အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
ဧပြီလ ၁၅၊ ၂၀၂၀

 

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၅ ရက်
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနိုင်ငံတကာအထူးအဖွဲ့ခေါင်းဆောင် ဒေါက်တာဘာဘရာမာစတန်နှင့်
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) ၏ ထိုင်းနိုင်ငံဆိုင်ရာဌာနေညွှန်ကြားရေးမှူး ဒေါက်တာ ဂျွန်မက်အာသာတို့၏
တယ်လီဖုန်းဖြင့်ပြုလုပ်သည့်ဆွေးနွေးပွဲမှ ကောက်နုတ်ချက်

အစီအစဉ်မှူး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ မနီလာမြို့မှာရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်-မီဒီယာဗဟိုစင်တာကနေ အားလုံးကို မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က မီဒီယာစင်တာရဲ့ ဒါရိုက်တာ Zia Syed ဖြစ်ပါတယ်၊ ဒီဆွေးနွေးပွဲမှာ ဖုန်းနဲ့ဆက်သွယ်ပါဝင်သူတွေကို ကြိုဆိုပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ အန္တလန္တာမြို့ကနေ ဝင်ရောက်ဆွေးနွေးပေးတဲ့ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) ရဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာ အထူးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဘာဘရာမာစတန် နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ဝင်ရောက်ဆွေးနွေးပေးတဲ့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) ၏ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ဒေါက်တာ ဂျွန်မက်အာသာ တို့ကို ကျေးဇူးတင်ရှိပါတယ်။

ဒီနေ့ဆွေးနွေးကြမယ့် အကြောင်းအရာနယ်ပယ်ကတော့ အရှေ့တောင်အာရှဒေသအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အပေါ်မှာ CDC ရဲ့ တုန့်ပြန်ဖြေရှင်းမှုအကြောင်းနဲ့ ဒေသတွင်း နိုင်ငံ့အစိုးရများနှင့်အတူ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများနဲ့ ပတ်သက်လို့ပဲဖြစ်ပါတယ်။

ဒေါက်တာမာစတန် ။ ။ ကျေးဇူးတင်ပါတယ် Zia။ အားလုံးအတွက် မင်္ဂလာနံနက်ခင်းပါ၊ မင်္ဂလာနေ့လယ်ခင်းပါ၊ မင်္ဂလာညနေခင်းဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒီနေ့ ပါဝင်ကြတဲ့ လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပြီးတော့ ကမ္ဘာတစ်လွှား ကြံ့ကြံ့ခံရပ်တည်ဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှား ကူးစက်ခံရမှုပေါင်း ၁.၈ သန်းကျော်သွားပြီး သေဆုံးမှု အရေအတွက်ဟာ ၁၁၇,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ဧပြီလ ၁၄ ရက်နေ့၊ ဘန်ကောက်စံတော်ချိန် ညနေ ၃ နာရီမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်လိုက်ပါတယ်။ ဒီအထဲက ကူးစက်ခံရမှုအရေအတွက် ၁၂၂,၀၀၀ နဲ့ သေဆုံးမှုပေါင်း ၄,၀၀၀ ဟာ အနောက်ပစိဖိတ်ဒေသမှာ ဖြစ်ပြီး အရှေ့တောင်အာရှဒေသရဲ့ သေဆုံးမှုအရေအတွက်က ၈၀၀ ကျော်ဖြစ်ပါတယ်။

