ကန့်သတ်စာရင်းတွင် နောက်ထပ် အဖွဲ့အစည်းလေးခု ဖြည့်စွက်ကာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာ စစ်တပ်အပေါ် ကန့်သတ်မှု မြှင့်တင်

မကြာသေးမီ စစ်တပ်အာဏာသိမ်းမှုကို ဆက်လက် တုံ့ပြန်သည့်အနေဖြင့် ကန့်သတ်စာရင်းတွင် နောက်ထပ် အဖွဲ့အစည်းလေးခု ဖြည့်စွက်ကာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာ စစ်တပ်အပေါ် ကန့်သတ်မှု မြှင့်တင်

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဇူလိုင် ၂၊ ၂၀၂၁

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရို (BIS) သည် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းမှုအား တုံ့ပြန်သည့် နောက်ထပ်အရေးယူမှုအဖြစ် အဖွဲ့အစည်း လေးခုအား ကန့်သတ်စာရင်းအတွင်း ထည့်သွင်းလိုက်သည် — ယင်းတို့မှာ မြန်မာစစ်တပ်ကို အထောက်အကူပြုသည့် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများပေးသည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော King Royal Technologies Co., Ltd.၊ ၂၀၂၁ ခုနှစ် မတ်လတွင် ကန့်သတ်စာရင်းထဲ ထည့်ပြီးဖြစ်သည့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် ဝင်ငွေခွဲဝေ ခံစားရေး စာချုပ်ချုပ်ဆိုထားကြသော ဝမ်ပေါင်သတ္ထုတူးဖော်ရေးကုမ္ပဏီနှင့် ၎င်း၏လက်အောက်ခံ ကုမ္ပဏီ နှစ်ခု ဖြစ်သော Myanmar Wanbao Mining Copper, Ltd. နှင့် Myanmar Yang Tse Copper ဟူသော ကြေးနီသတ္တုထုတ်လုပ်ရေးကုမ္ပဏီများ ဖြစ်သည်။ MEHL သည် စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသော မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေပံ့ပိုးပေးနေသော အဖွဲ့အစည်းဖြစ်သည်။ မြန်မာ့ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ၂၀၂၁ ခုနှစ် မတ်လတွင် ကန့်သတ် စာရင်းထဲ ထည့်သွင်းခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသစ်ထည့်သွင်းလိုက်သော အဖွဲ့များအနက် သုံးဖွဲ့ ဖြစ်သော ဝမ်ပေါင်သတ္တုတူးဖော်ရေးနှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီတို့သည် လက်ပတောင်း ကြေးနီသတ္တုတူးဖော်ရေးအပါအဝင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကျူးလွန်မှုတို့နှင့် ကာလရှည်ကြာပါဝင်ပတ်သက်နေခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

ကန့်သတ်စာရင်းသည် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးမူဝါဒ၏ အကျိုးစီးပွား သို့မဟုတ် အမျိုးသား လုံခြုံရေးကို ဆန့်ကျင်သောလုပ်ရပ်များတွင် ပါဝင်ပတ်သက်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ယုံကြည်ရသည့်သူများ (လူတစ်ဦးချင်း၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ) သို့မဟုတ် ပါဝင်ပတ်သက်လာရန် အန္တရာယ် အထင်အရှား ရှိနေသော သူများထံသို့ ပို့ကုန်စီမံအုပ်ချုပ်ရေး စည်းမျဉ်း (EAR) ပါ ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ခြင်းနှင့် လွှဲပြောင်းခြင်း (နိုင်ငံတွင်း) ကို ကန့်သတ်ရန် အသုံးပြုသည့် BIS ၏ နည်းလမ်းတစ်ခု ဖြစ်သည်။ ကန့်သတ်စာရင်း ဝင်သည့် အဖွဲ့များထံသို့ EAR ပါ ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ပြန်လည် တင်ပို့ခြင်းနှင့် လွှဲပြောင်း ခြင်း (နိုင်ငံတွင်း) များအတွက် နောက်ထပ် လိုင်စင် လိုအပ်ချက် ရှိမည် ဖြစ်ပြီး လိုင်စင် ကင်းလွတ်ခွင့် အများစု ရရှိနိုင်မှုကို ကန့်သတ်ထားသည်။

ယနေ့ ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များထံသို့ အကဲဆတ်သည့် ပစ္စည်းများ၊ မြန်မာနိုင်ငံရှိ သတ်မှတ်ထားသော စစ်တပ်နောက်ဆုံး အသုံးပြုမှုနှင့် နောက်ဆုံးအသုံးပြုသူများအတွက် ဦးတည်သည့် အချို့ ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်မှုအသစ်များအား BIS က ဖေဖော်ဝါရီနှင့် မတ်လ အတွင်း မကြာသေးမီက အရေးယူဆောင်ရွက်မှုအပေါ် ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်သည်။ အဆိုပါ အရေးယူမှုများက မြန်မာနိုင်ငံအား EAR အောက်တွင် ပိုမို ကန့်သတ်သည့် “ နိုင်ငံအုပ်စု” အတွင်း ထည့်သွင်းစေမည် ဖြစ်သဖြင့် လိုင်စင် ကင်းလွတ်ခွင့်ရနိုင်မှုကို ကန့်သတ်ထားမည် ဖြစ်သည်။

“ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာအစိုးရကို အသိအမှတ်ပြုဖို့ မြန်မာစစ်တပ်ရဲ့ ငြင်းဆန်မှု၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်က မမျှမတ တရားစီရင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နှင်းမှုတွေ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရှုတ်ချပါတယ်” “ဖိနှိပ်ပြီး ဒီမိုကရေစီနည်းလမ်းမကျ လုပ်ရပ်တွေရှိတဲ့ မြန်မာစစ်တပ်ကို အထောက်အပံ့ဖြစ်စေမယ့် အဆိုပါ အဖွဲ့ လေးခုအပေါ် ကန့်သတ်ရေးနဲ့ တစ်ခြားဝင်ငွေ အရင်းအမြစ်တွေကို ထိန်းချုပ်နိုင်ရေး အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းကြဖို့အတွက် စိတ်သဘောထားချင်းတူတဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေကို ကျွန်တော်တို့ ဆက်လက်တိုက်တွန်းပါတယ်။ အာဏာသိမ်းမှုကျူးလွန်သူတွေ တာဝန်ခံရစေရေးနဲ့ မြန်မာပြည်သူတွေ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရက်အင်စတီကျူးရှင်းတွေနဲ့အတူ ရပ်တည်ရေးတို့ကို အမေရိကန်အစိုးရက ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာ အမ် ရေမွန်ဒို က ပြောကြားသည်။

နောက်ထပ် အချက်အလက်များအတွက် www.bis.doc.gov. ကိုကြည့်ပါ။