မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့

သတင်းထုတ်ပြန်ချက်

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်

၂၀၂၄ ဇန်နဝါရီ ၃

ဇန်နဝါရီ ၄ တွင် ကျရောက်သော မြန်မာနိုင်ငံ၏ ၇၆ကြိမ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာပြည်သူများအတွက် မိမိတို့၏ သံန္နိဌာန်ကို အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိ ထပ်လောင်းအတည်ပြုအပ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ရှေးမဆွကပင် မြန်မာပြည်သူများနှင့် ၄င်းတို့၏ အခွင့်အရေးဖြစ်သည့် စည်းလုံးညီညွတ်သောပြည်ထောင်စုတစ်ခုဆီသို့ မိမိတို့အနာဂါတ်ကို မိမိတို့ကိုယ်တိုင် သတ်မှတ်လျှောက်လှမ်းနိုင်ရေးကို အားပေးထောက်ခံခဲ့ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီမှစတင်ခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်သည် သာယာဝပြောမှုကို ပြန်လည်ရရှိရန်နှင့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုရှိရေး ရည်မှန်းချက်များဆီသို့​ ရှေ့ဆက်လျှောက်လှမ်းရန် မြန်မာပြည်သူများ၏ ခိုင်မာသော သံန္နိဌာန်ကို ယုတ်လျော့မသွားစေနိုင်ခဲ့ပါ။ ဤသို့ အားထုတ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် မိမိတို့ ဝမ်းနည်းပူဆွေးကြရပြီး ၄င်းတို့ကို လေးစားဂုဏ်ပြုအပ်ပါသည်။

မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီ၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်၊ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့ကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ တသားတည်း ရပ်တည်ပါသည်။ စစ်အာဏာရှင်အဖွဲ့အစည်းသည် ၄င်း၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရပါမည်၊ နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရပါမည်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလိုသည့် ပြည်သူများ၏ ဆန္ဒကိုလည်း အသိမှတ်ပြုရပါမည်။

###