၂၀၂၂ အာဆီယံထိပ်သီးအစည်းအဝေး ပူးတွဲမျှော်မှန်းချက်ဆိုင်ရာ ထုတ်ပြန်ချက်
၂၀၂၂ မေ ၁၃
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု ဖြစ်သည့် ကျွန်ုပ်တို့သည် ဝါရှင်တန်ဒီစီ၌ ပထမဆုံးအကြိမ်ကျင်းပမည့် အာဆီယံ–အမေရိကန် အထူးထိပ်သီး အစည်းအဝေးပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံ ပဋိညာဉ်စာတမ်း၊ ငြိမ်းချမ်းရေးဇုန်၊ လွတ်လပ်ရေးနှင့် ကြားနေမှုဆိုင်ရာ ကြေညာချက် (ZOPFAN)၊ အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် (TAC)၊ ၁၉၈၂ ပင်လယ်ဥပဒေစိုးမိုးရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)၊ အရှေ့တောင်အာရှဆိုင်ရာ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် (SEANWFZ) သဘောတူစာချုပ်နှင့် အင်ဒို–ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံ၏ မျှော်မှန်းချက် (AOIP) တို့တွင် အလေးပေးပြဋ္ဌာန်းထားသည့် အဓိကကျသော အခြေခံမူဝါဒများ၊ မျှဝေခြင်းဆိုင်ရာတန်ဖိုးများနှင့် စံနှုန်းများကို လိုက်နာစောင့်ထိန်းခြင်းဆိုင်ရာ အရေးပါမှုကို အလေးပေးပြောကြားခြင်း
နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိသော ဆက်ဆံရေးများ (Bali Principles) အတက် အခြေခံမူဝါဒ များဆိုင်ရာ အရှေ့အာရှထိပ်သီးအစည်းအဝေး (EAS) တရားဝင်ကြေညာချက်၏ အခြေခံမူဝါဒများအရ လမ်းညွှန်ထားသော တန်းတူညီမျှမှု၊ မိတ်ဖက်ဆက်ဆံမှု၊ ညှိနှိုင်းဆွေးနွေးမှုနှင့် အပြန်အလှန် လေးစားမှုဆိုင်ရာ အခြေခံမူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှောင်ကြိုးများ ပိုမိုခိုင်မာစေရေးအတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးတည်ဆောက်ရန် အရေးပါမှုအား အလေးပေးပြောကြားခြင်း
၁၉၇၇ ခုနှစ်တွင် မနီလာမြို့၌ ကျွန်ုပ်တို့၏ ပထမဆုံးအကြိမ် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုမှ အစပြု၍ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံ၊ အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာဆိုင်ရာ အသိုက်အဝန်းအတွက် ကာလကြာရှည် ပူးပေါင်းလက်တွဲဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်ကြောင်း အသိအမှတ်ပြုခြင်း၊ အာဆီယံ–အမေရိကန် ထိပ်သီးအစည်းအဝေး တည်ထောင်မှု၊ ဂျကာတာမြို့တွင် အာဆီယံဆိုင်ရာ အမေရိကန် မစ်ရှင်တစ်ခု ထူထောင်ခြင်းနှင့် အရှေ့တောင်အာရှတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စုက လက်မှတ်ရေးထိုးခြင်းတို့ဖြင့် တိုးတက်လာခြင်းကို အသိအမှတ်ပြုခြင်း
အာဆီယံကို ဗဟိုပြု၍ ဤမျှော်မှန်းပန်းတိုင်များတွင် ပါဝင်ကြသော လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်(AOIP) နှင့် အမေရိကန်ပြည်ထောင်စု၏ အင်ဒိုပစိဖိတ်မဟာဗျူဟာ (Indo-Pacific Strategy) နှစ်ခုစလုံးသည် ပွင့်လင်းမြင်သာသော၊ ဘက်ပေါင်းစုံ ပါဝင်နိုင်ပြီး စည်းမျဉ်းစည်းကမ်းများ အခြေခံသည့် ဒေသန္တရဆိုင်ရာ ဗိသုကာပညာကို မြှင့်တင်ရာတွင် သက်ဆိုင်ရာ အခြေခံမူဝါဒများကို မျှဝေသုံးစွဲကြသည်ကို အလေးထားဂရုပြုခြင်း
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နိုင်ငံတကာ နှင့် ဒေသဆိုင်ရာ ဆွေးနွေးပွဲများတွင် သင့်လျော်မှန်ကန်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် လိုက်လျောညီထွေမှုရှိသော ဆက်ဆံရေးများ ဆက်လက် တည်တံ့နေစေရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဆက်လက်မြှင့်တင် ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့အပြင် ပိုမိုကျယ်ပြန့်သော ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ အသိုက်အဝန်းအတွက် ကာလကြာရှည် ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်သော အာဆီယံ-အမေရိကန် အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုအလေးအနက် တည်ဆောက်ရန်နှင့် အားကောင်း လာစေရန် ကျွန်ုပ်တို့၏ ကတိကဝတ်ထားရှိမှုကို ထပ်မံအတည်ပြုခြင်း
