အောက်ပါမီဒီယာအသိပေးကြေညာချက်သည် အမေရိကန်ပြည်ထောင်စု၏ ဖွံ့ဖြိုးရေးဘဏ်တစ်ခုဖြစ်သော အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ထုတ်ပြန်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအခြေစိုက် မီဒီယာသမားများအနေဖြင့် ကျေးဇူးပြု၍ USEmbassyRGNPress@state.gov သို့အီးမေးလ်ပို့၍ဆက်သွယ်နိုင်ပါသည်။ ပိုမိုသိရှိလိုသည်များရှိပါက https://www.dfc.gov တွင်ကြည့်ရှု နိုင်ပါသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့်မြန်မာနိုင်ငံသို့ သွားရောက်ခြင်း အင်ဒို-ပစိဖိတ် ကိုယ်စားလှယ်အဖွဲ့ကို ဒီအက်ဖ်စီ စီအီးအိုက ဦးဆောင်ပါမည်
ချက်ချင်းထုတ်ပြန်ရန်
အောက်တိုဘာ ၂၃၊ ၂၀၂၀
ဝါရှင်တန်။ ။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှု ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၃ မှ ၂၇ အထိ သွားရောက်မည် ဖြစ်ပါသည်။
ဘိုးလားနှင့်အတူ အမေရိကန် ပို့ကုန်-သွင်းကုန်ဘဏ် ဥက္ကဋ္ဌနှင့်သဘာပတိဖြစ်သူ ကင်ဘာလီရီဒ်၊ ဘဏ္ဍာထိန်းဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနင့် စွမ်းအင်ဝန်ကြီးဌာနမှ အစိုးရအကြီးတန်းအရာရှိများလည်း လိုက်ပါသွားမည်ဖြစ်ပါသည်။
ဘိုးလားသည် အင်ဒို-ပစိဖိတ်ဒေသအတွင်းရောက်ရှိစဉ် ထိပ်သီးစီးပွားရေးသမားများ၊ အစိုးရအဆင်မြင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ ရင်းနှီးမြှုပ်နှံဆိုင်ရာ အခွင့်အလမ်များနှင့်ပတ်သက်၍ စူးစမ်းရှာဖွေသွားမည့်အပြင် ဒေသတွင်း တိုးတက်ရေး၊ စီးပွားဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေးအတွက် အားပေးကူညီရာတွင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍လည်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။
အင်ဒို-ပစိဖိတ် ဒေသသည် ဒီအက်ဖ်စီအတွက် ဦးစားပေးရင်းနှီးမြှုပ်နှံရေးဒေသတစ်ခုဖြစ်ပါသည်။ ရေရှည်တည်တံ့သော သာယာစည်ပင်မှုနှင့် လုံခြုံမှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ခုတည်ဆောက်ခြင်းဖြင့် တိုင်းပြည်နိုင်ငံများအား လုပ်ပိုင်ခွင့်ပိုမိုရရှိစေမည့် စံချိန်စံညွှန်းမြင့်မားသော မော်ဒယ်ပုံစံတစ်ခု ချမှတ်နိုင်ရန်အတွက် အေဂျင်စီသည် အင်ဒို-ပစိဖိတ်ဒေသတစ်လွှားရှိ လက်တွဲဖက်များ၊ မဟာမိတ်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။
ဤခရီးစဉ်နှင့်ပတ်သက်၍ သတင်းရယူလိုပါက press@dfc.gov သို့အီးမေးလ်ပို့၍ဆက်သွယ်နိုင်ပါသည်။
###
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) သည် အမေရိကန်ပြည်ထောင်စု၏ ဖွံ့ဖြိုးရေးဘဏ် တစ်ခုဖြစ်ပါသည်။ ဒီအက်ဖ်စီ သည် ယနေ့ ဖွံ့ဖြိုးဆဲကမ္ဘာ၌ ကြုံတွေ့နေရသော အကြီးမားဆုံး အရေးကြီးသည့် စိန်ခေါ်မှု အခက်အခဲများကို ဘဏ္ဍာရေးအရ ဖြေရှင်းပေးနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် လက်တွဲဆောင်ရွက်ပါသည်။ စွမ်းအင်၊ ကျန်းမာရေး၊ အရေးပါသောအခြေခံအဆောက်အအုံများနှင့် နည်းပညာအပါအဝင် ကဏ္ဍာများစွာ၌ ရင်းနှီးမြှုပ်နှံပါသည်။ ထွန်းသစ်စစျေးကွက်များအတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အလို့ငှာ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အမျိုးသမီးစွန့်ဦးတီထွင်သူများကိုလည်း ဒီအက်ဖ်စီက ဘဏ္ဍာရေးအရ ပံ့ပိုးပေးပါသည်။ ဒီအက်ဖ်စီ ရင်းနှီးမြှုပ်နှံမှုများသည် သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စံချိန်စံညွှန်းမြင့်မားစွာ လေးစား လိုက်နာကျင့်သုံးပါသည်။