USAID ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ထရီဆာမက်ဂီ ပြောကြားသည့် မှတ်ချက်စကား
အွန်လိုင်းမှတဆင့် ပြုလုပ်သည့် မီဒီယာစကားဝိုင်း
ဇူလိုင် ၂၂၊ ၂၀၂၀
USAID ဟု သိကြသော အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် ကိုဗစ်–၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း မြန်မာပြည်သူပြည်သားများကို အမေရိကန်ဒေါ်လာ ၁၄.၃သန်းကျော်ထောက်ပံ့ပေးလျက်ရှိသည်။ကျန်းမာရေး၊လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့၊စိုက်ပျိုးရေးနှင့်အားလုံးပါဝင်နိုင်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ဒီမိုကရေစီ၊အုပ်ချုပ်ရေးစနစ်၊လူ့အခွင့်အရေးနယ်ပယ်များနှင့်ပတ်သက်၍လက်ရှိထောက်ပံ့လျက်ရှိသောအစီအစဥ်များအတွက်မိမိတို့၏နှစ်စဥ်ဘတ်ဂျက်အမေရိကန်ဒေါ်လာသန်း၁၅၀အပြင်ယခုထောက်ပံ့မှုကိုထပ်လောင်းထောက်ပံ့လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါရောဂါကူးစက်ခံရသည့် ပထမဆုံးလူနာကို မတွေ့ရှိခင် ရက်သတ္တပတ်ပေါင်းများစွာက တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များ စောလျှင်စွာထောက်ပံ့နိုင်ရေးနှင့် နောက်ထပ်ခြေလှမ်းများကို ဆွေးနွေးနိုင်ရေးအတွက် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မိမိတို့တွေ့ဆုံခဲ့ပါသည်။ မတ်လလယ်လောက်တွင် ကူးစက်ရောဂါပျံ့နှံ့မှုကို ဘေးကင်းလုံခြုံစွာ တိုက်ဖျက်နိုင်ရန်အတွက် မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ကြိုတင်ပြင်ဆိုင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁.၈ သန်းထောက်ပံ့နိုင်ခဲ့သည်။ ထောက်ပံ့ပေးခဲ့သောကျန်းမာရေးစောင့်ရှောက်သူများထဲတွင် ကျန်းမာရေးဝန်ဆောင်မှုနှင့် အလှမ်းဝေးကာ သွားလာရန်ခက်ခဲ့သည့် ပဋိပက္ခကြောင့် ထိခိုက်ခံနေရသောဒေသများရှိ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများလည်း ပါဝင်သည်။ ဤကဲ့သို့ အစောပိုင်းရန်ပုံငွေထောက်ပံ့ရေးကို အသုံးပြုရခြင်းမှာ ကိုဗစ်–၁၉ ရောဂါအတွက် ဆေးစစ်ချက်များကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည့် ဓါတ်ခွဲခန်းသုံးပစ္စည်းကိရိယာများနှင့် အထောက်အပံ့ပစ္စည်းများ ပေးအပ်ရန်အတွက်လည်းကောင်း၊ ကိုဗစ်–၁၉ရောဂါကိုမည်သို့ကာကွယ်ရန်နှင့်ရောဂါပျံ့နှံ့မှုကိုမည်သို့တုံ့ပြန်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်၍မိသားစုများနှင့်ရပ်ရွာအသိုင်းအဝိုင်းများကိုပညာပေးနိုင်ရန်နှင့်သတင်းအချက်အလက်များမြန်ဆန်စွာပေးအပ်နိုင်ရန်အတွက်လည်းကောင်းဖြစ်သည်။
ဧပြီလကတည်းက မြန်မာပြည်သူပြည်သားများကို ထပ်လောင်းထောက်ပံ့နိုင်ရန်အတွက် ကျန်းမာရေးရန်ပုံငွေ ဒေါ်လာ ၆.၅ သန်းကိုလည်းကောင်း၊ လူသားချင်းစာနာသည့်အထောက်အပံ့ ရန်ပုံငွေ ဒေါ်လာ ၆ သန်းကိုလည်းကောင်း USAID မှကူညီထောက်ပံ့ပေးနိုင်ရန်စီစဥ်ဆောင်ရွက်ခဲ့သည်။ထိုသို့အစီအစဥ်ဆောင်ရွက်ရာတွင်စစ်ဘေးရှောင်စခန်းများရှိသွားလာရန်ခက်ခဲပြီးထိခိုက်လွယ်သောလူမှုအသိုင်းအဝိုင်းများ၊တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းများ၊ပဋိပက္ခကြောင့်ထိခိုက်နေသောလူမှုအသိုင်းအဝိုင်းများထံသို့ကျန်းမာရေးဝန်ဆောင်မှုများ၊ရေနှင့်သန့်ရှင်းရေးထောက်ပံ့ပစ္စည်းများ၊လူမှုရေးနှင့်ကာကွယ်ရေးဝန်ဆောင်မှုများပိုမိုရောက်ရှိနိုင်ရေးအတွက်အလေးပေးဆောင်ရွက်ခဲ့သည်။
