကို အကူအညီပေးရန် အပါအဝင် ဘေးအန္တရာယ်နှင့် လူသားချင်းစာနာမှု အကူအညီအတွက် ဒေါ်လာ ၈.၂ သန်းနှင့် ကူးစက်ရောဂါ စောင့်ကြည့်ရေးနှင့် ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကုသခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ အတွက် ဒေါ်လာ ၂ သန်းနီးပါးတို့ ပါဝင်ပါသည်။ ဤအကူအညီသည် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ရေရှည် အစီအစဉ်အနေဖြင့် ပေးအပ်လာခဲ့သည့် ဒေါ်လာ ၁.၃ ဘီလျံအပြင် ထပ်မံ ပေးအပ်ခြင်း ဖြစ်ပါသည်။ ယင်း ၁.၃ ဘီလျံတွင် ကျန်းမာရေးအတွက် ပေးအပ်သော ဒေါ်လာ ၁၇၆ သန်း လည်း အပါအဝင် ဖြစ်ပါသည်။
ကျန်းမာရေးအကူအညီ
မြန်မာနိုင်ငံအခြေစိုက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ ကိုဗစ်–၁၉ ကျန်းမာရေးတုံ့ပြန်မှု
မြန်မာနိုင်ငံ အခြေစိုက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီသည် ကိုဗစ်–၁၉ တုံ့ပြန်မှုအတွက် ၂၀၂၀၊ ဖေဖော်ဝါရီလမှ စတင်၍ ဒေါ်လာ ၈.၃ သန်းကို အောက်တွင်ဖော်ပြထားသည့်အတိုင်း ပေးအပ်နေပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၃၁,၅၀၀၊ မျက်နှာအကာ ၁,၅၀၀၊ နှာခေါင်းစည်းများ၊ ဝတ်ရုံများ၊ ဖိနပ်ဖုံးများနှင့် မျက်ကာမျက်မှန် ၁,၀၀၀တို့ကိုလည်း ပေးအပ်ခဲ့ပါသည်။ ထိုပေးအပ်လှူဒါန်းမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးထံသို့ မတ်လ ၆ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ကိုဗစ်ဖြည့်စွက်ရန်ပုံငွေ ဒေါ်လာ ၆.၅ သန်းကို အလှူရှင်များစွာဖြင့် လည်ပတ်နေသော ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအစီအစဉ်သို့ အောက်ဖော်ပြပါ အစီအစဉ်များအတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ၂၀၂၀၊ ဧပြီနှင့် မေလအတွင်း ပေးအပ်ခဲ့ပါသည်။
(က) ရပ်ရွာလူထု အဖွဲ့အစည်းများနှင့်ကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရေး အတွက် ကာကွယ် တားဆီးရေး အစီအစဉ်များ
(ခ) ရောဂါ စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်း၊ ကူးစက်မှု ခြေရာခံခြင်း၊ ရွှေ့ပြောင်းလုပ်သားများအား လိုက်လံ ရှာဖွေ ဖော်ထုတ်ခြင်း၊ ပြန်လည်ဝင်ရောက်သည့်နေရာများစီမံခြင်း
(ဂ) ကူးစက်ခံရသူများအား အကူအညီပေးရေးအတွက် စောစီးစွာတုံ့ပြန်ခြင်း
(ဃ) ကိုဗစ်–၁၉ ကို ကာကွယ်တားဆီးခြင်း၊ ရှာဖွေခြင်းနှင့် နည်းလမ်းတကျ တုံ့ပြန်ခြင်းအတွက် စနစ် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် မဖြစ်မနေ ပေးအပ်ရမည့် ဝန်ဆောင်ပေးမှုများ မရပ်တန့်စေခြင်း
(င) ကျား/မ အခြေပြု၍ ဖြစ်တတ်သော ကြမ်းတမ်းစွာ ပြုမူမှုများ နှင့်
(စ) ကူးစက်တတ်သောရောဂါများ၊ မိခင်နှင့်မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များ၏ ကျန်းမာရေး အပါအဝင် မဖြစ်မနေ ပေးအပ်ရမည့် ကျန်းမာရေး စောင့်ရှောက်မှု အဆက်မပြတ်စေရေး