ဒီသေဆုံးမှုတစ်ခုစီရဲ့နောက်မှာ လူတစ်ယောက်စီအတွက် ဝမ်းနည်းကြေကွဲနေကြတဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ကျန်ရစ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ပြည်သူ့ကျန်းမာရေးအဖွဲ့တစ်ခုအနေနဲ့ နာမကျန်းဖြစ်မှု၊ အသက်ဆုံးရှုံးမှုတွေကို ကာကွယ်တားဆီးရမယ့် အားထုတ်မှုတွေကို ပြုလုပ်ရမှာက အမေရိကန် ပြည်ထောင်စုမှာရော ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန (CDC) အတွက် ထိပ်တန်းဦးစားပေးတာဝန်ဖြစ်ပါတယ်။ ဒီတာဝန်ကို စွမ်းဆောင်အောင်မြင်နိုင်ဖို့အတွက် CDC ဟာ နှစ်ပေါင်း ၇၀ ကြာ ကမ္ဘာတစ်ခုလုံးနဲ့အတူ တွဲဖက်လုပ်ကိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာတစ်လွှားမှာ ရုံးပေါင်း ၅၀ ကျော်ကို ဖွင့်လှစ်ထားပြီးတော့ အိပ်ချ်အိုင်ဗီနဲ့ ငှက်ဖျားလို သီးသန့်ကျန်းမာရေးပြဿနာတွေအပြင် ဓာတ်ခွဲခန်းများရဲ့ အသုံးပြုစွမ်းဆောင်ရည်နဲ့ လုပ်သားအရင်းအမြစ်စုဖွံ့ဖြိုးရေးတို့လိုမျိုး ကျယ်ပြန့်တဲ့အရေးကိစ္စတွေအတွက်လည်း အိမ်ရှင်နိုင်ငံအစိုးရများနဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။

CDC ဟာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသပြည်သူများအကြား ရေရှည်တည်တံ့တဲ့ သူ့ရဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့မှာ ဒီနယ်မြေအတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းကို ထောက်ခံပံ့ပိုးမှုနဲ့ပတ်သက်ပြီး ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ အမှန်တကယ်အားဖြင့်လည်း အရှေ့တောင်အာရှဒေသအတွင်း ငှက်ဖျားရောဂါ ထိန်းချုပ်ရေးနဲ့ ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးမှုအစီအစဉ်တွေမှာ အကူအညီပေးဖို့အတွက် အဖွဲ့တစ်ခုကို ၁၉၅၀ မှာ ကျွန်တော်တို့နိုင်ငံကနေ စေလွှတ်ပေးခဲ့ဖူးပါတယ်။

ကျွန်တော့်အနေနဲ့ ထိုင်းနိုင်ငံ၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန၊ ထိုင်းနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ဒေါက်တာ ဂျွန်မက်အာသာကို အလှည့်ပေးလိုပါတယ်။ ဒေါက်တာ ဂျွန်မက်အာသာ အနေနဲ့ ဒေသအတွင်း လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ထပ်ဆောင်းအသေးစိတ်အချက်အလက်တချို့ကို ဖော်ပြပေးနိုင်မှာပါ။

ဒေါက်တာ ဂျွန်မက်အာသာ ။ ။ ကျေးဇူးတင်ပါတယ် ဒေါက်တာမာစတန်။ ခင်ဗျားတို့အားလုံးကို မင်္ဂလာနံနက်ခင်းပါလို့ ပြောပါရစေ။ ကျွန်တော်ဒီနေ့ ပါဝင်ပြောဆိုခွင့်ရတဲ့အတွက် တကယ့်ကို စိတ်ကျေနပ်အားရမိပါတယ်။

ယခင်ကာလတွေကို ပြန်ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ အာဆီယံ ဒေသဟာ ကာလပေါ် ကူးစက်ရောဂါတွေကို တွန်းလှန်တိုက်ခိုက်ခဲ့ရတဲ့ နှစ်ပေါင်း ၂၀ ကျော်အင်မတန်ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒီဒေသဟာ နီပါး (Nipah)၊ ဆားစ် (SARS)၊ ငှက်တုပ်ကွေး သို့မဟုတ် ကြက်ငှက်တုပ်ကွေး၊ တုပ်ကွေးကပ်ရောဂါ၊ ဇီကာ (Zika) နဲ့ အခု လက်ရှိ ကိုဗစ်-၁၉ အထိ ကြုံတွေ့ခဲ့ရပြီးပါပြီ။ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ယခင် အတွေ့အကြုံများအရ ဒီနိုင်ငံတွေဟာ နိုင်ငံတကာကျန်းမာရေး စည်းမျဉ်းတွေကို အလျင်အမြန်သဘောတူခဲ့ကြပြီးတော့ ဒီမူဘောင်သစ်ရဲ့အောက်က ပင်မစွမ်းဆောင်ရည် လိုအပ်ချက်တွေကို စွမ်းဆောင်ဖြစ်မြောက်နိုင်ဖို့ရာ အလျင်အမြန် လုပ်ဆောင်ခဲ့ကြပါတယ်။ “ကာလပေါ်ရောဂါများနဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုအခြေခံအစီအစဉ်ဆိုင်ရာ အာရှပစိဖိတ် မဟာဗျူဟာ” လိုမျိုး လုပ်ငန်းစဉ်ကနေ ဒေသအတွင်း ကာလပေါ် ကူးစက်ရောဂါများ ကာကွယ်တားဆီးရေး၊ စုံစမ်းဖော်ထုတ်ရေးနဲ့ တုန့်ပြန်ဖြေရှင်းရေးတို့အတွက် ခရီးရောက်အောင် ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

