သံအမတ်ကြီးမာစီရယ် ရန်ကုန်တက္ကသိုလ်၌ အထူးဟောပြောချက်

သံအမတ်ကြီးစကော့မာစီရယ်။ ။ အခုလိုမိတ်ဆက်စကားပြောကြားပေးတဲ့ ပါမောက္ခ ချောချောစိန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကိုယ်ရေးရာဇဝင်မှာ အရေးပါတဲ့အချက်ကတော့ ဆရာမလိုပါပဲ ကျွန်တော်လည်း နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို သင်ယူခဲ့ရတာပါ။ ကျွန်တော် ဒီဘာသာရပ်ကို ဘွဲ့ကြိုဘာသာရပ်အနေနဲ့ သင်ယူခဲ့ပါတယ်။ နောက်တစ်ခါ ဘွဲ့လွန်အနေနဲ့လည်းထပ်ပြီး သင်ယူခဲ့ပါသေးတယ်။ ရလဒ်ကတော့ ကျွန်တော် သံတမန်တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ကောင်းခဲ့ပါတယ်။ 

ကောင်းသောမနက်ခင်းပါ။ ဒီနေ့အခုလိုအချိန်ပေးပြီးလာကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပါမောက္ခကြီး ပြောသွားသလိုပါပဲ။ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဟောပြောပေးဖို့ ပါမောက္ခကြီး တောင်းဆိုတဲ့အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်လို့ထင်ပါတယ်။ တကယ်လည်းအချိန်ကောင်းပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အရေးကြီးတဲ့ ဆယ်စုနှစ်တစ်ခုကိုဖြတ်ကျော်ပြီးချိန် ဆယ်စုနှစ် အသစ်တစ်ခုကို စတင်တဲ့အချိန်ဖြစ်နေလို့ပါ။ ၂၀၂၀ ပြည့်လွန်နှစ်များဟာ နှစ်သစ်တစ်ခုတင်မကပါဘူး၊ ဆယ်စုနှစ်အသစ် တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ကျွန်တော်တို့ဘာတွေ ပြီးမြောက်ခဲ့ကြသလဲဆိုတာ ပြန်ပြီးကြည့်နိုင်သလို၊ အခုလိုဆက်ဆံရေးမှာ နောင်လာမယ့်ဆယ်စုနှစ် ဘာတွေလုပ်ကြဖို့ မျှော်လင့်ထားကြသလဲ ဆိုတာကို ကြည့်ကြဖို့ အချိန်ကောင်းတစ်ခုပါပဲ။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကျွန်တော်ဟာ ဝါရှင်တန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၀၅ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့တာပါ။ မြန်မာနိုင်ငံကို ၂၀၀၅ နဲ့ ၂၀၁၀ အတွင်း အကြိမ်များစွာ ရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီမှာ ပြုပြင်ပြောင်းလဲမှုတွေမစခင် အခြေအနေတွေဘယ်လိုရှိခဲ့သလဲဆိုတဲ့ စိတ်ကူးအမြင်တချို့ ရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကျန်ခဲ့တဲ့ဆယ်စုနှစ်ကိုပြန်ကြည့်တဲ့အခါ မောင်တို့မယ်တို့ နိုင်ငံအတွင်း ဘာတွေဘယ်လောက် ထူးထူးခြားခြား ပြောင်းလဲခဲ့သလဲပေါ့။ ကျွန်တော့်အမြင်မှာတော့ အကောင်းဘက် အပြောင်းအလဲတွေ အများကြီးပါပဲ။ ဟုတ်ပါတယ် နေရာတိုင်းမှာတော့ စိန်ခေါ်မှုအခက်ခဲတွေရှိနေတုန်းပါပဲ ဒါပေမဲ့ တကယ့်ကို အပြောင်းအလဲတွေအများကြီးပါပဲ။