နိုင်ငံတကာဆိုင်ရာ ဥပဒေနှင့်အညီ ခြိမ်းခြောက်ခြင်း သို့မဟုတ် အင်အားအသုံးပြုခြင်းများ မပြုလုပ်ဘဲ တရားဥပဒေနှင့် သံတမန်ရေးရာ လုပ်ငန်းစဉ်များကို အပြည့်အဝ လေးစားလိုက်နာခြင်း အပါအဝင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းပြေလည်နိုင်စေရန်အပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန်နှင့် ထိန်းသိမ်းရန် ကျွန်ုပ်တို့၏ ကတိကဝတ်ထားရှိမှုကို နောက်ထပ်တဖန် ထပ်လောင်း အတည်ပြုခြင်း
ဤနေရာတွင် ကျွန်ုပ်တို့ တရားဝင် ကြေညာအပ်ပါသည်–
၂၀၂၂ ခုနှစ်တွင် အာဆီယံ–အမေရိကန် အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းဆိုင်ရာ ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျင်းပမှုအနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ၁၀ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၌ အဓိပ္ပါယ်ရှိပြီး ခိုင်မာတည်တံ့၍ အပြန်အလှန် အကျိုးရှိသော အာဆီယံ – အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တစ်ရပ်ကို တည်ထောင်ရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုပါသည်။ လိုအပ်သော လုပ်ငန်းစဉ်၏ အစောပိုင်း ပြီးစီးဆောင်ရွက်မှု အခြေအနေကို ကျွန်ုပ်တို့ မျှော်လင့်စောင့်စားလျက် ရှိပါသည်။
COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တိုက်ဖျက်ကာ ပိုမိုကောင်းမွန်သော ကျန်းမာရေး လုံခြုံမှုကို တည်ဆောက်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာစေရန် အတူတကွ လုပ်ဆောင်ခြင်း
- ကမ္ဘာ့ဘဏ် (World Bank) နှင့် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း (WHO) တို့နှင့်အတူ ဆက်လက် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီခြင်း အပါအဝင် ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအတွက် လုံလောက်၍ ပိုမိုအားကောင်းပြီး ရေရှည်တည်တံ့သော တစ်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေ ထောက်ပံ့မှု ရရှိစေရေး ကတိပြုပြီး ASEAN-U.S.Health Futures ကဲ့သို့သော ပဏာမခြေလှမ်း မှတစ်ဆင့် ဒေသတွင်းနှင့် အမျိုးသား ကျန်းမာရေးစနစ်များနှင့် စွမ်းဆောင်ရည်များတို့ကို အားကောင်းစေခြင်းဖြင့် အာဆီယံ၏ ကပ်ရောဂါဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံရေး ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ အားပေးထောက်ခံပါသည်။ Quad Vaccine Partnership အပါအဝင် အမျိုးမျိုးသော ပဏာမခြေလှမ်းများ မှတဆင့် ASEAN Dialogue Partners ၏ တိုးချဲ့ပံ့ပိုးကူညီမှုကို ကြိုဆိုရာတွင် ဘေးကင်းပြီး၊ လက်ခံနိုင်စွမ်းရှိပြီး အရည်အသွေးရှိသော ဆေးဝါးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို သာတူညီမျှ ရရှိရေးအတွက် လွယ်ကူ ချောမွေ့မှုရှိစေရန် ကျွန်ုပ်တို့ ဆက်လက်ကတိပြုပါသည်။ စေတနာအလျောက်နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီထားသော စည်းကမ်းချက်များနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးခြင်းဆိုင်ရာ အသိပညာများ ဝေငှခြင်း အပါအဝင် မရှိမဖြစ်လိုအပ်သော ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ၏ ဒေသတွင်းနှင့် ဒေသန္တရဆိုင်ရာ စဉ်ဆက်မပြတ် ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့သွားရန်လည်း ကျွန်ုပ်တို့ ကတိပြုပါသည်။ အထူးသဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီ နိုင်စေရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအတွက် ခိုင်ခံ့သော အခြေခံ အုတ်မြစ်များအဖြစ် ကျန်းမာရေး ဝန်ထမ်းအင်အားကို ချဲ့ထွင်ကာ လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု မှတဆင့် ကျန်းမာရေးစနစ်များ အားကောင်း လာစေရန်နှင့် ရင်းနှီးမြှုပ်နှံရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
စီးပွားရေးဆိုင်ရာ မဟာမိတ်များနှင့် ချိတ်ဆက်မှု ကို အားကောင်းစေခြင်း။