CDC အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်များကို ပြန်ကြည့်လိုက်မယ်ဆိုရင် နှစ်ဖက်အကျိုးတူဆက်ဆံမှုများနဲ့အတူ အာရှပစိဖိတ်ဒေသအပေါ်မှာ ရေရှည်တည်တံ့တဲ့ ကတိကဝတ် ထားရှိပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ ဆယ်နိုင်ငံထဲက နိုင်ငံ ခြောက်နိုင်ငံ အပြင် တရုတ်၊ ပါပူဝါနယူးဂီနီနဲ့ ပစိဖိတ်ကျွန်းနိုင်ငံများမှာ ကျွန်တော်တို့ရဲ့ ရုံးတွေကို ဖွင့်လှစ်ထားပြီးတော့ အရေးကြီးတဲ့ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အဓိကစွမ်းဆောင်နိုင်စွမ်းများဖြစ်တဲ့ လုပ်သားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်စီမံခန့်ခွဲရေး၊ နိုင်ငံအဆင့် ဓာတ်ခွဲခန်းစနစ်များနဲ့ အနီးကပ်စောင့်ကြပ်ကြည့်ရှုရေးတို့အပေါ်မှာ အာရုံစိုက်လုပ်ဆောင်နေပါတယ်။ အနီးကပ်စောင့်ကြပ်ကြည့်ရှုရေး ဆိုတာဟာ ဒီနိုင်ငံတွေမှာရှိတဲ့ ရောဂါဖြစ်ပွားမှုပုံစံကို စောင့်ကြည့်လေ့လာခြင်းနဲ့ ဇာစ်မြစ်ဖော်ထုတ်ခြင်းပဲဖြစ်ပါတယ်။

