မြန်မာစစ်အာဏာရှင်နှင့်ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုနှင့်လူပုဂ္ဂိုလ် ၁၆ ဦးတို့အား ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်သတ်မှတ်ခြင်း 

မြန်မာစစ်အာဏာရှင်နှင့်ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုနှင့်လူပုဂ္ဂိုလ် ၁၆ ဦးတို့အား ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်သတ်မှတ်ခြင်း 

 

သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ၏ကြေညာချက်
မေ ၁၇၊ ၂၀၂၁ 

 

စစ်အာဏာရှင်သည် လတ်တလော ချင်းပြည်နယ် မင်းတပ်မြို့၌ အပါအဝင် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုနှင့်နှိပ်ကွပ်မှုများဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက်မည်သို့မျှဆောင်ရွက်ခြင်းမရှိသည့် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်အာဏာရှင်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်များချမှတ်ကြောင်း အမေရိကန်ပြည်ထောင်စုက ယနေ့ကြေညာလိုက်သည်။ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် မိမိတို့သတ်မှတ်ခြင်းဖြစ်သည်။ ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် လေးဦး၊ စစ်တပ်ကခန့်အပ်ထားသော အစိုးရအဖွဲ့ဝင် ကိုးဦးနှင့် ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော စစ်အရာရှိများ၏ အရွယ်ရောက်ပြီး သား၊ သမီး သုံးဦးတို့ကိုလည်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ မိမိတို့သည် ဤကြေညာချက်ကို ၎င်းတို့နည်း၊ ၎င်းတို့ဟန်ဖြင့် စစ်အာဏာရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူနေသည့် ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါတို့နှင့်အတူကြေညာခြင်းဖြစ်ပါသည်။ 

သမ္မတဘိုင်ဒင်ပြောခဲ့သည့်အတိုင်းပင် အမေရိကန်ပြည်ထောင်စုသည် အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို တာဝန်ခံရစေရေးအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ မိမိတို့၏ ယနေ့ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသည် စစ်အာဏာရှင်အနေဖြင့် အကြမ်းမှုမရပ်တန့်မချင်း၊ ပြည်သူလူထု၏ဆန္ဒကို လေးစားသည့်အနေဖြင့် အဓိပ္ပာယ်ပြည့်ဝသောလုပ်ရပ်များကို မဖော်ဆောင်မချင်း နိုင်ငံရေးနှင့်ဘဏ္ဍာရေးအရ စစ်အာဏာရှင်ကို ဖိအားပေးခြင်းဖြစ်ကြောင်း မိမိတို့၏သန္နိဋ္ဌာန်၊ မိမိတို့မိတ်ဖက်များ၏သန္နိဋ္ဌာန်တို့ကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးအတွက် လက်နက်တင်ပို့မှုပိတ်ပင်တားဆီးရေး၊ စစ်အသုံးအဆောင်ပစ္စည်းများရောင်းချမှု ဆိုင်းငံ့ရေးနှင့် စစ်တပ်ပိုင်လုပ်ငန်းအဖွဲ့အစည်းများနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက နိုင်ငံအားလုံးကို တိုက်တွန်းပါသည်။ 

လတ်တလောထုတ်ပြန်ခဲ့သော မိမိတို့၏ကြေညာချက်ကိုထပ်လောင်းပြောကြားသည့်အနေဖြင့် မကြာသေးမီက ထုတ်ပြန်ခဲ့သော အာဆီယံ သဘောတူညီချက်ငါးရပ်အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့၏ ဂျီ-ဆဲဗင်း မိတ်ဖက်နိုင်ငံများကကြိုဆိုပါသည်။  စစ်အာဏာရှင်အနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂတို့နှင့် အမြန်ဆုံး ခြွင်းချက်မရှိ ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပါသည်။ ထပ်မံ၍လည်း မိမိတို့အနေဖြင့် ဤအကျပ်အတည်း အဆုံးသတ်ရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု အစီအစဉ်တစ်ရပ်စတင်နိုင်ရေး အာဆီယံနှင့်ကုလသမဂ္ဂတို့၏ကြိုးပမ်းအားထုတ်မှုကို အားပေးကူညီသွားရန် အဆင်သင့်ရှိနေပါသည်။  

အကြောင်းမလှစွာဖြင့် စစ်အာဏာရှင်သည် ၎င်း၏ပြည်သူလူထုကို ဆက်လက်၍ ရက်ရက်စက်စက်နှိပ်ကွပ် အကြမ်းဖက်နေပြီး အပြုသဘောဆောင်သောလုပ်ရပ်များဖြင့် ပူးပေါင်းဆောင်ရွက်ရန် ယခုထက်တိုင် ငြင်းဆိုလျက်ရှိကာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် မည်သည့်သော ကြိုးပမ်းအားထုတ်မှုမျှ မရှိခဲ့သေးပေ။  

 ယနေ့အရေးယူမှုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ကြည့်နိုင်ပါသည်။

 

### ပြီး ###