ကြာသပတေး၊ နိုဝင်ဘာ ၁၄၊ ၂၀၁၉
ပမ်းစပရင်းဟိုတယ်
မြစ်ကြီးနားတွင်ကျင်းပသော အမေရိကန်သံရုံးဧည့်ခံပွဲ၌ ပြောကြားသည့် သံအမတ်ကြီး၏မိန့်ခွန်း
ဒီညချမ်းမှာ အခုလို ကြွရောက်လာကြတဲ့ဧည့်သည်တော်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားကို ထပ်ပြီး လာရောက်ရတာလည်း ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ အခုလို ဘာလို့လာရောက်ရတာလဲ ဆိုတဲ့အကြောင်း အနည်ငယ်ပြောပြီး အခမ်းအနားကို စတင်ချင်ပါတယ်။ မြစ်ကြီးနားကို ကျွန်တော်တို့ ရန်ကုန် အမေရိကန်သံရုံးကနေ အဖွဲ့လိုက် လာခဲ့ကြတာပါ၊ ဘာဖြစ်လို့လည်းဆိုတော့ ကချင်ပြည်နယ်က ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့ သမိုင်းဝင်ဆက်ဆံရေး၊ နိုင်ငံရေးနဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကျွန်တော်တို့ရဲ့ ရေရှည်အားပေးကူညီမှုကို လေးစား တန်ဖိုးထားမှု၊ ဒီမှာနေထိုင်ကြတဲ့ ပြည်သူအားလုံးအတွက် တောက်ပပြီး သာယာဝပြောတဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ထားရှိထားတာဖြစ်လို့ အခုလိုလာခဲ့ကြတာြဖစ်ပါတယ်။ ဟုတ်ကဲ့ သေချာတာပေါ့ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်တွေနဲ့ ကချင်ပြည်သူတွေ လက်တွဲညီညီတိုက်ပွဲဝင်ခဲ့ကြတဲ့ လူသိများထင်ရှားတဲ့ အကြောင်းတွေအပါအဝင် ကျွန်တော်တို့ပြည်သူတွေ တစ်ယောက်နဲ့တစ်ယောက် လက်တွဲပြီးဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းကြောင်းကြောင့်တည်ရှိနေတဲ့ ထူးခြားတဲ့စည်းနှောင်းမှုတွေအကြောင်းကို ကျွန်တော် ပြောပြချင်ပါတယ်။
အခုလိုဆက်ဆံရေးဟာ ကျွန်တော်တို့ရုံးထိုင်တဲ့ ရန်ကုန်ကနေ မြန်မာနိုင်ငံတစ်လွှားကပြည်သူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့အထိ အလုံးစုံ ကြိုးပမ်းအားထုတ်မှုတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ သဘောကတော့ လွတ်လပ်မှု၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ စီးပွားရေးတိုးတက်မှုတွေကို အားပေးကူညီရာမှာ အဆွေတော်တို့နဲ့ လက်တွဲဆောင်ရွက် နေပါတယ်လို့ ဆိုချင်တာပါ။ ဒီနိုင်ငံတစ်ဝန်းကပြည်သူတွေအတွက် ဒေသတွင်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုခု ရှိမလား၊ ဖွံ့ဖြိုးရေးကိစ္စ လိုအပ်ချက်တွေကိုင်တွယ်ဖြေရှင်းဖို့နဲ့ နိုင်ငံရေးနဲ့လူမှုရေး တိုးတက်မှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မေးစရာမေးခွန်းတွေ ရှိမလားဆိုတဲ့နည်းလမ်းတွေရှာဖွေဖို့အတွက် ဆောင်ရွက်နေတာပါလို့ ဆိုလိုချင်တာပါ။ ဒီအတွက်ပြောစရာစကားလုံးတစ်လုံးကတော့ ဖက်ဒရယ်ဝါဒပါ။ ပြည်သူတွေဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပါပဲ ဒီမိုကရက်တစ် ရွေးကောက်ပွဲတွေကနေတစ်ဆင့် မြန်မာနိုင်ငံအတွက် ဖက်ဒရယ်စနစ်ပုံစံတစ်မျိုးမျိုးကတော့ မြန်မာနိုင်ငံအတွက် ဦးစားပေးကိစ္စရပ် တစ်ခုဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စိန်ခေါ်မှုအခက်အခဲတွေအများရှိနေတာကတော့ ကျွန်တော်ပြောဖို့တောင်မလိုပါဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းရေးတည်ဆောက်မှု၊ ရေရှည်တည်တံ့တဲ့စီးပွားရေးဖွံ့ဖြိုးမှု၊ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေး တို့ပေါ့။ ဒီပြဿနာကြီးတွေဟာ ညတွင်းချင်းဖြေရှင်းလို့ရတဲ့ ပြဿနာတွေမဟုတ်ပါဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကချင်ပြည်သူတွေက ဒီပြဿနာတွေကို ဘာပဲဖြစ်ဖြစ် တာဝန်ယူဖြေရှင်းချင်ကြတယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ဒီည ဒီမှာ ရောက်ရှိနေတာဟာ အဆွေတော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို အားပေးကူညီဖို့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ ကိုယ်ပိုင်သမိုင်းကြောင်းမှာလည်း ဒီလိုအလားတူ စိန်ခေါ်မှုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသလို အခုလည်း ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရဆဲပါပဲ။ ဥပမာတစ်ခုပြရမယ်ဆိုရင်တော့ အမေရိကားမှာလည်းပဲ မူးယစ်ဆေးဝါးစွဲလမ်းမှုပြဿနာ မြင့်မားလာနေတာကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ နည်းလမ်းရှာနေကြရပါတယ်။
အမေရိကန်သံအမတ်အနေနဲ့ မြန်မာနိုင်ငံမှာ လေးနှစ်တာနီးပါးတာဝန်ထမ်းဆောင်စဉ်အတွင်း တူကွဲပြားမှုတွေနဲ့ ပေါင်းစုံနေပြီး ဗဟုဝါဒလူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီနိုင်ငံအတွင်းက အသံများစွာကို ကျွန်တော်နားထောင်ခဲ့ပါတယ်။ ကချင်ပြည်နယ်ကတော့ ကျွန်တော်တို့နိုင်ငံက မတူကွဲပြားခြင်းပေါင်းစုံနေမှုတစ်ခုကို သတိပေးအမှတ်ရနေစေတဲ့ မတူကွဲပြားခြင်း ပေါင်းစုံနေမှု ကိုယ်စားပြုဖြစ်ပါတယ်။ အဆွေတော်တို့သိတဲ့အတိုင်းပါပဲ မတူကွဲပြားခြင်းပေါင်းစုံနေမှုဆိုတာ ဆုလာဘ်တွေ၊ စိန်ခေါ်မှုတွေနဲ့အတူလာတာဖြစ်ပါတယ်။ သို့သော် ဆင်းရဲဒုက္ခတွေရှိနေပေမဲ့လည်း ကချင်ပြည်နယ်အတွင်းမှာ ကောင်းတာကိုဦးတည်နေတဲ့လမ်းကြောင်းတွေ အမြောက်အမြားတွေ့ရပါတယ်။ ကျွန်တော့်ရဲ့အကောင်းမြင်ဝါဒဟာ မတူညီတဲ့ လူမှုအသိုက်အဝန်းတွေ အတူလုပ်ကိုင်ဆောင်ရွက်နေကြတဲ့ မတူကွဲပြားခြင်းပေါင်းစုံမှုရဲ့ အားကောင်းမှုတွေကို မြင်တွေ့ရတာကနေ လာတာဖြစ်ပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံမှာရော ကမ္ဘာတစ်ဝန်းမှာပါ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အဆွေတော်တို့ပြည်နယ်ကို လာရောက်တဲ့အချိန် ကျွန်တော်တို့နဲ့အတူအခုလို တက်ရောက်ချီးမြှင့်ပေးကြတဲ့အတွက် သံရုံးက ကျေးဇူးအထူးတင်ရှိပါတယ်။
###