ဤရန်ပုံငွေကတစ်ဆင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ပေးအပ်သော အကူအညီသည် ကူးစက်မှု ခြေရာခံခြင်းနှင့် အဖျားတိုင်းခြင်း အပါအဝင် ကျန်းမာရေးဌာနများနှင့် ကန့်သတ်စောင့်ကြည့်သည့် နေရာပေါင်း ၃၅၀ နှင့် ရပ်ရွာလူထုအခြေပြု စောင့်ကြပ်ကြည်ရှုမှု အစီအစဉ်ကတစ်ဆင့် လူပေါင်း ၁၃၅,၂၇၅ အတွက် စောင့်ကြပ်ကြည့်ရှုပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းကာလအတွင်း ကူးစက်ခြင်းခံရသည်ဟု မသင်္ကာရသူ ၄၃ ဦးကို ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးနိုင်ခဲ့ပြီး သွားလာရခက်ခဲသော နေရာများနှင့် ပဋိပက္ခ ဘေးသင့်ရာ နေရာ များမှ စမ်းသပ်စစ်ဆေးရန် နမူနာ ၂၅၆ ခုကိုလည်း စစ်ဆေးပေးနိုင်သည့်ဌာနများသို့ ပို့ပေးနိုင်ခဲ့ပါသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့နှင့် ကျန်းမာရေး အစီအစဉ်အတွက် မတ်လ နှောင်းပိုင်း အတွင်းက စတင်ခဲ့သော မြန်မာနိုင်ငံအတွင်း Save the Children က အကောင်အထည်ဖော် ဆောင်ရွက် နေသည့် Breakthrough Action အစီအစဉ်တို့နှင့် ကမ္ဘာလုံးဆိုင်ရာ လက်ရှိသဘောတူညီမှုများကတစ်ဆင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁.၈ သန်းကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီအနေနှင့် ၎င်း၏ အရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေ အစီအစဉ်အတွက် ခွဲဝေထားခဲ့သည်။
- မတ်လအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက အကူအညီပေးမှု နှင့်အတူ မြန်မာနိုင်ငံ၏ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ပထမဆုံး နမူနာ ၃,၀၀၀ ကို စစ်ဆေးနိုင်ခဲ့ပြီး ကိုဗစ်–၁၉ မသင်္ကာသူများကို ခြေရာခံနိုင်ခဲ့ကာ အတည်ပြုခြင်း၊ ထိတွေ့မှု ဖော်ထုတ်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများကိုကူးစက်မှုမှကာကွယ်ပေး၍ ၎င်းတို့ ကိုယ်တိုင်နှင့် လူနာများကို ကာကွယ် ပေးရေးအတွက် သတင်းအချက်အလက်များနှင့် အရင်းအမြစ်များ ပံ့ပိုးကာ အရေးကြီးသော ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ဆင့် ပေးအပ်သော အမေရိကန် ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကိုလည်း အကူအညီ ပေးနေပါသည်။
- အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ယူနီဆက်ဖ်သို့ ပေးအပ်သော အကူအညီနှင့်အတူ ယူနီဆက်ဖ်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကိုဗစ်–၁၉ နှင့်ပတ်သက်သော တိကျသည့် သတင်းအချက်အလက်များကို လူငါးသန်းကျော်ရရှိခဲ့သည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကူအညီသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပဋိပက္ခ ဘေးသင့်ရာ နေရာများမှ ကျန်းမာရေးဌာန ၁၉၅ ခုရှိကျန်းမာရေး လုပ်သားများအတွက် N95 နှာခေါင်းစည်း ၂၉,၉၉၅ ခုကိုလည်း လှူဒါန်းပေးနိုင်ခဲ့သည်။ ယင်းသို့ လှူဒါန်းမှု၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ပဋိပက္ခဘေးသင့်ရာ နေရာများတွင်ဆောင်ရွက်နေကြသော အစိုးရ မဟုတ်သည့် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် လူထုအခြေပြု ကျန်းမာရေး အဖွဲ့အစည်းများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