- ဒေသတွင်းရှိ အမေရိကန်ပြည်ထောင်စု၏ အချက်အချာကျသော စီးပွားရေးဆိုင်ရာ ပါ၀င်ဆောင်ရွက်မှု မှတစ်ဆင့် အာဆီယံနှင့်အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ မူဝါဒဘောင် ချမှတ်ရေးနှင့် တိုးချဲ့စီးပွားရေးဆိုင်ရာ အစပြု ချိတ်ဆက်ဆောင်ရွက်မှု လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပိုမိုခိုင်မာ၍ ပိုမိုသာတူညီမျှပြီး ဘက်စုံပူးပေါင်းပါဝင်နိုင်သော စီးပွားရေးဆိုင်ရာ ကြီးထွားဖြစ်ထွန်းမှုနှင့် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- ကျွန်ုပ်တို့သည် တည်ဆဲ နိုင်ငံတကာ အလုပ်သမားစံချိန်စံညွှန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုများပြည့်မှီသည့် ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ ကြီးထွား ဖြစ်ထွန်းမှုနှင့် ဘက်ပေါင်းစုံ ပူးပေါင်းပါဝင်မှု မြင့်မား၍ စံချိန်စံညွှန်း မြင့်မားပြီး ပွင့်လင်းမြင်သာ၍ ကာဗွန်ပါဝင်မှု နည်းပါးကာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးပေးခြင်းဖြင့် ဒေသတွင်း အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ အစားအစာနှင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ၊ နည်းပညာမြင့် ထုတ်ကုန်များနှင့် အခြားမရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများနှင့် ဝန်ဆောင်မှုများ အစရှိသည့် အရေးကြီးသော ကုန်ပစ္စည်းများ အပါအဝင် ဒေသတွင်း ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိရေးတို့ကို ပံ့ပိုးပေးလျက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်ခိုင်ခံ့သော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များနှင့် ချောမွေ့သော ဒေသဆိုင်ရာ ချိတ်ဆက်မှုများအား အဆင်ပြေချောမွေ့စွာ မြှင့်တင်နိုင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- လျှပ်စစ် မော်တော်ယာဉ်များ အပါအဝင် ပေါ်ပေါက်လာသော နည်းပညာများကို ပံ့ပိုးပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာစေရန် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆင်ပြေ လွယ်ကူချောမွေ့မှု ရှိစေရေး အစီအစဉ် အပါအဝင် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွင် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို နက်နဲစွာ လုပ်ဆောင်ရန် ကြိုးပမ်းနေပါသည်။
- အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြုပ်နှံရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုလျက် ရှိနေပါသည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး အမူအကျင့်ဆိုင်ရာ စနစ်များ အားကောင်းလာစေရန် ဆွေးနွေးပွဲများတွင် ကျွန်ုပ်တို့ တက်ကြွစွာ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး အာဆီယံ သို့မဟုတ် အမေရိကန် ပြည်ထောင်စု၏ မူဝါဒဘောင်များ သို့မဟုတ် သက်ဆိုင်ရာ ပဏာမခြေလှမ်းများ မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
- အင်တာနက်နှင့် စီးပွားရေး ချမ်းသာကြွယ်ဝမှုတို့၏ အချိန်တိုအတွင်း အကျိုးရှိမှု၊ တီထွင်ဆန်းသစ်မှု၊ ဆက်သွယ်ရေး၊ ဘေးကင်းလုံခြုံ၍ တန်းတူညီမျှ အသုံးပြုနိုင်မှုကို အားပေးမြှင့်တင်သည့် မူဘောင်များနှင့် မူဝါဒများ ပိုမိုအားကောင်းလာပြီး ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်နှင့် ဒစ်ဂျစ်တယ် တတ်မြောက်ရေးနှင့် ဘက်စုံပူးပေါင်း ပါဝင်ရေးကိုတိုးတက်စေရန် ကျွန်ုပ်တို့ ကတိပြုပြီး ပေါ်ထွက်လာသော နည်းပညာများနှင့် ၎င်းတို့၏ အားနည်းချက်များကို ထည့်သွင်းစဉ်းစား၍ ဆိုက်ဘာခြိမ်းခြောက်မှု အန္တရာယ်များနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဝါဒဘောင်တို့နှင့် ပတ်သက်သော အမြင်များနှင့် အတွေ့အကြုံများနှင့် ကိုယ်ရေးအချက်အလက်များကို အကာအကွယ်ပေးသည့် နည်းပညာ စံနှုန်းများ ဆွေးနွေးဖလှယ်ကြရန် ကျွန်ုပ်တို့ ကတိပြုကြပါသည်။
ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း။
- နိဒါန်းတွင် အလေးပေးဖော်ပြထားသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် A/ RES/75/239 အရ ၁၉၈၂ UNCLOS ၏ ကမ္ဘာတစ်ဝှမ်းနှင့် စည်းလုံးညီညွှတ်ခြင်းဆိုင်ရာ ဝိသေသလက္ခဏာနှင့် သမုဒ္ဒရာများနှင့် ပင်လယ်ပြင်ရှိ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်ရန် ချမှတ်ထားသော သဘောတူညီချက်ကို ထပ်လောင်း အတည်ပြုခြင်းနှင့် ရေကြောင်းကဏ္ဍတွင် အမျိုးသားရေးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံအဖြစ် ၎င်းသဘောတူညီချက်သည် မဟာဗျူဟာမြောက် အရေးပါပြီး ၎င်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ အလေးထားဂရုပြုအပ်ပါသည်။
