လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် ဂျပန်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဆိုးလ်နှင့် တရုတ်နိုင်ငံခရီးစဉ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်ရုံး
ချက်ချင်းထုတ်ပြန်ရန်
မီဒီယာများသို့အသိပေးခြင်း

အောက်တိုဘာ ၂၄၊ ၂၀၁၉

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် ဂျပန်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဆိုးလ်နှင့် တရုတ်နိုင်ငံခရီးစဉ်

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် သည် တိုကျို၊ ရန်ကုန်၊ ဘန်ကောက်၊ ဆိုးလ်နှင့် ပေကျင်းသို့ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၇ ရက်အထိသွားရောက်ပါမည်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် အောက်တိုဘာ ၂၅ မှ ၂၇ အတွင်း တိုကျိုမြို့၌ ရောက်ရှိနေမည်ဖြစ်ပြီး ဖူဂျီတောင် ဆွေးနွေးပွဲဟု လူသိများသော အမေရိကန်-ဂျပန် စီးပွားရေး/မူဝါဒ ဆွေးနွေးပွဲ ကိုတက်ရောက်ကာ မူဝါဒရေးရာ ကျွမ်းကျင်သူများ နှင့်အတူ အင်ဒို-ပစိဖိတ် ဒေသအတွင်း အရေးကြီးကိစ္စရပ်များအနက်မှ တစ်ချို့ကို ဆွေးနွေးမည်ဖြစ်သည်။ လက်ထောက်ဝန်ကြီးသည် လက်ရှိအစိုးရနှင့် ယခင်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူဝါဒရေးရာကျွမ်းကျင်သူများနှင့်တွေ့ဆုံကာ အမေရိကန်ပြည်ထောင်စုနှင့်ဂျပန် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုမြှင့်တင်၍ ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၂၇ မှ ၃၀ အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဖြစ်ပြီး နေပြည်တော်တွင် အရပ်သားအစိုးရ ကိုယ်စားလှယ်များနှင့် တွေဆုံမည့်အပြင် ရန်ကုန်မြို့၌ကျင်းပမည့် အခမ်းအနားများတွင်လည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားပြုပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ လက်ထောက် ဝန်ကြီးသည် ရခိုင်ပြည်နယ်သို့သွားရောက်၍လည်း အစိုးရအကြီးအကဲများ၊ လူမှုအသိုက်အဝန်းအကြီးအကဲများ၊ အကြမ်းဖက်မှု သားကောင်များ၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်း လက်တွဲဆောင်ရွက်နေကြသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံခရီးစဉ်သည် ၎င်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် တာဝန်ထမ်းဆောင်စဉ်အတွင်း ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ပါသည်။

၎င်း၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့်ပင် မလေးရှားနိုင်ငံသို့လည်း အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ ပထမဆုံး သွားရောက်မည် ဖြစ်ပါသည်။ ကွာလာလမ်ပူ၌ ရှိနေစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်း အသင်းဝင်များနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး စသည့် များပြားလှသော မိမိတို့၏လက်တွဲဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဖြစ်ပါသည်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် နိုဝင်ဘာ ၁ ရက်တွင် ဘန်ကောက်သို့ ဆက်လက်ထွက်ခွာ၍ လေးရက်ခရီးစဉ်ကို စတင်မည် ဖြစ်ပြီး ၃၅ ကြိမ်မြောက် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် အင်ဒို-ပစိဖိတ် ဖိုရမ် တို့ကို တက်ရောက်မည်ဖြစ်သည်။ ထို့ပြင် လက်ထောက်ဝန်ကြီးသည် ထိုင်းအစိုးရတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည့်အပြင် အရှေ့အာရှ ထိပ်သီးအစည်းအဝေး ပြင်ပကိစ္စရပ်များအတွက် ဒေသတွင်းမိတ်ဖက်များနှင့် နှစ်ဖက်အပြန်အလှန် တွေ့ဆုံသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၅ ရက်တွင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် ဆိုးလ်မြို့သို့သွားရောက်ကာ အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမေရိကန်-ကိုရီးယားသမ္မတနိုင်ငံ မဟာမိတ် ခိုင်မာအားကောင်းရေး၊ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ပိုင်းမူဝါဒအသစ် ကိစ္စရပ်များကိုဆွေးနွေးသွားမည်ဖြစ်သည်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတေးဝဲလ်သည် နိုဝင်ဘာ ၇ ရက်တွင် ပေကျင်းမြို့သို့ရောက်ရှိမည်ဖြစ်ပြီး အမေရိကန်သံရုံး ဝန်ထမ်းများ၊ တရုတ်အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံသွားမည်ဖြစ်ပါသည်။

# # # ပြီး # # #