USAID ၏ ကူညီပံ့ပိုးမှူဖြင့် Access to Health Fund ရန်ပုံငွေအစီအစဥ်သည် ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ ကယား၊ ကရင်၊ မွန်နှင့် ရန်ကုန်တို့တွင် လုပ်ကိုင်နေကြသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ ထံသို့လည်းကောင်း၊ တိုင်းရင်းသားနှင့်ရပ်ရွာအခြေပြုကျန်းမာရေး အဖွဲ့အစည်းပေါင်း ၃၄ ဖွဲ့ထံသို့လည်းကောင်း ဒေါ်လာသန်းဝက် ထောက်ပံ့ခဲ့ပြီးဖြစ်သည်။ ဤရန်ပုံငွေအဖွဲ့အနေဖြင့် လွန်ခဲ့သည့်အပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ PPE ဝတ်စုံပေါင်း ၂၂၀,၀၀၀ လှူဒါန်းခဲ့သည်။ ရောဂါစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ ထိတွေ့မှုရာဇဝင်အားနောက်ယောင်ခံခြင်း၊ အသွားအလာကန့်သတ်ခံထားရသူများအား ထောက်ပံ့ပေးခြင်းစသည်တို့ ပြုလုပ်လျက်ရှိကြသော ကျန်းမာရေးဝန်ဆောင်မှုဝန်ထမ်းများ၊ စေ့တနာ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရန်အတွက် တိုင်းရင်းသားနှင့် ရပ်ရွာအခြေပြုကျန်းမာရေးအဖွဲ့အစည်းများထံသို့ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ PPE ဝတ်စုံများထဲမှ အစုံ ၁၀၀,၀၀၀ ကို ဖြန့်ဝေပေးအပ်မည်ဟု နားလည်ထားပါသည်။ PPE ဝတ်စုံများနှင့် ကိုဗစ်–၁၉ ရောဂါ စစ်ဆေးရေးပစ္စည်းကိရိယာများအတွက် အထောက်အပံ့ငွေ ဒေါ်လာ ၆.၄ သန်းကို UKAID၊ USAID၊ဆွီဒင်အစိုးရနှင့်ဆွစ်ဇာလန်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှရန်ပုံငွေထောက်ပံ့ပေးခဲ့ပါသည်။
ကိုဗစ်–၁၉ ရောဂါပြန့်ပွားရေးကို ကာကွယ်ရန် လိုအပ်သည့် ကြိုတင်ကာကွယ်မှု အားလုံးကို ဆက်လက်ဆောင်ရွက်နေစဥ်အတွင်း USAID ၏ လက်ရှိအစီအစဥ်များ ဆက်လက် လည်ပတ်နိုင်ရန်အတွက် လုပ်ဆောင်ချက်များကို လိုက်လျောညီထွေစွာ ဆန်းသစ်လုပ်ကိုင်လျက်ရှိပါသည်။ မြန်မာပြည်သူပြည်သားများအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် သန့်ရှင်းပြီး၊ တစ်ဦးနှစ်တစ်ဦး ခပ်ခွာခွာနေနိုင်ရန် စီစဥ်ဆောင်ရွက်ထားသော မဲရုံများတွင် ဘေးကင်းစွာ မဲပေးနိုင်ရေးအတွက် မိမိတို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ တီဘီရောဂါနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများ ဆေးခန်းသို့ သွားလာနေစရာ မလိုရန်အတွက် ၎င်းတို့လပေါင်းများစွာ သောက်သုံးရမည့်ဆေးများကို ပေးအပ်ထောက်ပံ့ခဲ့သည်။ ငှက်ဖျားရောဂါကာကွယ်ရေး၊ မြန်ဆန်စွာစစ်ဆေးရေး၊ ကုသရေးစသည်တို့ကို ဘေးကင်းစွာ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ရပ်ရွာအသိုင်းအဝိုင်းငှက်ဖျားရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်းများကိုလည်း PPE ဝတ်စုံများပေးအပ်ထောက်ပံ့ခဲ့သည်။