- အာဆီယံဦးဆောင်သည့် ယန္တရားများမှတစ်ဆင့် ရေကြောင်းပိုင်နက်အတွင်း ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ ရေကြောင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး အစိုးရဌာနများ အပါအဝင် ကျွန်ုပ်တို့၏ သက်ဆိုင်ရာ ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်ရန်၊ ရေကြောင်းပိုင်နက် နားလည် သဘောပေါက်မှု မြှင့်တင်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ရေကြောင်းဆိုင်ရာ လုံခြုံရေး တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် လက်ရှိယန္တရားများကို တူညီမှုမရှိစေဘဲ ဖြည့်ဆည်းပေးရမည့် နည်းပညာဆိုင်ရာ အကူအညီများ အပါအဝင် အကောင်းဆုံး လက်တွေ့ လေ့ကျင့်မှုများနှင့် ကျွမ်းကျင်မှုများ၊ အချက်အလက်များ မျှဝေခြင်းမှတဆင့် ဥပဒေနှင့် ဆန့်ကျင်၍ အစီရင်ခံထားခြင်းမရှိသော၊ စည်းကြပ်မှုမရှိသည့် (IUU) ငါးဖမ်းခြင်းကို တားမြစ်ဟန့်တားရန် စီမံချက်အသစ်များ ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့ စီစဉ်လျက် ရှိပါသည်။ အဏ္ဏဝါပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ရန်၊ နဂိုမူလအတိုင်း ပြန်လည် ဖြစ်လာစေရန်နှင့် ရေရှည်တည်တံ့စွာ စီမံခန့်ခွဲရန် ဆက်လက် ကြိုးပမ်းအားထုတ်လျက် ရှိကြောင်းလည်း ကျွန်ုပ်တို့ ကတိပြုပါသည်။
- ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့် ဘေးကင်းရေးတို့အပြင် 1982 UNCLOS တွင် ဖော်ပြထားသည့်အတိုင်း ပင်လယ်ရေကြောင်းဆိုင်ရာ လွတ်လပ်စွာ ရေကြောင်းသွားလာမှု၊ ပျံသန်းမှုနှင့် အခြားသော ဥပဒေက ခွင့်ပြုသည့် ရေကြောင်းအသုံးပြုမှုများကို စိစစ်ဆောင်ရွက်ရန်နှင့် အတားအဆီးမရှိ တရားဝင် ရေကြောင်းကုန်သွယ်မှုအပြင် ရေကြောင်းဆိုင်ရာ ဆောင်ရွက်မှုများတွင် စစ်မဖြစ်စေရေးနှင့် စစ်မဖြစ်စေရန်အတွက် မိမိကိုယ်ကိုယ် ချုပ်တည်းကာကွယ်မှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေး ပင်လယ်အဖြစ် တောင်တရုတ် ပင်လယ်ကို ထားရှိခြင်း၏ အကျိုးကျေးဇူးများကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ တင်းမာမှုများနှင့် မတော်တဆမှုများ၊ နားလည်မှုလွဲမှားခြင်းများနှင့် မှားယွင်း တွက်ချက်မှုဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်သည့် လက်တွေ့ကျသော ဆောင်ရွက်ချက်များ၏ အရေးပါမှုကို ကျွန်ုပ်တို့ အလေးထားပါသည်။ ပါတီများအကြား ယုံကြည်မှုနှင့် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုကို မြှင့်တင်ရန်၊ အခြားသူများကြားတွင် ယုံကြည်စိတ်ချမှု တည်ဆောက်ခြင်းနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို လက်ခံဆောင်ရွက်ရန် အရေးကြီးကြောင်းကို ကျွန်ုပ်တို့ အရေးစိုက်ပါသည်။ ၁၉၈၂ UNCLOS အပါအဝင် နိုင်ငံတကာဥပဒေ၏ တစ်ကမ္ဘာလုံး အသိအမှတ်ပြုထားသော အခြေခံမူဝါဒများနှင့်အညီ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းပြေလည်စေရေး လက်ကိုင်ပြုရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ ထပ်မံအတည်ပြုခဲ့ပါသည်။
- တောင်တရုတ်ပင်လယ် တစ်ခုလုံးတွင် ၎င်းပါတီများ၏ ကျင့်ဝတ်ဆိုင်ရာ ၂၀၀၂ ခုနှစ် ကြေညာစာတမ်း (DOC) ကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေး၏ အရေးကြီးပုံကို ကျွန်ုပ်တို့က မီးမောင်းထိုးပြခဲ့ပါသည်။ တောင်တရုတ်ပင်လယ်အတွင်း ကျင့်ထုံးဥပဒေ (COC) ဆိုင်ရာ ညှိနှိုင်းမှုများအတွက် အထောက်အကူဖြစ်စေသည့် ပတ်ဝန်းကျင်တစ်ရပ်ကို ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် အလေးပေး ပြောကြားခဲ့သည်။ ၁၉၈၂ UNCLOS အပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်ပြီး ခိုင်လုံသော COC ၏ ကနဦး နိဂုံးချုပ် ပြောကြားချက်အရ ရှေ့သို့ ထပ်မံလုပ်ဆောင်မည့် တိုးတက်မှု ဆောင်ရွက်ရေး လုပ်ငန်းစဉ်ကို ကျွန်ုပ်တို့က ကြိုဆိုပါသည်။
