မြန်မာနိုင်ငံ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံးဖွင့်ပွဲတွင် ပြောကြားသည့် သံရုံးယာယီတာဝန်ခံ ကွမ်ကတ်နို၏ အမှာစကား (ပြင်ဆင်ထားသည့်အတိုင်း)
နံနက် ၁၀ နာရီ၊ အောက်တိုဘာလ ၁ ရက်၊ ၂၀၂၀
ဂုဏ်သရေရှိ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ တကွ မြန်မာနိုင်ငံ အစိုးရ ကိုယ်စားလှယ်တော်များ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ ကိုယ်စားလှယ်တွေ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနဲ့ ဂျပန်နိုင်ငံမူပိုင်ခွင့်ရုံးက မစ္စတာ နိုရီဂျီဆာကာကူယာနဲ့ မစ္စတာဆုစူမူ အီဝါဆာကီ၊ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းမှ အသင်းအဖွဲ့များနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး၊ အမျိုးသား လူကြီးမင်းများ အားလုံးအား ဒီကနေ့ပွဲကို တက်ရောက်လာကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဉာဏပစ္စည်းမူပိုင်ခွင့်ကို ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုတွေ ပိုရှိအောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက်တွေကို ပံ့ပိုးပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။
ဉာဏပစ္စည်းမူပိုင်ခွင့်ရုံးနဲ့ ဆက်စပ်ဝက်(ဘ်)ဆိုက်တွေမှာ အွန်လိုင်းဝန်ဆောင်မှုတွေ ရရှိအောင် ဖွင့်လှစ်လိုက်ခြင်းအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ မူပိုင်ခွင့်ဌာနတို့ကို အမေရိကန်ပြည်ထောင်စုအစိုးရ ရဲ့ကိုယ်စား ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဉာဏပစ္စည်းမူပိုင်ခွင့်ရုံး ဖွင့်လှစ်ခြင်းဟာ မြန်မာနိုင်ငံမှာ ခေတ်မီမူပိုင်ခွင့်စနစ်ကို ထူထောင်ဖို့အတွက် အဓိက ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး တိုင်းပြည်စီးပွားရေးအသွင်ကူးပြောင်းမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့ အွန်လိုင်းကနေလုပ်တဲ့ ဖွင့်ပွဲဟာ ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနဲ့ စာပေနဲ့ အနုပညာမူပိုင်ခွင့်ဥပဒေတွေ အတည်ပြုပြဋ္ဌာန်းအပြီးမှာ နောက်ဆက်တွဲ ဖြစ်လာတာ ဖြစ်ပါတယ်။ အစိုးရက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို အာဏာသက်ဝင်စေဖို့ လုပ်ဆောင်နေတဲ့အတွက်ကြောင့် လာမယ့်လတွေအတွင်း သောင်းနဲ့ ချီတဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်လွှာတွေကို ဒီဝက်(ဘ်)ဆိုက်ကနေ လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အနေနဲ့အခုလိုကြိုးပမ်းဆောင်ရွက်မှုများစွာကိုအထောက်အကူဖြစ်စေမယ့်နည်းပညာအထောက်အပံ့တွေ၊သင်တန်းတွေနဲ့ပစ္စည်းကိရိယာတွေထောက်ပံ့ပေးခဲ့ပါတယ်။
ခေတ်မီကုန်အမှတ်တံဆိပ်မူပိုင်ခွင့်စနစ်ဟာအတုအပပြုလုပ်သူတွေရန်ကနေအကာအကွယ်ပေးပါလိမ့်မယ်။အဲဒီအကာအကွယ်ဟာအရည်အသွေးနဲ့ယုံကြည်စိတ်ချရတဲ့တံဆိပ်တွေထုတ်လုပ်ဖို့အတွက်ရင်းနှီးမြှုပ်နှံထားတဲ့မြန်မာနိုင်ငံနဲ့နိုင်ငံတကာစီးပွားရေးလုပ်ငန်းပေါင်းများစွာအတွက်အရေကြီးပါတယ်။အဲဒီခေတ်မီကုန်အမှတ်တံဆိပ်စနစ်မူပိုင်ခွင့်ဟာစီးပွားရေးလုပ်ငန်းသစ်တွေကြီးထွားလာဖို့ကိုလည်းအားပေးပါလိမ့်မယ်။မြန်မာနိုင်ငံမှာရှိတဲ့အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက်ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်တွေကိုကာကွယ်ပေးခြင်းအားဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုအားပေးပါလိမ့်မယ်။အမေရိကန်ကုန်သည်ကြီးများအသင်းကကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြာကြည့်တဲ့အခါမြန်မာနိုင်ငံမှာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကြီးထွားလာနိုင်ဖို့အမေရိကန်ကရင်းနှီးမြှုပ်နှံမှုအသစ်တွေကိုဆွဲဆောင်ဖို့အတွက်ခိုင်မာတဲ့ဥာဏပစ္စည်းမူပိုင်ခွင့်စနစ်တစ်ခုရဲ့အရေးပါပုံကိုအမြဲတမ်းထပ်တလဲလဲပြောကြတယ်။