- ဇွန်လအတွင်း စတင်ခဲ့သော တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖော်ဆောင်သည့် “ပူးပေါင်းကာကွယ်” ကိုဗစ်–၁၉ အသိပညာပေး လှုပ်ရှားမှုကတစ်ဆင့် ကိုဗစ်–၁၉ ကူးစက်မှုမှ မည်သို့ တားဆီးကာကွယ်ကြရမည့် အကြောင်း သတင်းအချက်အလက်များကို ပထမ သီတင်းပတ် နှစ်ပတ်အတွင်း လူပေါင်း ၁.၉ သန်းကျော် ရရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း လူမှုအသိုက်အဝန်းများထံ ရောက်ရှိစေရေးအတွက် “ပူးပေါင်းကာကွယ်” အစီအစဉ်တွင် ဘာသာစကား ခြောက်မျိုး အသုံးပြုခဲ့ကြသည်။ ဤလုပ်ဆောင်မှုကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ Breakthrough Action အစီအစဉ်ကတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော မိတ်ဖက် အဖွဲ့အစည်း ဖြစ်သည့် Save the Children က ကူညီပေးခဲ့သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC)
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) သည် ၂၀၁၅ မှစတင်၍ အိပ်ချ်အိုင်ဗွီ စစ်ဆေးခြင်း၊ စစ်ဆေးအတည်ပြုခြင်း၊ အချက်အလက်စီမံခန့်ခွဲ့ခြင်း၊ ဇီဝလုံခြုံရေး၊ အရည်အသွေးရှိသော စီမံခန့်ခွဲမှုစနစ်၊ ISO 15189 အသိအမှတ်ပြုလက်မှတ်၊ ဝက်သက်၊ ဂျိုက်သိုးအတွက် လိုအပ်သော အကူအညီများ နှင့် တုပ်ကွေးရောဂါဓာတ်စမ်းပစ္စည်း စသည့်နည်းပညာ အကူအညီများကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးအပ်လာခဲ့သည်။
- ကိုဗစ်–၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ကွင်းဆင်းသင်တန်း အစီအစဉ်နှင့် ကိုဗစ်–၁၉ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကူးစက် ရောဂါ ပျံ့ပွားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေး ဗဟို (CDC) က ဒေါ်လာ ၁.၉၅ သန်း အကူအညီပေးမည့်အကြောင်း ကြေညာခဲ့သည်။
- အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟို (CDC) သည် ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနနှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ နည်းပညာ အကူအညီများ ပေးအပ်ခြင်း အပါအဝင် ကပ်ရောဂါတုံ့ပြန်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အဓိက အရေးပါ သော ဌာနများနှင့်အတူ အနီးကပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အဝေးလှမ်း၍ရော၊ ဒေသဆိုင်ရာ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) အဖွဲ့သားများနှင့်အတူ ဖေဖော်ဝါရီလအတွင်းက လူကိုယ်တိုင်ပါ ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
- အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) သည် ရန်ကုန်နှင့် ဘန်ကောက်ရှိ ရုံးများမှနေ၍ အပြန်အလှန် နည်းပညာ အကူအညီများ ပေးအပ်နေပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးဆောင်သော ကိုဗစ်–၁၉ တုံ့ပြန်ဆောင်ရွက်မှု၊ အထူးသဖြင့် ဓာတ်ခွဲခန်းအတွင်း စမ်းသပ်စစ်ဆေးမှုနှင့် စောင့်ကြပ်ကြည့်ရှုမှု၊ ကုသမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ကူးစက်မှု ထိန်းချုပ်ရေး အကောင်အထည် ဖော်ဆောင်မှု အဖွဲ့များနှင့်အတူ ဆောင်ရွက်ခြင်းကဲ့သို့ ဘက်ပေါင်းစုံ နည်းပညာနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များက တစ်ဆင့်လည်း အကူအညီပေးလျက်ရှိပါသည်။