လူအချင်းချင်း ချိတ်ဆက်မှုကို မြှင့်တင်ခြင်း။
- ကျွန်ုပ်တို့သည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံရန်၊ လူငယ်နှင့် အားနွဲ့သော သို့မဟုတ် ဘေးဖယ်ခြင်းခံထားရသော အုပ်စုများကို စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့လူမျိုး အချင်းချင်းအကြား၊ အခြားသူများအကြား ချိတ်ဆက်မှုများကို အားကောင်းလာစေရေး၊ Billion Futures Program နှင့် Young Southeast Asian Leaders Initiative (YSEALI) မှတဆင့် ပါဝင် သော ဒေသတွင်းရှိ အင်္ဂလိပ်ဘာသာစကား၊ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများ၊ နည်းပညာနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး (TVET) နှင့် သိပ္ပံ၊ နည်းပညာ၊ စက်မှုပညာနှင့် သင်္ချာ (STEM) ဆိုင်ရာ သင်တန်းများအတွက် ပံ့ပိုးကူညီရန် ကတိပြုပါသည်။
- ကျွန်ုပ်တို့၏ ကျောင်းသားများနှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးဖလှယ်မှုများကို မြှင့်တင်ပေးရင်း ပညာရေးဆိုင်ရာ လက်လှမ်းမီမှု တိုးမြင့်လာစေရန် ကုမ္ပဏီများနှင့် တက္ကသိုလ်များအပါအဝင် မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်သွားရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ ထို့အပြင် အာဆီယံ၏ ကျားမရေးရာ အစီအစဉ်များနှင့် ပဏာမ ခြေလှမ်းများအတွက် ပံ့ပိုးကူညီမှုအပါအဝင် အာဆီယံဦးဆောင်သည့် ယန္တရားများတွင် တိုးမြှင့်ထားသော ရင်ကြားစေ့ ဆက်ဆံရေးမှတစ်ဆင့် ကျား–မ တန်းတူညီမျှမှုနှင့် တန်းတူညီမျှမှုကို မြှင့်တင်ပေးခြင်းဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စွမ်းဆောင်ရည် မြှင့်တင်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများ ထွန်းကားလာစေရေးအပေါ် ASEAN Enabling Masterplan ကို အကောင်အထည်ဖော်ခြင်းအား ပံ့ပိုးကူညီခြင်းဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို မြှင့်တင်သွားရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
ဒေသခွဲဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီခြင်း။
- အာဆီယံ၏ ဒေသခွဲဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် အာဆီယံ၏ ဗဟိုချုပ်ကိုင်မှုနှင့် စည်းလုံးညီညွှတ်မှုကို ပံ့ပိုးကူညီရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ အာဆီယံ ချိတ်ဆက်မှုဆိုင်ရာ မဟာစီမံကိန်း (MPAC) ၂၀၂၅ နှင့် အာဆီယံ ပေါင်းစည်းရေးဆိုင်ရာ Initiative for ASEAN Integration (IAI) လုပ်ငန်းစီမံချက် ၄ (၂၀၂၁-၂၀၂၅) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ပံ့ပိုးမှုများနှင့် Mekong မိတ်ဖက်များကို ဖြည့်ဆည်းသော Mekong-U.S. Partnership (MUSP) လက်အောက်ရှိ မျှဝေပေးခဲ့သော ပဏာမခြေလှမ်းများမှတစ်ဆင့် မဲခေါင်ဒေသခွဲ၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ကျွန်ုပ်တို့ ထပ်မံ ကတိပြုပါသည်။
- အာဆီယံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသခွဲတိုးတက်မှုနှင့် ချိန်ညှိခြင်းဖြင့် ဒေတာနှင့် သတင်းအချက်အလက် ဆွေးနွေးဖလှယ်ရေးနှင့် မျှဝေရေး (PDIES) အတွက် မဲခေါင်မြစ် ကော်မရှင်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွမ်းအင်ကူးပြောင်းမှု၊ လမ်းပန်းဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်တားဆီးရေး၊ ဒေသဆိုင်ရာ အရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် ရေအရင်းအမြစ် အချက်အလက်များ မျှဝေခြင်း နယ်ပယ်များ အပါအဝင် သာတူညီမျှသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ အားပေးထောက်ခံပြီး အာဆီယံ၊ MUSP နှင့် အခြားရှိပြီးသား မဲခေါင်မြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများအနက် ပေါင်းစည်းမှုနှင့် စုပေါင်းညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကျွန်ုပ်တို့ အားပေးထောက်ခံပါသည်။
နည်းပညာများကို ထိရောက်အောင် အသုံးချပြီး ဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်း