ကျွန်တော်လက်ရှိ တင်ပြပြောဆိုနေတဲ့ ထိုင်းနိုင်ငံထဲက CDC ဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က မြောက်အမေရိကတိုက်ရဲ့ပြင်ပမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးသော ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကာကွယ် တားဆီးရေးဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ် (FETP) ကို တည်ထောင်ခဲ့ချိန်ကစပြီး အကြီးမားဆုံးသော အမေရိကန်ပြည်ထောင်စုပြင်ပလုပ်ငန်းတာဝန်များကို ပြုလုပ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ FETP တွေကို တည်ဆောက်ဖို့အတွက်သာမက ASEAN+3 ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ လေ့ကျင့်ရေးကွန်ရက်ကို ပံ့ပိုးနိုင်ဖို့အတွက် အိမ်ရှင်အစိုးရများနဲ့အတူ  နှစ်ပေါင်းများစွာကြာ တွဲဖက်လုပ်ကိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီလို ရောဂါရှာဖွေဖော်ထုတ်ရေးအစီအစဉ်တွေကို တက်ရောက်ပြီးစီးသူများကနေ အာရှဒေသအတွင်းက ကိုဗစ်-၁၉ ကို တိုက်ထုတ်ဖို့ရာ လိုအပ်တဲ့ ဦးဆောင်မှုနဲ့ မြေပြင်လက်တွေ့ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်တွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။ အာရှတစ်ခွင်မှာရှိတဲ့ CDC ရုံးများဟာ ရောဂါရှာဖွေဖော်ထုတ်ရေးပညာရှင်တွေကို သင်ကြားလေ့ ကျင့်ပေးတဲ့အပြင် ဒီဗိုင်းရပ်စ်ပိုးကို အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်ဖို့အတွက် လိုအပ်တဲ့အရာအားလုံးဖြစ်တဲ့ အနီးကပ် စောင့်ကြပ်ကြည့်ရှုရေးနဲ့ ဓာတ်ခွဲခန်းစနစ်တွေကိုသာမက ပြည်သူ့ကျန်းမာရေး အရေးပေါ် အစီအစဉ်တွေကို ခိုင်မာတောင့်တင်း လာစေဖို့ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာ့နေရာအများအပြားမှာလိုပဲ အာရှပစိဖိတ်ဒေသဟာ ဒီကပ်ရောဂါ ကူးစက်မှုပမာဏကို ကျဆင်းနှေးကွေးသွားစေဖို့အတွက် အားထုတ်မှု ပါဝင်တဲ့ ဖြေရှင်းဆောင်ရွက်မှု မျိုးစုံကို ချမှတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ကိုးရာခိုင်နှုန်းဖြစ်ပြီး ရောဂါကူးစက်မှုပမာဏ တစ်ရာခိုင်နှုန်းနဲ့ တစ်ရာခိုင်နှုန်းထက်နည်းတဲ့ သေဆုံးမှုပမာဏ ကိုသာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီနိုင်ငံများရဲ့ ပြည်သူများအပေါ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့ရာ အင်တိုက်အားတိုက် လုပ်ဆောင်တဲ့နေရာမှာ ဒီနိုင်ငံများကို ထောက်ပံ့ပံ့ပိုးမှုကို ပြုလုပ်ပေးဖို့အတွက် CDC ဟာ ဒေသတစ်ခုလုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အစိုးရများနဲ့အတူ နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်ဖို့ ကတိကဝတ်ကို ဆက်လက်ခံယူထားပါတယ်။

ကဲ ဒေါက်တာမာစတန် နဲ့ ကျွန်တော်က ခင်ဗျားတို့ မေးမြန်းလိုတဲ့ မေးခွန်းတွေကို ဖြေကြားပေးပါ့မယ်။

အစီအစဉ်မှူး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုအလှည့်ပေးချင်တာကတော့ (ဗွီအိုအေ) အမေရိကန်အသံက ကိုသားညွှန့်ဦး ဖြစ်ပါတယ်။ ကိုသားညွှန့်ဦးရေ မေးနိုင်ပါပြီခင်ဗျ။

မေးခွန်း ။ ။ ဟုတ်ကဲ့ခင်ဗျား။ ကျွန်တော်ကတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က သားညွှန့်ဦး ဖြစ်ပါတယ်။ ကျွန်တော် မြန်မာပြည်က ပြန်ရောက်လာခါစပဲရှိပါသေးတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့အရာကို ကျွန်တော့်အနေနဲ့ အထူးတလည် မေးမြန်းချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ အတည်ပြုပြီး ရောဂါပိုးတွေ့ရှိသူ ၆၃ ဦး ဖြစ်သွားပါပြီ။ တခြား အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းစာလိုက်ရင် နည်းနေတယ်ဆိုပေမယ့် မြန်မာရွေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာဟာ မကြာသေးခင်ကမှ ထိုင်းနိုင်ငံကနေ မြန်မာပြည်ကို ပြန်လာခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်မေးလိုတာက – လူကြီးမင်းတို့၊ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟို (CDC) အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ်မှာ စိုးရိမ်ပူပန်စရာရှိနေပါသလား။ အခုလက်ရှိမှာကော မြန်မာအစိုးရအဖွဲ့ဝင်များနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတာများ ရှိပါသလား။

ဒေါက်တာမာစတန် ။ ။ တကယ်တော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ရုံးတစ်ရုံးရှိပါတယ်။ ဒေါက်တာမက်အာသာ အနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ရုံးကနေ အနီးကပ်လုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် ဖြေခိုင်းပါ့မယ်။