- ထို့ပြင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) သည် အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးများပြင်ပက စီမံခန့်ခွဲသည့် ဒေသဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်သစ် များစွာကို လည်း စတင်ဆောင်ရွက်နေသည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ဓာတ်ခွဲခန်းစနစ်များတွင် ဇီဝ လုံခြုံရေး၊ အရည်အသွေးစီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်၊ ရွှေ့ပြောင်းလုပ်သားများကဲ့သို့သော တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားလာသူများ အတွက် ဝင်ထွက်ပေါက်များတွင် စောင့်ကြည့်မှု၊ အနာဂတ်တွင် တိရစ္ဆာန်မှတစ်ဆင့်လူသို့ ကူးစက်တတ်သော ရောဂါပျံ့ပွားမှုကို တားဆီးကာကွယ်၍ ရှာဖွေဖော်ထုတ်ရာတွင် အကူအညီပေးနေသော One Health အစီအစဉ်များကို ပိုမိုအားကောင်းစေမည် ဖြစ်ပါသည်။
- ဤသို့ လုပ်ဆောင်မှုသည် မြန်မာနိုင်ငံတွင် ၂၀၁၈ ကစတင်ခဲ့သော ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ကွင်းဆင်းသင်တန်းအစီအစဉ်မျိုး အပါအဝင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ပေးပါသည်။ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ ကွင်းဆင်းသင်တန်း အစီအစဉ်မှနေ၍ ၂၀၁၉ ခုနှစ်တွင် “ရောဂါရှာဖွေရေး” ဖြင့် ၁၅ ဦး သင်တန်း ပြီးဆုံးခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံ၏ ကိုဗစ်–၁၉ တုံ့ပြန်ရေးတွင် လေးလေးနက်နက်ဖြင့် နည်းလမ်း ပေါင်းစုံမှ ပါဝင် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။
ထို့ပြင် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအတွက် အမေရိကန်–ထိုင်း ပူးတွဲအစီအစဉ်တစ်ခုဖြစ်သည့် Armed Forces Research Institute of Medical Sciences (AFRIMS) ကတစ်ဆင့် အခြားသော အလှူရှင်များက ပေးအပ်သည့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးရေး စက်ကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပါသည်။
ကာကွယ်ရေးဌာန၏ ပင်လယ်ရပ်ခြား လူသားချင်း စာနာထောက်ထားမှု၊ ဘေးအန္တရာယ်နှင့် အရပ်ဘက်ဆိုင်ရာ အကူအညီပေးရေး သီးသန့်ရန်ပုံငွေ (Overseas Humanitarian, Disaster, and Civic Aid Appropriations: OHDACA)
အမေရိကန် ကာကွယ်ရေးဌာနမှ စီစဉ်သော လူသားချင်း စာနာထောက်ထားမှု၊ ဘေးအန္တရာယ်နှင့် အရပ်ဘက် ဆိုင်ရာ အကူအညီများမှတစ်ဆင့် မြန်မာနိုင်ငံတွင် ကိုဗစ်–၁၉ ကပ်ရောဂါ လျော့ပါးစေရေး သို့မဟုတ် မပြန့်ပွားစေရေးအတွက် ဒေါ်လာ ၉၀,၀၀၀ တန်ဖိုးရှိသော တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးပစ္စည်းများ (PPE) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးရုံတစ်ရုံတို့က ရရှိမည် ဖြစ်ပါသည်။ အမေရိကန် အစိုးရသည် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို မြန်မာပြည်တွင်းမှပင် ဝယ်ယူခဲ့ပါသည်။
ဒေါ်လာ ၉၀,၀၀၀ အနက်မှ ခန့်မှန်းခြေ ဒေါ်လာ ၆၇,၅၀၀ ဖိုးရှိသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းမည်ဖြစ်ပါသည်။ ကျန်ရှိသည်များကို ရန်ကုန်မြို့ရှိ အမှတ် ၁ တပ်မတော်ဆေးရုံသို့ လှူဒါန်းသွားမည် ဖြစ်ပါသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုက အမေရိကန်–ထိုင်း ပူးပေါင်းအဖွဲ့ဖြစ်သည့် Armed Forces Research Institute of Medical Science (AFRIMS) နှင့် တခြားအလှူရှင်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောဂါစစ်ဆေးစမ်းသပ်သော ကိရိယာများနှင့် အထောက်အကူပြု ပစ္စည်း များအား အကူအညီအဖြစ် ပေးအပ်ခဲ့ပါသည်။
လူသားချင်းစာနာမှုအကူအညီ
