မြန်မာနိုင်ငံအတွင်းအရှိန်မြင့်တက်လာသည့် အကြမ်းဖက်မှုကိုတုံ့ပြန်သည့်အနေဖြင့် တာဝန်ရှိသူများနှင့် စစ်တပ်တပ်မများကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထည့်သွင်းအရေးယူ
သတင်းထုတ်ပြန်ချက်
အန်တိုနီ ဂျေ ဘလင်ကင်၊ နိုင်ငံခြားရေးဝန်ကြီး
မတ် ၂၂၊ ၂၀၂၁
ယခင်လက စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူများသည် ၎င်းတို့၏ဆန္ဒလိုလားမှုဖြစ်သော ဒီမိုကရက်တစ်အစိုးရ၊ ငြိမ်းချမ်းရေးနှင့်တရားဥပဒေပြန်လည်စိုးမိုးရေးတို့အတွက် ဆန္ဒထုတ်ဖော်လာခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုကလည်း ၎င်း၏မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့်အတူ မြန်မာပြည်သူများဘက်ကရပ်တည်သည်။ ယင်းဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်အာဏာရှင်တို့သည် ဆက်လက်၍အကြမ်းဖက်နှိမ်နှင်းခဲ့ရာ ယနေ့အချိန်အထိ ငြိမ်းချမ်းစွာဆန္ဒပြသူများအပါအဝင် လူပေါင်း ၁၉၄ ဦးထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်သည်။ ၎င်းတို့နိုင်ငံ၏အနာဂတ်အတွက် ရိုးရှင်းစွာတောင်းဆိုနေကြသည့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရက်ရက်စက်စက်နှိမ်နှင်း၍ သတ်ဖြတ်ခြင်းဖြင့် စစ်အာဏာရှင်က ဒီမိုကရက်တစ်ရွေးကောက်ပွဲတစ်ခု၏ ရလဒ်ကို ပြောင်းပြန်လှန်ရန် ဆက်လက်ကြိုးပမ်း အားထုတ်နေခြင်းဖြစ်သည်။
ယင်းသို့ကြိုးပမ်းအားထုတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ရဲချုပ်သန်းလှိုင်နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ကို သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင်ထည့်သွင်းအရေးယူလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် သို့မဟုတ် လွတ်လပ်စွာစုရုံးခွင့် ကျင့်သုံးကြသည်ကို အရေးယူခြင်းသို့မဟုတ် ချုပ်ချယ်ကန့်သတ်ရန်မူဝါဒများချမှတ်ခြင်း၊ ကန့်သတ်ခြင်း၊ အပြစ်ပေးခြင်းတို့အတွက် တာဝန်ရှိမှု သို့မဟုတ် ကျူးလွန်မှု၊ သို့မဟုတ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်မှု၊ သို့မဟုတ် ပါဝင်ပတ်သက်ရန်ကြိုးပမ်းအားထုတ်မှုတို့အတွက် ခြေမြန်တပ်မများဖြစ်သည် တပ်မ ၃၃ နှင့်တပ်မ ၇၇ တို့ကိုလည်း သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်း အရေးယူလိုက်သည်။ မန္တလေး၌ လူအုပ်အတွင်း ကျည်ဆံအစစ်များဖြင့် ပစ်ခတ်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များတွင် ခြေမြန်တပ်မ ၃၃ တပ်ဖွဲ့ဝင်များပါဝင်ခဲ့သည်။ ခြေမြန်တပ်မ ၃၃ နှင့် တပ်မ ၇၇ နှစ်ခုစလုံးသည် သေစေလောက်သောအင်အားကို တိုးမြှင့်အသုံးပြုရန်အတွက် ကြိုတင်စီမံ၍ စနစ်တကျ မဟာဗျူဟာမြောက်ဆောင်ရွက်ခဲ့ကြသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏အစိတ်အပိုင်းအနေဖြင့်လည်း ပါဝင်သည်။ ယခုကဲ့သို့ပိတ်ဆို့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများသည် အကြမ်းဖက်မှုတို့မည်သည် ပြန်လည်တုံ့ပြန်ခံရမြဲဖြစ်ကြောင်းကို ပြသခြင်းဖြစ်သည်။
အတ္တလန်တိတ်တစ်လွှားမှ မိမိတို့၏ ဥရောပသမဂ္ဂမိတ်ဖက်များကလည်း မြန်မာလူပုဂ္ဂိုလ် ၁၁ ဦးအပေါ် ဥရောပသမဂ္ဂအရေးယူပိတ်ဆို့မှုအစီအစဉ်သစ်တစ်ရပ်ကိုချမှတ်၍ မြန်မာစစ်အာဏာရှင်များအပေါ် အရေးယူကြောင်း ယနေ့ကြေညာခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်များသည် အာဏာသိမ်းမှု၊ အကြမ်းဖက်မှုတို့နှင့် ပတ်သက်ဆက်နွှယ်နေသူများဖြစ်ကာ ၎င်းတို့အနက် အများစုကို အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့အရေးမှု ချမှတ်ထားပြီးသူများဖြစ်ကြသည်။ ဤသို့သောအရေးယူမှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စစ်အာဏာရှင်ကို ကန့်ကွက်ရှုတ်ချမှုနှင့် မြန်မာပြည်သူလူထုအပေါ်ထားရှိသည့် ကတိကဝတ်ကို ပြသခြင်းဖြစ်သည်။
ယနေ့အရေးယူမှုများသည် အာဏာသိမ်းခေါင်းဆောင်များနှင့် အကြမ်းဖက်မှုကျူးလွန်သူများကို ဆက်လက်အရေးယူရန် ထားရှိသည့် မိမိတို့၏ အာမခံကတိများကို မိမိတို့လိုက်နာဆောင်ရွက်နေကြောင်း ခိုင်မာသည့်အချက်ပြမှုတစ်ခုကိုပေးပို့လိုက်ခြင်းဖြစ်သည်။ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသင်းဝင်များ၊ သတင်းသမားများနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပေါ် တိုက်ခိုက်နေမှုများရပ်တန့်ရန်၊ လုံခြုံရေးတပ်ဖွဲ့များ၏ ရက်ရက်စက်စက်သတ်ဖြတ်နေမှုများရပ်တန့်ရန်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရကို အာဏာပြန်လည်ပေးအပ်ရန် မြန်မာစစ်အာဏာရှင်များအား အမေရိကန်ပြည်ထောင်စုက ဆက်လက်တောင်းဆိုလိုက်သည်။
ယနေ့အရေးယူမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန်အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖတ်ရှုနိုင်ပါသည်။
###