USAID ၏ လက်ရှိအစီအစဥ်များသည် ပဋိပက္ခကြောင့်ထိခိုက်ခံစားနေရသော ရပ်ရွာအသိုင်းအဝိုင်းများတွင် ကြံ့ကြံ့ခံတုံ့ပြန်နိုင်မှုကို တည်ဆောက်ရန် လုပ်ကိုင်လျက်ရှိကြသည်။ မိမိတို့၏ စိုက်ပျိုးရေးစီမံကိန်းများသည် ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ မကွေးဒေသများတွင်လည်းကောင်း၊ မန္တလေးရှိ စျေးကွက်အချက်အချာကျသည့် နေရာများတွင်လည်းကောင်း၊ ကိုဗစ်–၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများနှင့်ပတ်သက်ပြီး အစားအသောက်စနစ်များတွင်ပါဝင်ကြသည့် လယ်သမားများ၊ ထုတ်လုပ်သူများနှင့်အခြားပါဝင်ပတ်သက်နေသူများထံမှ စစ်တမ်းကောက်ယူလျက်ရှိသည်။ မိမိတို့၏တွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များသည် မြန်မာနိုင်ငံအစိုးရ၊ ကမ္ဘာ့ဘဏ်နှင့် ပုဂ္ဂလိကကဏ္ဍများက စီးပွားရေးတုံ့ပြန်မှု၊ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရာတွင် အချက်အလက်များပေးစွမ်းလျက်ရှိသည်။ တောင်သူများထံမှ စျေးကွက်သို့ အစားအသောက်များ ဆက်လက်စီးဆင်းနိုင်စေရေးအတွက် ဘဏ္ဍာငွေထောက်ပံ့မှုရှိနေစေရန် မိမိတို့၏ အသေးစားချေးငွေဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဈေးကွက်စနစ်များဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ တို့သည့် တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးအခြေပြုစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိကြသည်။ USAID နှင့် အခြားအလှူရှင်များမှ ပူးပေါင်းပံ့ပိုးထားသည့် LIFT ရန်ပုံငွေအစီအစဥ်မှလည်း ထိခိုက်လွယ် အထည်ချုပ်စက်ရုံလုပ်သားများအနေဖြင့် လျှော်ပြီးပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း ၁.၂ သန်းကို ထုတ်လုပ်နိုင်ရန်ကူညီပေးခြင်း၊ ပြည်တွင်းမှ နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ကို တိုက်ရိုက်အကူညီပေးခြင်းများနှင့် ကိုဗစ်–၁၉ ကြောင့် ထိခိုက်နစ်နာမှုနှင့် ကြုဲံတွေ့ခဲ့ရသည့် အိမ်ထောင်စုများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ အရင်းအနှီးများပံ့ပိုးပေးနိုင်ရန် အသေးစားငွေချေးလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၁၈ သန်း ပံ့ပိုးပေးထားပြီး နောက်ထပ် ၃၅ သန်းထပ်မံအား အမြန်ဆုံးထပ်မံထောက်ပံ့ပေးနိုင်ရန် အကူအညီပေးခြင်းများအပါအဝင် ကိုဗစ်–၁၉ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၂၅.၅ သန်း ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံရှိသန်းပေါင်းများစွာသော ပြည်သူများအနေဖြင့် USAID ၏ ယခု ကူညီပံ့ပိုးမှုများမှ တိုက်ရိုက်အကျိုးခံစားနေကြရပြီး မိမိတို့ရဲ့ သန္တိဌာန်တစ်ရပ်ဖြစ်သည့် ကိုဗစ်–၁၉ ကပ်ရောဂါကို မြန်မာပြည်သူများနှင့် ပူးပေါင်းကာကွယ်ဆောင်ရွက်ရန် ရည်မှန်းချက်ကိုလည်း ထင်ဟပ်စေပါသည်။ ဒီကြိုးပမ်းဆောင်ရွက်မှုများနှင့် ပက်သက်ပြီး အသေးစိတ်ကိုတော့ အမေးအဖြေကဏ္ဌမှာ ဖြေကြားပေးသွားပါမည်။
ကျေးဇူးတင်ပါသည်။
### ပြီး ###