အောက်ဖော်ပြပါအကြောင်းအရာအတွက် ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ကို ကိုးကားနိုင်ပါသည် –
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ ဒီကနေ့ နယူးယောက်မှာတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရဲ့ အမျိူးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးက အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား နဲ့ ဘာသာရေးအုပ်စုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကိုလေးစားတန်ဖိုးထားရေးတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုကျူးလွန်မှုတွေကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုတဲ့အကြောင်းကိုလည်း အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာ အတိုင်ပင်ခံက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သောအားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။