ဒေါက်တာ မက်အာသာ ။ ။ ဟုတ်ပါတယ်။ ဒီမေးခွန်းအတွက် ကိုသားညွှန့်ဦးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီအကြောင်းကို ပြောပြပါ့မယ်။ ၂၀၀၀ ခုနှစ် အလယ်ပိုင်းကာလမှာဖြစ်ခဲ့တဲ့ ငှက်တုပ်ကွေး ပြန့်ပွားကူးစက်မှု ကာလကတည်းကနေ CDC ဟာ  မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့အတူ လက်တွဲဆောင်ရွက် နေခဲ့တာပါ။ တကယ်ဆိုရင် ကျွန်တော်လည်းပဲ အာရှဒေသမှာ အရင်တုန်းက ကိုယ်တိုင်လုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ အဲဒီအချိန်မှာ နိုင်ငံအတွင်းမှာ တုပ်ကွေးဖြစ်ပွားမှုကို အနီးကပ်စောင့်ကြပ်ကြည့်ရှုစနစ်များနဲ့ ဓာတ်ခွဲခန်းကွန်ရက်တွေကို နိုင်ငံအတွင်းမှာ တည်ဆောက်ဖို့စတင်ခဲ့ကြပါတယ်။ အမှန်တကယ် အချိန်ကိုက် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကပ်ရောဂါအဆင့် တုပ်ကွေး ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာကို စိုးရိမ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖွဲ့စည်းတည်ဆောက်မှုတွေ၊ ဓာတ်ခွဲခန်း ဖွဲ့စည်းတည်ဆောက်မှုတွေ၊ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်တွေနဲ့ အနီးကပ်စောင့်ကြပ်ကြည့်ရှုရေး ဓာတ်ခွဲခန်းဖွဲ့စည်းတည်ဆောက်မှုတွေဟာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကို ရှာဖွေဖော်ထုတ် တုန့်ပြန်ဆောင်ရွက်ဖို့ လုပ်ငန်းလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

အဲဒီအထဲကမှ ကျွန်တော်တို့အနေနဲ့ အများကြီး ဝမ်းမြောက်ဂုဏ်ယူရတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးကွင်းဆင်းသင်တန်းအစီအစဉ်ကို ထူထောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ထပ်တလဲလဲပြောတာကို ခင်ဗျားတို့ကြားရလိမ့်မယ် ဘာဖြစ်လို့လည်းဆိုတော့ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ရာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လက်တွေ့လုပ်ငန်းကို အမှန်တကယ်လုပ်ဆောင်နိုင်စေဖို့အတွက် အဆင့်အမျိုးမျိုးမှာ အဲဒီရောဂါရှာဖွေရေးစနစ်တွေကို အနေအထားတကျ တည်ဆောက်ဖို့ မဖြစ်မနေ အရေးကြီးခဲ့တဲ့ အတွက်ကြောင့်ပါပဲ။

အချိန်ကတော့ ကုန်တကတော့မြန်ပါတယ်။ ဒါပေမဲ့ အရင်လက ထင်တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့အတူ လက်တွဲဆောင်ရွက်ဖို့အတွက် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးပညာရှင်များနဲ့ ပြည်ပရွေ့ပြောင်း အခြေချသူများရဲ့ ကျန်းမာရေးစစ်ဆေးမှုကျွမ်းကျင်သူတွေနဲ့အတူ မြန်မာနိုင်ငံကို စေလွှတ်တဲ့အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ရတုန်းက ကျွန်တော့်အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့တွေဟာ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ လေဆိပ်တွေကိုလည်း သွားရောက်ခဲ့ပြီးတော့ အဲဒီလေဆိပ်တွေမှာရှိတဲ့ ရောဂါခြေချုပ်ထားခြင်းဆိုင်ရာ ကျွမ်းကျင်သူများနဲ့အတူ အဲဒီနယ်မြေများအတွင်း ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေ ဒါမှမဟုတ် ကမ္ဘာလှည့်ခရီးသွားတွေအပေါ် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တဲ့နည်းလမ်းကို တိုးတက်ကောင်းမွန်စေဖို့အတွက် အတူတကွ လုပ်ဆောင်ခဲ့ကြပါသေးတယ်။

ပြီးတော့ ပြောလိုတာက ဒေါက်တာမာစတန် ထောက်ပြသလိုပဲ ရန်ကုန်မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ CDC ရုံးဟာ CDC အန္တလန္တာရုံးနဲ့ ထိုင်းနိုင်ငံက ကျွန်တော့်ရုံးကနေ ရောက်ရှိလာတဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့အတူ အနီးကပ်လုပ်ကိုင်နေပါတယ်။