- ဆန်းသစ်တီထွင်မှု မြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုပေါ်တွင် စွမ်းရည်မြှင့်တင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် နည်းပညာအကူအညီများ တိုးမြှင့်ပေးခြင်းအပြင် သက်ဆိုင်ရာ အာဆီယံသဘောတူညီချက်များနှင့် မူဝါဒဘောင်များနှင့်အညီ စမတ်ကျသော ကုန်ထုတ်လုပ်မှု၊ blockchain အသုံးချမှုများ၊ ကုန်သွယ်မှုဆိုင်ရာ အဆင်ပြေချောမွေ့မှု၊ ဒစ်ဂျစ်တယ် ချိတ်ဆက်မှု၊ MSMEs များ၏ ဒစ်ဂျစ်တယ် ဆောင်ရွက်မှုနှင့် e-commerce၊ အီလက်ထရွန်းနစ် ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများနှင့် ဒေသဆိုင်ရာ ငွေပေးချေရေး ချိတ်ဆက်မှု၊ အသစ်ပေါ်ထွန်းလာသော နည်းပညာများ အစရှိသည့် အပြန်အလှန် အကျိုးရှိသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် စူးစမ်းရှာဖွေရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- ကျွန်ုပ်တို့သည် အာဆီယံ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရန်၊ ငြိမ်းချမ်းသော၊ လုံခြုံသော၊ ပွင့်လင်းမြင်သာသော၊ အပြန်အလှန် လုပ်ဆောင်နိုင်သော၊ ယုံကြည်စိတ်ချရသော၊ ဘက်စုံပူးပေါင်းပါဝင်နိုင်သော၊ အားကိုးအားထား ပြုနိုင်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ဆိုင်ရာ ဂေဟစနစ်များနှင့် 5G ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် U.S.-ASEAN Smart Cities Partnership (USASCP) မှတဆင့် အပါအဝင် ဒစ်ဂျစ်တယ် စီးပွားရေး၊ စမတ်ကျ၍ ရေရှည်တည်တံ့သော မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါ်ထွန်းလာသော နည်းပညာများ အပေါ်တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည့် နည်းလမ်းများကို စူးစမ်းရှာဖွေရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- ကျွန်ုပ်တို့သည် ဇီဝနည်းပညာ၊ ပိုမိုကောင်းမွန်သောစိုက်ပျိုးမွေးမြူရေး၊ တိကျမှန်ကန်သော စိုက်ပျိုးရေးနှင့် ဥတုရာသီနှင့်သဟဇာတဖြစ်သော စိုက်ပျိုးရေး (CSA) နှစ်ရပ်စလုံး၊ အစားအစာ သိပ္ပံနည်းပညာ၊ မိုးလေဝသပညာ၊ မိုက်ခရို အီလက်ထရွန်းနစ်ပစ္စည်းများ၊ အဏ္ဏဝါသိပ္ပံ၊ စွမ်းအင်နှင့် အာကာသတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
ဥတုရာသီ ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်း။
- ကျွန်ုပ်တို့၏ သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားသော ပံ့ပိုးကူညီမှုများ (NDC) ကို တိုးတက်လာစေရန်အတွက် ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်သွားရန် ကတိပြုပါသည်။ ဥတုရာသီဆိုင်ရာ ဆောင်ရွက်မှု မြှင့်တင်ရာတွင် နိုင်ငံတော်အဆင့်အောက်မှ ပါဝင် ဆောင်ရွက်သူများ၏ အဓိက အခန်းကဏ္ဍကို အတည်ပြုပြီး ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် နည်းပညာ အပါအဝင် သန့်ရှင်းသော စွမ်းအင်ကူးပြောင်းမှုတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ကျွန်ုပ်တို့ အတည်ပြုပါသည်။ Global Methane Pledge ကဲ့သို့သော ဆောင်ရွက်နေဆဲ အားထုတ်ကြိုးပမ်းမှုများမှတစ်ဆင့် အပါအဝင် ကမ္ဘာတစ်ဝှမ်း မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုများ လျှော့ချရန် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှု၏ အရေးပါမှုကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။
- ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မကြာခဏ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်းနှင့် အခြားသော ဆိုးရွားပြင်းထန်သော ရာသီဥတု အခြေအနေများ၊ ရေ–စွမ်းအင်–စားနပ်ရိက္ခာ မလုံလောက်မှု ဘေးအန္တရာယ် မြင့်မားလာမှုနှင့် အပျက်အစီး ပိုမိုများပြားစေသော မုန်တိုင်း အန္တရာယ်များ အစရှိသည့် ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းရန်နှင့် သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်မှုကို မြှင့်တင်ရန် အာဆီယံ၏ စွမ်းဆောင်ရည်ကို ဖေးမကူညီရေး ကျွန်ုပ်တို့၏ မိတ်ဖက်ဆက်ဆံရေးကို အရှိန်မြှင့်ရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