ဒါပေမဲ့ ကျန်ခဲ့တဲ့ ဆယ်နှစ် မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မစတင်ခင် ကမ္ဘာကြီးကို မဖွင့်ပေးခင် အချိန်တုန်းက ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးကို ကျွန်တော်တို့ သံတမန်စကားနဲ့ ပြောရမယ်ဆိုရင် အေးစက်တဲ့ သဘောရှိတယ်လို့ ပြောရမှာပါ။ အင်္ဂလိပ်စကားမှာ မောင်တို့မယ်တို့ သိတဲ့အတိုင်းပဲ အေးစက်တယ်ဆိုတော့ ကောင်းတော့ကောင်းမွန်တယ် သိပ်ပြီးနွေးနွေးထွေးထွေးတော့ မရှိဘူးလို့ပြောနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ သိနေခဲ့ပါတယ် ဒီကပြည်သူတွေ ပိုပြီးလိုချင်တာတွေရှိခဲ့တယ်။ အာဏာရှင်စနစ်တစ်ခု အောက်မှာ မနေချင်ခဲ့ကြဘူး။ ပိုမိုလွတ်လပ်မှုတွေ လိုချင်ခဲ့ကြတယ်။ ပိုပြီးကောင်းမွန်တဲ့ အခွင့်အလမ်းတွေ လိုချင်ခဲ့ကြတယ်။ ဒါတွေဟာ မောင်တို့မယ်တို့ အတွက် ကျွန်တော်တို့ရစေချင်ခဲ့တာတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဆက်ဆံရေးဟာ တော်တော်လေးအေးစက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ထင်ခဲ့ပါတယ် အဲဒီအချိန်က အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေဖန်တီးဖို့ ပိုပြီးဆောင်ရွက်ခဲ့ သင့်တယ်၊ မောင်တို့မယ်တို့အတွက် အခွင့်အလမ်းတွေနဲ့ လွတ်လပ်မှုတွေကို ပိုပြီးဖန်တီးပေးခဲ့သင့်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ကျွန်တော်တို့နားလည်သဘောပေါက်တဲ့ မောင်တို့မယ်တို့နဲ့ ဒီနိုင်ငံအတွင်းမှာရှိတဲ့ ကျန်တဲ့ပြည်သူတွေ လိုလားတောင့်တမှုတွေကို အားပေးကူညီဖို့ ဖြစ်ပါတယ်၊ ဒါကြောင်မို့ ရလဒ်အနေနဲ့ ကျွန်တော့်တို့ကြားမှာ တော်တော်လေးအေးစက်တဲ့ ဆက်ဆံရေးတစ်ရပ် ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ သေချာပါတယ် ၂၀၁၁ ကစပြီး ဦးသိန်းစိန်အစိုးရကနေ စပြီးမိတ်ဆက်ပေးတဲ့ ထူးခြားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မြင်တွေ့လာခဲ့ရသလို ကြိုလည်းကြိုဆိုခဲ့ပါတယ်။ ဒီသမိုင်းကြောင်းကို မောင်တို့မယ်တို့လည်း ကောင်းကောင်းကြီးသိနေတဲ့အတွက် ကျွန်တော်အကျယ်ချဲ့မပြောတော့ပါဘူး။ ဒါပေမဲ့ ပါတီစုံစနစ်ကိုသွားဖို့ ဆောင်ရွက်မှုတွေ၊ အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲတွေ၊ ဆင်ဆာဖြတ်တောက်မှုကိုရပ်ခဲ့တာတွေ၊ သတင်းစာ လွတ်လပ်မှုအတွက် ဆောင်ရွက်တာတွေ၊ အရပ်ဘက်အဖွဲ့အစည်းဖွံ့ဖြိုးလာတာတွေ၊ နိုင်ငံအတွင်း ဆင်းရဲမှု ၄၀ ရာခိုင်နှုန်းလျှော့ချပေးရာမှာအထောက်အကူဖြစ်စေခဲ့တဲ့ အရေးကြီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့ တာတွေကျွန်တော်တို့တွေ့ခဲ့ရပါတယ် ဒါတွေဟာ တကယ့် မှတ်သားစရာတွေပါ။ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစုရုံးခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် ပိုမိုလွတ်လပ်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို အာဏာရရှိ စေခဲ့တဲ့ ၂၀၁၅ သမိုင်းဝင်ရွေးကောက်ပွဲလည်း အသေအချာ ပါဝင်တာပေါ့။

ဒါကြောင့် ဒီပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ကြိုဆိုခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် ဖော်ဆောင်နေသလို ကျွန်တော်တို့ရဲ့အကူအညီပေးရေးအစီအစဉ်တွေများစွာတိုးချဲ့တာ၊ ကန့်သတ် ပိတ်ပင်ထားမှု တွေကို ၂၀၁၆ ခုနှစ်အတွင်းက ရုပ်သိမ်းတာ၊ ကုန်သွယ်ရေးအထူးခံစားခွင့်ပေးအပ်တာ၊ ကုန်သွယ်ရေး အကျိုးအမြတ်တွေနဲ့ ကဏ္ဍများစွာအတွင်း တကယ့်ကို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့တာတွေလုပ်ပြီး မြန်မာနိုင်ငံ အစိုးရနဲ့ ကျွန်တော်တို့ရဲ့ထိတေွ့ ဆက်ဆံမှုကို တိုးမြှင့်ပြီးတုံ့ပြန်နေပါတယ်။ အဲဒီကတည်းကစလို့ ကျွန်တော်တို့ ပေးအပ်လာတဲ့ အကူအညီဟာ ဒေါ်လာ ၁.၅ ဘီလျံလောက် ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ကူညီပံ့ပိုးပေးတာ ဖြစ်ပါတယ်၊ ချေးငွေမဟုတ်ပါဘူး။ 

ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ကြိုးပမ်းရာမှာလည်း အမေရိကန်ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁.၅ ဘီလျံရှိပြီဖြစ်ပါတယ်။ ပိစ်ကောစေတနာ့ဝန်ထမ်းအစီအစဉ်ကိုလည်း ကျွန်တော်တို့ ဖော်ဆောင်ခဲ့ပြီးပါပြီ။ နိုင်ငံတစ်ဝန်းကပြည်သူတွေအတွက် ပိုပြီးအကျိုးရှိစေမယ့် မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကနေ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတိုးတက်ရေး၊ ပညာရေးကဏ္ဍတိုးတက်ရေး၊ ပိုပြီးအပြန့်ကျယ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု တိုးမြှင့်ရေးကဏ္ဍတွေအထိ ကဏ္ဍအားလုံးမှာ အစိုးရနဲ့အတူ လက်တွဲ ဆောင်ရွက်နေပါတယ်။ 

သမ္မတအဆင့် ခရီးစဉ်လည်းနှစ်ခုရှိခဲ့ပါတယ်။ အစိုးရဝန်ကြီးအဆင့်တွေနဲ့ အခြားအဆင့်မြင့်အရာရှိ ခရီးစဉ်တွေလည်း အများကြီးရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍရော အစိုးရကဏ္ဍမှာပါ အပြန်အလှန်ဆက်ဆံရေးတွေ အများအကြီး တိုးလာခဲ့တဲ့အပြင် ခရီးသွားလုပ်ငန်းတွေ၊ ကျောင်းတက်တာတွေ စတာတွေအများကြီးပါပဲ။ ဒါကြောင့် ဒီမှာအရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆက်ဆံရေးကလည်းတကယ်ကို တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ အခြေခံအားဖြင့် ဒီတစ်ချိန်လုံးမှာ ကျွန်တော်တို့ရဲ့မူဝါဒကို မောင်းနှင်ပေးခဲ့ တာကတော့ မြန်မာပြည်သူတွေ ပြောခဲ့သလိုပဲ သူတို့လိုချင်တဲ့၊ သာယာဝပြောမှုတွေကို ဆောင်ကြဉ်းပေးလာမယ့်၊ ပိုမိုလွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပိုမိုပွင့်လင်းမှု၊ အခွင့်အလမ်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆီကို သွားမယ့် လမ်းကြောင်းကို ရှေ့ဆက်တိုးနိုင်စေချင်တဲ့ အရာဖြစ်ပါတယ်။ 

အခုအဲဒါတွေဖြစ်လာခဲ့ပါပြီ၊ ကျွန်တော်တို့အားပေးကူညီဖို့အတွက် ကျွန်တော်တို့လုပ်နိုင်တာအားလုံးကို ကြိုးစား လုပ်ဆောင်ပေးခဲ့ပါတယ်။ အခု ကျန်ခဲ့တဲ့ နှစ်နှစ်ဟာ တကယ့်ကိုပိုပြီး ခက်ခဲခဲ့ကြတယ်ဆိုတာ သေချာပါတယ်။ တချို့ကမေးကြတယ်၊ ဆက်ပြီးတော့လည်း မေးကြပါတယ်၊ “ရခိုင်ကိစ္စကြောင့် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကနေ ရှောင်ထွက်သွားပြီလား” တဲ့။ အဖြေကတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှောင်ထွက်မပြေးပါဘူး။ ဒါပေမဲ့ အဲဒီလိုပြောလို့ ရခိုင်အရေးကိစ္စဟာ အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ 

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ၂၀၁၇ မှာဖြစ်ခဲ့တဲ့ ရခိုင်အကြပ်အတည်းကိစ္စဟာ တိုက်ရိုက်ခံစားခဲ့ရတဲ့ သိန်းနဲ့ချီတဲ့လူတွေအတွက်ရော၊ မြန်မာနိုင်ငံအတွက်ရော ဆိုးရွားတဲ့ကပ်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ မောင်တို့မယ်တို့  ကောင်းကောင်းသိထားပြီးဖြစ်တဲ့ ဒီသမိုင်းကြောင်းကိုတော့ ကျွန်တော်အသေးစိတ်မပြောတော့ပါဘူး။ ဒါပေမဲ့ အတိုချုံးပြောရမယ်ဆိုရင် ကျွန်တော်တို့အမြင်ကတော့ ၂၀၁၆ နဲ့ ၂၀၁၇ အတွင်းမှာ ARSA ကနေပြီး လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုတွေကိုလည်း ကျွန်တော်တို့ရှုတ်ချခဲ့ပါတယ်။ အဲဒီကတည်းကစလို့ အဲဒီတုန်းကရော နောက်အကြိမ်များစွာရှုတ်ချခဲ့ပါတယ်။ 