သို့သော်လည်းပဲ ခိုင်မာတဲ့ဥာဏပစ္စည်းမူပိုင်ခွင့်စနစ်၊ အထူးသဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်တွေဟာ ကြီးမားတဲ့ပြည်တွင်း၊ ပြည်ပမှာ လူသိများတဲ့ ကုန်အမှတ်တံဆိပ်တွေလောက်သာ မကပါဘူး။ ဒီစနစ်ဟာ မြန်မာနိုင်ငံရဲ့ တမူထူးခြားတဲ့ ပုံစံတွေနဲ့ယက်လုပ်ထားတဲ့ချည်ထည်လုပ်ငန်း၊ လက်မှုပစ္စည်းလုပ်ငန်းတွေလိုမျိုး ထူးခြားပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေ ကြီးထွားလာနိုင်ဖို့အတွက်လည်း အရေးကြီးပါတယ်။ တစ်ချိန်မှာ တစ်ကမ္ဘာလုံးကိုသွားဖို့ မျှော်လင့်နေကြတဲ့ ဒီစီးပွားရေးလုပ်ငန်းတွေဟာ မှတ်ပုံတင်ခြင်းကနေအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသစ်မှာ အားဖြည့်ထားတဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကာကွယ်ပေးမှုရဲ့ အားသာချက်ကို ရယူဖို့၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို အပြည့်အဝအသိအမှတ်ပြုမှု ရရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေနဲ့ မူလကုန်အမှတ်တံဆိပ်ပိုင်ရှင် တွေကို လျှောက်လွှာအသစ် ပြန်လည်လျှောက်ထားကြရန် မိမိတို့အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒီလိုမျိုးလုပ်ထားတာဟာ တာဝန်ယူရှိသောစီပွားရေးလုပ်ငန်းတွေ ကြီးထွားလာရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ရေးမှာ အဓိကကျတဲ့ အရည်အသွေးကောင်းမွန်မှုနဲ့ ယုံကြည်စိတ်ချရမှုတို့ အတွက် ဂုဏ်သတင်းကို မြှင့်တင်ရာမှာ အထောက်အကူပြုပါလိမ့်မယ်။
အထူးသဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၊ အခြားဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခြင်းအားဖြင့် USAID ရဲ့ပွင့်လင်းမြင်သာပြီး၊အားလုံးပါဝင်နိုင်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟာအမေရိကန်ပြည်ထောင်စုမူပိုင်ခွင့်နဲ့ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနနဲ့လက်တွဲပြီးမြန်မာနိုင်ငံအစိုးရရဲ့ဥာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်ရေးလုပ်ဆောင်ချက်တွေကိုအထောက်အပံ့ပြုဖို့ဆောင်ရွက်ပေးခဲ့ပါတယ်။နောက်ပြီးထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက်ဥပဒေပြုတဲ့စနစ်တွေတည်ဆောက်ရာမှာဆက်စပ်နေတဲ့ပုဂ္ဂလိကကဏ္ဍပူးပေါင်းပါဝင်လာဖို့အတွက်လည်းအားပေးခဲ့ပါတယ်။
နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကကဏ္ဍ၊ တစ်ခြားအလှူရှင်မိတ်ဖက်အဖွဲ့အစည်းတွေ အထူးသဖြင့် JICA နဲ့ WIPO တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခွင့်ရတဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး မြန်မာနိုင်ငံအနေအထားမှာ ထိထိရောက်ရောက် အသုံးချနိုင်မယ့် ပိုမိုခိုင်မာတဲ့ ဥာဏပစ္စည်းမူပိုင်ခွင့်စနစ်တစ်ခုကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တဲ့အခါ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို မြင်တွေ့ရလို့လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။
ကျေးဇူးတင်ပါတယ်။