- အထူးသဖြင့် ASEAN Power Grid သည် အာဆီယံ၏ စွမ်းအင်အကူးအပြောင်း အရှိန်အဟုန်နှင့် စွမ်းအင်ခံနိုင်ရည်အား အားကောင်းလာစေရန် ပံ့ပိုးပေးသော အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် (APAEC) ၏ အစိတ်အပိုင်းများ ကဲ့သို့သော ဆက်လက် ကြိုးပမ်းအားထုတ်မှုများ အပါအဝင် ပေါင်းစပ်ဘဏ္ဍာရေးနှင့် စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် စွမ်းအင်ဆိုင်ရာ လုံခြုံရေးကို တိုးမြှင့်သုံးစွဲနိုင်စေရန် ပံ့ပိုးကူညီပေးရာတွင် ခေတ်မီပေါ်ထွက်လာသော ကာဗွန်နည်း စွမ်းအင်နည်းပညာများကို ထိရောက်စွာ အသုံးချမှု မှတဆင့် ဘဏ္ဍာရေး ထောက်ပံ့ခြင်း အကူးအပြောင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အဆင်ပြေလွယ်ကူချောမွေ့စေခြင်းဖြင့် ဘက်စုံပူးပေါင်း ပါဝင်ပြီး တရားမျှတသော နည်းလမ်းဖြင့် စွမ်းအင် အကူးအပြောင်းနှင့် ဒဏ်ခံနိုင်မှုကို မြှင့်တင်ရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန်ချထားပါသည်။
- ASEAN Center for Biodiversity (ACB) နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ သစ်တောများ၊ ဒီရေတောများ၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ အပါအဝင် သစ်တောပြုန်းတီးမှု ကာကွယ်တားဆီးခြင်း၊ ရပ်တန့်စေခြင်းနှင့် နှောင့်နှေးစေခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်းအပြင် အရေးကြီးသော ဂေဟစနစ်များ ပြန်လည် ထိန်းသိမ်းရေးတို့ အပါအဝင် အာဆီယံ၏ ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်း၏ သဘာဝ ရင်းမြစ်များကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ရန် ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်ရန် သန္နိဋ္ဌာန် ချထားပါသည်။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်၍ ယုံကြည်မှု တည်ဆောက်ခြင်း
- အာဆီယံ ပဋိညာဉ်စာတမ်းသည် နျူကလီးယားလက်နက် မပြန့်ပွားရေး အုပ်ချုပ်မှု နည်းစနစ်ကို အားကောင်းလာစေရန်နှင့် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) အပိုဒ်ခွဲ ၆ တွင် သတ်မှတ်ထားသည့်အတိုင်း နျူကလီးယား လက်နက်ဖျက်သိမ်းရန်နှင့် NPT အပိုဒ်ခွဲ ၄ တွင် ဖော်ပြထားသည့်အတိုင်း နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် အရှေ့တောင်အာရှဆိုင်ရာ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် (SEANWFZ Treaty) ပေါ်တွင် သဘောတူစာချုပ်အရ ပြဌာန်းထားသည့်အတိုင်း အရှေ့တောင်အာရှ ဒေသအား နျူကလီးယား လက်နက်ကင်းစင်ရေး ဇုန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြားသော လက်နက်ကြီးများအားလုံး ကျရောက်မှု အန္တရာယ်မှ ကင်းဝေးစေရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ ထောက်ခံပါသည်။ ကျွန်ုပ်တို့သည် IAEA ၏ ထပ်လောင်း လုပ်ထုံးလုပ်နည်းကို တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သိရှိစေရန် ကတိကဝတ်ပြုထားပြီး ဘက်တီးရီးယားဆိုင်ရာ (ဇီဝဗေဒဆိုင်ရာ) နှင့် အဆိပ်ရှိလက်နက်များ ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုနှင့် သိုလှောင်မှုဆိုင်ရာ တားမြစ်ရေးနှင့် ၎င်းလက်နက်များအား ဖျက်ဆီးခြင်းဆိုင်ရာ (BTWC) နှင့်ပတ်သက်သော သဘောတူညီချက်နှင့် ဓာတုလက်နက်များ အသုံးပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုနှင့် သိုလှောင်မှုဆိုင်ရာ တားမြစ်ရေးနှင့် ၎င်းလက်နက်များအား ဖျက်ဆီးခြင်းဆိုင်ရာ (CWC) နှင့်ပတ်သက်သော သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ထောက်ခံအားပေးပါသည်။
- အပြည့်အဝ နျူကလီးယား ကင်းစင်ပပျောက်ရေးနှင့် ကိုရီးယားကျွန်းဆွယ်တွင် ထာဝရ ငြိမ်းချမ်းရေးဆိုင်ရာ ထူထောင်ရေး ရည်မှန်းချက်အတွက် တူညီသော ကတိကဝတ်ထားရှိမှုကို ကျွန်ုပ်တို့ ထပ်မံအတည်ပြုပါသည်။ နိုင်ငံတကာဆိုင်ရာ အသိုက်အဝန်း၏ သံတမန်ခင်း တောင်းဆိုမှုနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အာရုံစိုက်မှုတို့ကို ထည့်သွင်းစဉ်းစားကာ သက်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို အပြည့်အဝ လိုက်နာရန် DPRK အပေါ်တွင် ကျွန်ုပ်တို့ ဆက်လက် တောင်းဆိုအပ်ပါသည်။
