ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ကျဆုံးခဲ့သော အမေရိကန်စစ်သည်များအားဂုဏ်ပြုသည့် အခမ်းအနားကျင်းပခြင်း

ချက်ချင်းထုတ်ပြန်ရန်
မတ် ၁၂၊ ၂၀၂၀

 

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ကျဆုံးခဲ့သော အမေရိကန်စစ်သည်များအားဂုဏ်ပြုသည့် အခမ်းအနားကျင်းပခြင်း

 

မန္တလေး။            ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (ဒီပီအေအေ) ၏ အစီအစဉ်ကတစ်ဆင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ဆာလင်းကြီး ဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံး၊ ပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန် စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို အမေရိကန် ပြည်ထောင်စုက ယနေ့ ပြန်လည် သယ်ယူပို့ဆောင်ခဲ့ပါသည်။ ဤရုပ်ကြွင်းများသည် မည်သူမည်ဝါ၊ မည်သည့်အရာ ဖြစ်ကြောင်း ဖြစ်နိုင်ခြေ ရှိသည်များကို ဆက်လက်ခွဲခြမ်းစိတ်ဖြာရန်နှင့် ရှာဖွေဖော်ထုတ်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ ဒီပီအေအေ၏ဓာတ်ခွဲခန်းသို့ ပို့ဆောင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းမှ ဒုတိယအကြိမ်အဖြစ် ပြန်လည်သယ်ယူပို့ဆောင်သည့် အခမ်းအနားကို မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကျင်းပခဲ့ပါသည်။

“လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က ရဲရင့်တဲ့ အမေရိကန်တွေဟာ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လွတ်လပ်မှု အတွက် သူတို့ရဲ့မိခင်တိုင်းပြည်နဲ့ဝေးရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြစ်ကမ်းပါးပေါ်မှာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်လည်သယ်ယူပြီး သူတို့ရဲ့တာဝန်ထမ်းရွက်ခဲ့မှုနဲ့ စွန့်လွတ်အနစ်နာခံခဲ့မှုတွေကို ဂုဏ်ပြုနေသလို ဒီလိုမြင့်မြတ်တဲ့စံတန်ဖိုးတွေကို ထပ်မံကတိကဝတ်ပြုပါတယ်” ဟု သံရုံးဒုတိယအကြီးအကဲ ဂျော့ချ်ဆစ်ဘလီက ပြောကြားခဲ့ပါသည်။

ဖြစ်နိုင်ခြေရှိသော ရုပ်ကြွင်းများကို ယခုဒေသအတွင်း၌ပင် လွန်ခဲ့သည့်နှစ်ကရှာဖွေတွေ့ရှိအပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ (ဒီပီအေအေ) က၎င်း၏ရှာဖွေမှုလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ရုပ်ကြွင်းများသည် ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ပျောက်ဆုံးခဲ့သော  စစ်သည် ခုနစ်ဦး လိုက်ပါသွားသည့် ဘီ-၂၅ဂျီ လေယာဉ်နှင့် ဆက်စပ်နေမည်ဟု ယုံကြည်ရပါသည်။ အပျက်အစီးအပိုင်းအစနေရာကို ၁၉၄၆ စုံစမ်းစစ်ဆေးမှုတစ်ရပ်က ညွှန်ပြခဲ့ပါသည်။ ပျက်ကျခဲ့သောနေရာကိုမူ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါ။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်လည် သယ်ယူပို့ဆောင်ခဲ့သော အရိုးစုများနှင့်ဆက်စပ်နေသည် ရှာဖွေတွေ့ရှိမှုများသည် မည်သည့်စစ်သည် ဖြစ်သည်ကိုမူ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေ မှတ်တမ်းတင်ရေး အေဂျင်စီ (ဒီပီအေအေ)၏ ဓာတ်ခွဲခန်းက အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဒီပီအေအေ အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၀၃ မှ ၂၀၀၄ အတွင်း ရှာဖွေရေးအစီအစဉ် သုံးကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၂၀ အတွင်း ကိုးကြိမ် ပြုလုပ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်း ကျန်ရစ်ပျောက်ဆုံး၍ ရှာဖွေမတွေ့သေးသော အမေရိကန်စစ်သည် ၅၀၅ ဦး ကျန်ရှိနေပါသေးသည်။ ယခင်ပြုလုပ် ခဲ့သော ရှာဖွေမှုများ၏ ရလဒ်အရ မိိမတို့အနေဖြင့် စစ်သည် ၂၃ ဦး၏ ရုပ်ကြွင်းများကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပြီဖြစ်ပြီး ဖြစ်နိုင်ခြေ အများဆုံးရှိသော ရုပ်ကြွင်းများကိုဆက်လက်ရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ပါသည်။

“ဒီရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုတွေအတွက် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန် ပြည်ထောင်စုက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု သံရုံးဒုတိယအကြီးအကဲ ဂျော့ချ်ဆစ်ဘလီက ပြောကြားခဲ့ပါသည်။

 

###

 

ဒီပီအေအေ (အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေး အေဂျင်စီ)

ဒီပီအေအေ၏ အထူးတာဝန်သည် အတိတ်ကာလအတွင်း ဖြစ်ပျက်ခဲ့သော ပဋိပက္ခများအတွင်း ပျောက်ဆုံးနေခဲ့သည့် အမေရိကန် အမှုထမ်းများ၏ ဖြစ်နိုင်ခြေအရှိဆုံးသော ရုပ်ကြွင်းများကို ရှာဖွေဖော်ထုတ်၍ ၎င်းတို့၏မိသားစုများနှင့် နိုင်ငံတော်ထံ ပြန်လည်အပ်နှံရေး ဖြစ်ပါသည်။ ဒီပီအေအေ သည် ကာကွယ်ရေးဝန်ကြီး၏ အစီအစဉ်ဖြစ်သော ဒုတိယကမ္ဘာစစ်ကာလအတွင်း ပင်လယ်ကွေ့စစ်ပွဲများ တစ်လျှောက် ကျဆုံး၊ ပျောက်ဆုံးခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်သည်အမှုထမ်း ၈၁,၉၀၀ ကျော်နှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရှာဖွေမှတ်တမ်းတင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ယူထားပါသည်။

ဒီပီအေအေ ဓာတ်ခွဲခန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အမျိုးမျိုးသော မှုခင်းဆေးပညာ အရိုးစုဆိုင်ရာ ရှာဖွေဖော်ထုတ်မှု အများဆုံး ဆောင်ရွက်သည့် ဓာတ်ခွဲခန်းဖြစ်ပြီး မနုဿဗေဒပညာရှင်များ၊ ရှေးဟောင်းသုတေသန ပညာရှင်များနှင့် မှုခင်းဆေးပညာ သွားဘက်ဆိုင်ရာ သိပ္ပံပညာရှင်များပါဝင်သည့် ဝန်ထမ်းပေါင်း ၆၅ ဦးကျော်ရှိပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ မိမိတို့နိုင်ငံအတွက်တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံးသွားခဲ့သော အမေရိကန်များ ရှာဖွေ မှတ်တမ်းတင်ရေး အဖွဲ့အကြောင်း ပိုမိုသိရှိလိုပါက ဒီပီအေအေ၏ အင်တာနက်စာမျက်နှာ www.dpaa.mil နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ www.facebook.com/dodpaa တွင်ဝင်ရောက်ကြည့်ရှုနိုင်သကဲ့သို့ ဖုန်းနံပါတ် (၇၀၃) ၆၉၉-၁၄၂၀/၁၁၆၉ သို့လည်း ခေါ်ဆိုနိုင်ပါသည်။

### ပြီး ###