ကိုဗစ်–၁၉ တုံ့ပြန်ရေးအတွက် မြန်မာနိုင်ငံသို့ ပေးအပ်သော အမေရိကန် အကူအညီ စုစုပေါင်း ဒေါ်လာ ၁၈.၅ သန်းတွင် အောက်ပါအစီအစဉ်များကတစ်ဆင့် လူ့အသက်များကိုကယ်တင်မည့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ လူသားချင်း စာနာမှု အကူအညီ ရန်ပုံငွေ ဒေါ်လာ ၆ သန်းလည်း ပါဝင်ပါသည်။
- အိုင်ဒီပီစခန်းများတွင် နေထိုင်ကြရသူများအပါအဝင် ထိခိုက်ခံစားလွယ်ပြည်သူများအတွက် ရေပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရန်နှင့် တစ်ကိုယ်ရေကျန်းမာရေးအတွက် ဆပ်ပြာနှင့်လက်ဆေးရန်နေရာများ ပံ့ပိုးပေး ခြင်း အပါအဝင် ရေနှင့်တစ်ကိုယ်ရေ ကျန်းမာရေးပစ္စည်းများ ထပ်မံပံ့ပိုးပေးခြင်း
- ကိုဗစ်–၁၉ ကူးစက်နိုင်မှု အမြင့်မားဆုံးနေရာများတွင် အရေးကြီးသော သန့်စင်ရေး/သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးပေးခြင်း
- အသွားအလာကန့်သတ်ထားရှိခြင်းခံရမှုကြောင့် ထိခိုက်ရသည့်ကလေးငယ်များအပါအဝင် ကလေးသူငယ် များအား အကာအကွယ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြံပြုဆွေးနွေးပေးခြင်းနှင့်
- ကိုဗစ်–၁၉ ကြောင့် မိသားစုနှင့်စီးပွားရေးအတွက် စိတ်ဖိစီး၍ဖြစ်ရသည့် ကျား/မ အခြေပြုကာ ဖြစ်ပေါ်လာ သော ကြမ်းတမ်းစွာ ပြုမူမှု ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်တားဆီးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း
ထို့ပြင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ပဏာမတောင်းခံမှု “ကိုဗစ်–၁၉ တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်ခြင်း” အတွက် အမေရိကန်အစိုးရ လူသားချင်း စာနာမှု အကူအညီ ဒေါ်လာ ၂.၂ သန်းနီးပါးကိုလည်း ပေးအပ်သည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်–၁၉ တုံ့ပြန်ရေး ကြိုးပမ်း အားထုတ်မှုများတွင် အရေးကြီးသော ကျန်းမာရေး အခြေခံ အဆောက်အအုံ အကူအညီပေးခြင်း၊ ပြည်သူများသန့်ရှင်းသောရေရရှိရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အလေ့အကျင့်ရှိစေခြင်း၊ သီးသန့်ခွဲထားသည့်နေရာများတွင် ကူးစက်ပျံ့ပွားမှု ကာကွယ်ခြင်း၊ မှုခင်း ဆေးပညာ လမ်းညွှန်များ ပေးအပ်ခြင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ရော ပြည်တွင်း အတိုင်းအတာနှင့်ပါ ကိုဗစ်–၁၉ တုံ့ပြန်ရာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ Red Crescent Movement တို့နှင့်မိတ်ဖက် လက်တွဲ ဆောင်ရွက်မှုအတွက် အဆင်ပြေ ချောမွေ့စေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ မြန်မာအပါအဝင် ထိခိုက်လွယ် ပြည်သူများနှင့် အသိုက်အဝန်းများအတွက် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန်တည်ဆောက်ခြင်း၊ ရေရှည်အစီအစဉ်များကို အကူအညီပေးခြင်းတို့ ပါဝင်ပါသည်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီနှင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး ဗဟို တို့၏ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်–၁၉ တုံ့ပြန်မှုနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက https://www.usaid.gov/coronavirus-covid-19 နှင့် https://www.cdc.gov/coronavirus/2019-ncov/global-covid-19/global-response.html တွင် ကြည့်ရှုနိုင်ပါသည်။