အစီအစဉ်မှူး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဖုန်းခေါ်ဆို ဆွေးနွေးပွဲကို အဆုံးမသတ်ခင်မှာ ဒေါက်တာမာစတန်နဲ့ ဒေါက်တာမက်အာသာတို့ဆီကနေ နောက်ထပ်မှတ်ချက်ပေးစရာ ရှိပါသေးသလား။

ဒေါက်တာမာစတန်။ ။ ကျေးဇူးတင်ပါတယ် Zia ။ ကျွန်တော်တို့တွေအနေနဲ့ သတင်းမီဒီယာသမားတွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ဖို့လိုအပ်တဲ့အရာတွေကို ဖတ်ရှုသူ ပရိတ်သတ်တွေ သိနားလည်စေဖို့ အကူအညီပေးနေတဲ့ကြတဲ့ ခင်ဗျားတို့အားလုံးရဲ့ အရေးပါတဲ့ အလုပ်အတွက်ရော အဲဒီအချက်အလက်တွေကို ခင်ဗျားတို့ရဲ့ ဖတ်ရှုနားထောင်သူ ပရိတ်သတ်များထံ မျှဝေဖြန့်ချိပေးတဲ့အတွက်ရော ကျွန်တော်တို့ကနေ အင်မတန်ကျေနပ်အားရမိပါတယ်။

ဒေါက်တာမက်အာသာ ။ ။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ဒေါက်တာမာစတန် ပြောထားပြီးသားဖြစ်တဲ့ ကျေနပ်အားရကြောင်း စကားတွေကို ထပ်ပြောရပါမယ်။ အထူးသဖြင့် အခုလိုမျိုး အချိန်တွေမှာ ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အချက်အလက်တွေကို လူမှုအသိုင်းအဝိုင်းများနဲ့ ပြည်သူများကနေ အမှန်တကယ် ရရှိစေဖို့ရာ ပြည်သူ့ကျန်းမာရေး အသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာတို့အကြားက တွဲဖက်လုပ်ကိုင်မှုဟာ တကယ့်ကို အရေးကြီးတဲ့အရာဖြစ်တယ်လို့ ကျွန်တော်ထင်မြင်ပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ ခင်ဗျားတို့အပြင်၊ ခင်ဗျားတို့ရဲ့ သတင်းဖတ်ရှုသူပရိတ်သတ်တွေ၊ နားဆင်နေကြသူတွေအနေနဲ့ တိကျတဲ့အချက်အလက်တွေကို ရယူဖို့အတွက် ကျွန်တော်တို့ဆီမှာ အမြဲတမ်းအကူအညီရယူနိုင်တဲ့အကြောင်းနဲ့ အချက်အလက်တွေကိုလည်း www.cdc.gov မှာ ရရှိနိုင်တဲ့အကြောင်း အသိပေးလိုပါတယ်။

အစီအစဉ်မှူး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့ဖုန်းခေါ်ဆိုဆွေးနွေးမှုကို ဒီမှာပဲအဆုံးသတ်ခွင့်ပြုပါ။ ကျွန်တော့်အနေနဲ့ CDC ကိုဗစ်-၁၉ နိုင်ငံတကာအထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ ဘာဘရာမာစတန်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ CDC ဌာနေညွှန်ကြားရေးမှူး ဒေါက်တာ ဂျွန်မက်အာသာ တို့ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ တက်ရောက်လာကြတဲ့ လိုင်းပေါ်က ကျွန်တော်တို့ရဲ့ သတင်းမီဒီယာသမား အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ မေးခွန်းမေးမြန်းခွင့်မရလိုက်ကြသူများရှိရင်လည်း ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ တချို့သတင်းသမားများဆိုရင် ဖုန်းခေါ်ဆိုမှုမှာ ပါဝင်ဖို့ရာ အရမ်းခက်ခဲတယ်ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ နားလည်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိခဲ့ရင်လည်း ကျွန်တော် ခွင့်လွှတ်ပေးကြပါ။

# # #