- မြန်မာနိုင်ငံ၏အကြပ်အတည်းနှင့်ပတ်သက်ပြီး မိမိတို့ အလွန်စိုးရိမ်ပူပန်လျက်ပင် ရှိပါသည်။ ၂၀၂၁ ဧပြီ ၂၄ တွင်ကျင်းပသည့် အာဆီယံခေါင်းဆောင်းများအစည်းအဝေးမှ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို အလေးပေး ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နှင့် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းပါသည်။ သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝ တွေ့ဆုံနိုင်ရန်အတွက် စိတ်ချယုံကြည်မှုကို တည်ဆောက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို အရေးပေါ် လိုအပ်နေသူများအပါအဝင် မြန်မာပြည်သူများထံသို့ ခွဲခြားမှုမရှိဘဲ ထိထိရောက်ရောက်ပို့ဆောင်နိုင်ရေးတို့အတွက် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှုများအပါအဝင် မြန်မာပြည်သူများ၏ သဘောထားနှင့်အညီ ငြိမ်းချမ်းစွာအဖြေရှာခြင်းအတွက် အာဆီယံအဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုများကို မိမိတို့ဆက်လက် အားပေး ထောက်ခံပါသည်။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံခြားသားများအပါအဝင် ထိန်းသိမ်းထားသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန်လည်း မိမိတို့ တောင်းဆိုပါသည်။ အာဆီယံ ပဋိညာဉ်တွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်ခွင့်များအပေါ် ဆက်လက်ထားရှိသည့် သံန္နိဋ္ဌာန်ကို ထင်ဟပ်စေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းစွာဖြေရှင်းသည့်နည်းလမ်းအတွက် မိမိတို့အားလုံး၏ စုပေါင်းကြိုးပမ်းမှုများကို နှစ်ဆတိုး၍ဆောင်ရွက်သွားပါမည်။ ယခုကဲ့သို့အရေးပါသည့် ကြိုးပမ်းအားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းကို ရရှိစေရန် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့၏ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း မိမိတို့ ကြိုဆိုပါသည်။
- ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ အချုပ်အခြာအာဏာ၊ နိုင်ငံရေးဆိုင်ရာလွတ်လပ်မှုနှင့် ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ်တွင် နိုင်ငံများအားလုံးအတွက် ကျွန်ုပ်တို့၏ လေးစားတန်ဖိုးထားမှုကို ဆက်လက်ပြီး ထပ်လောင်းအတည်ပြုပါသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဆိုင်ရာ ဥပဒေများကို လိုက်နာရန် ကျွန်ုပ်တို့၏ တောင်းဆိုချက်ကိုလည်း ထပ်လောင်းပြောကြားအပ်ပါသည်။ ရန်လိုမှုများ ချက်ချင်း ရပ်တန့်ခြင်းနှင့် ငြိမ်းချမ်းသော ဖြေရှင်းမှုများအတွက် အထောက်အကူ ဖြစ်စေသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၏ အရေးပါမှုကို ကျွန်ုပ်တို့ အလေးပေးဖော်ပြအပ်ပါသည်။ ငြိမ်းချမ်းသော အဖြေတစ်ခုကို ရှာဖွေရာတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့ ထောက်ခံပါသည်။ ယူကရိန်းတွင် အကူအညီ လိုအပ်နေသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လျင်လျင်မြန်မြန် ဘေးကင်းလုံခြုံစိတ်ချရပြီး အဆီးအတားမဲ့စွာ ဝင်ရောက်ခွင့်ရရှိစေရန်နှင့် အရပ်သားများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမှုထမ်းများနှင့် အားနွဲ့သော အခြေအနေ ရှိသူများကို အကာအကွယ်ပေးရန်အတွက် ကူညီဆောင်ရွက်ပေးရန်ကိုလည်း ကျွန်ုပ်တို့ တောင်းဆိုပါသည်။
- ကျွန်ုပ်တို့သည် လာမည့်လများနှင့် နှစ်များတွင် ဤရည်မှန်းချက် ကြီးမားသော အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်နေသကဲ့သို့ ဤပူးတွဲမျှော်မှန်းချက်ဆိုင်ရာ ထုတ်ပြန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့ ၀န်ကြီးများ၏ လုပ်ငန်းတာဝန်နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ အခြေအနေအသစ် တစ်ရပ်ဆီသို့ ရောက်ရှိနိုင်စေရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
###
ဤဘာသာပြန်ဆိုမှုသည် ယဉ်ကျေးမှုတစ်ခုအနေဖြင့် ပံပိုးပေးထားခြင်းသာဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာမူရင်းကိုသာ တရားဝင်သက်ရောက်မှုရှိသည်ဟု ယူဆပါရန်