မြန်မာ အာဏာရှင်အဖွဲ့အစည်း၏ စစ်လေယာဉ်အဝယ်တော်များအား အရေးယူသတ်မှတ်ခြင်း

သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်
၂၀၂၂ နိုဝင်ဘာ ၈

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းသည် အတိုက်အခံနိုင်ငံရေးသမားများနှင့် အရပ်သားပြည်သူအမြောက်အများကို အသက်ဆုံးရှုံးစေလောက်သည့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရင်း မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့ပါသည်။ အောက်တိုဘာ ၂၃တွင် အာဏာရှင်အဖွဲ့အစည်းသည် အာဏသိမ်းယူပြီးသည့် အချိန်မှစပြီး အသေအပျောက်အများဆုံး လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည့် ကချင်ပြည်နယ်မှ အနုပညာရှင်များ၊ တင်ဆက်ကပြသူများနှင့် ပွဲကြည့်ပရိသတ်များ၏ အသက်ကို နှုတ်ယူခဲ့သော လူပေါင်း ၁၀၀ နီးပါး သတ်ဖြတ်ခံခဲ့ကြရသည့် တိုင်းရင်းသားမိတ်ဆုံပွဲတစ်ခုအပေါ် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြပါသည်။ ပြည်သူများ၏ ဒီမိုကရေစီပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်သည့် သာယာဝပြောသော အနာဂတ်တစ်ခု လိုလားတောင့်တမှုကို ဖိနှိပ်ချုပ်ချယ်ရင်း အကြမ်းဖက်ခြိမ်းခြောက်မှုများကို ပြောင်ပြောင်တင်းတင်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အာဏာရှင်အဖွဲ့အစည်းကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ရပ်တည်ပါသည်။

ယနေ့တွင် အာဏာရှင်အဖွဲ့အစည်း၏ အကြမ်းဖက်မှု အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကာဆင့်ကာပြုလုပ်ခြင်း နှင့် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းကို ပံ့ပိုးပေးသည့် သူများအပေါ် အမေရိကန်ပြည်ထောင်စုမှ ထပ်တိုးအရေးယူမှုများ လုပ်ဆောင်သွားပါမည်။ မြန်မာ့စီးပွားရေးနယ်ပယ်တွင် ကာကွယ်ရေးကဏ္ဍအတွက် လုပ်ကိုင်ဆောင်ရွက်နေမှုကြောင့် Sky Aviator Company Limited နှင့် ၄င်း၏ ပိုင်ရှင်နှင့် ဒါရိုက်တာဖြစ်သည့် (ဦး)ကျော်မင်းဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူသတ်မှတ်ခြင်းကို ဆောင်ရွက်မည် ဖြစ်သည်။ (ဦး)ကျော်မင်းဦး၏ ဦးစီးမှုအောက်တွင် Sky Aviator သည် မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများကို တင်သွင်းပေးနေသည့် အဓိက အဝယ်အတော်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် Sky Aviator ကုမ္ပဏီသည် ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်များထံမှ လက်နက်ကုန်စည်များကို တစ်ကြိမ်မက လက်ခံရယူခဲ့ပါသည်။  (ဦး)ကျော်မင်းဦးသည် နိုင်ငံခြားမှ စစ်အရာရှိများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်၊ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်းရန်နှင့် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များအဆင့်မြှင့်တင်ရန် လိုအပ်သည့် ပစ္စည်းများကို ပေးအပ်ခြင်းစသည့် ပံ့ပိုးမှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။

အာဏာရှင်အဖွဲ့အစည်းကို လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရှိစေရန်နှင့် တာဝန်ခံမှု တာဝန်ယူမှုရှိစေရန်ဆောင်ရွက်ခြင်းနှင့် မြန်မာပြည်သူများအပေါ် ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် ၄င်းတို့ အသုံးပြုသည့် ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ဖြတ်တောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ မိတ်ဘက်များနှင့်အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားပါမည်။

ယနေ့အရေးယူမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ကျေးဇူးပြုပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ကိုဖတ်ရှုပါ။