နောက်တော့ လုံခြုံရေးအင်အားစုတွေက အင်အားအလွန်အကျွံသုံးပြီးတုံ့ပြန်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ အကြမ်းဖက်မှုကြီးတွေ ဖြစ်ခဲ့ပြီး အရေအတွက်မသိရတဲ့ အသတ်ခံခဲ့ရသူတွေရှိသလို လူပေါင်း ခုနစ်သိန်းကျော် နိုင်ငံကနေ ထွက်ပြေးခဲ့ကြပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ လူများစွာအတွက် စိတ်ကြေကွဲ ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုလည်းရှိခဲ့ပါတယ်၊ မောင်တို့မယ်တို့ သိတဲ့အတိုင်း ဒီနိုင်ငံဟာ လူအခွင့်အရေးအလွဲသုံးတဲ့အကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ကြပါတယ်။ ခရီးသွားများစွာနဲ့ အရည်အသွေးပြည့် ကုမ္ပဏီများစွာကနေပြီး ဒီကို မလာသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံအနေနဲ့ ဘယ်နည်းနဲ့ဖြစ်ဖြစ်ရင်ဆိုင်နေရတာဟာ အဲဒီကိစ္စသက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံကိုပါ နောက်ပြန်သွားစေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒီအကြပ်အတည်းထဲကနေ လွတ်မြောက်စေချင်ပါတယ်။ ဒီကိစ္စကြောင့် မြန်မာနိုင်ငံ ဒုက္ခရောက်နေတာ၊ အခက်အခဲဖြစ်နေတာ၊ ဒါမှမဟုတ်နောက်ပြန်သွားမှာကို ကျွန်တော်တို့ စိတ်မချမ်းသာပါဘူး။ မောင်တို့မယ်တို့ အားလုံးလိုချင်သလိုပါပဲ မြန်မာနိုင်ငံကို ဒီအကြပ်အတည်းထဲကနေ လွတ်မြောက်စေချင်ပြီး အရှေ့ကို ဆက်လက်လျှောက်လှမ်း စေချင်ပါတယ်ဆိုတာ ကျွန်တော်အသေအချာပြောရဲပါတယ်။ တာဝန်ယူမှုနဲ့ တရားမျှတမှုကိုလည်း ဖြစ်စေချင်ပါတယ်၊ ကျူးလွန်ခံခဲ့ရသူတွေအတွက်ချည်းပဲမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရဲ့ဒီမိုကရေစီကို ပိုမိုအားကောင်းစေဖို့နဲ့ ရခိုင်ပြည်နယ်အတွင်းမှာသာမက နိုင်ငံရဲ့တခြား နေရာတွေမှာပါ နောက်ထပ်လူ့အခွင့်အရေး အလွဲသုံးဖို့ အခွင့်အလမ်းတွေကို လျှော့ချရာမှာလည်း အထောက်အကူ ဖြစ်စေလို့ဖြစ်ပါတယ်။ 

အခုတော့အဲဒီလို မဟုတ်လောက်တော့ပါဘူး။ ဒါပေမဲ့ အခုဆိုရင် ဒီအကြပ်အတည်းကနေပြီး ရှေ့ဆက်တိုးနိုင်ဖို့ အခွင့်အလမ်းတစ်ခု မြန်မာနိုင်ငံအနေနဲ့တကယ်ရှိနေပြီလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်ကိုရှင်းပြခွင့်ပြုပါ။ ကျွန်တော့်အမြင်မှာတော့ ပထမအဆင့်အနေနဲ့ အစိုးရအတွက် ၂၀၁၇ တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အမှန်တကယ်ဘာတွေဖြစ်သလဲဆိုတာ ဖြစ်နိုင်သမျှ မှန်မှန်ကန်ကန်နဲ့ အလုံးစုံခြုံပြီး ပါဝင်အောင် ချပြဖို့ပါ။ မောင်တို့မယ်တို့အားလုံး သိတဲ့အတိုင်းပဲ အဲဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး၊ ပြန်ပြော နေကြတာတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြင်နေတဲ့အမြင်တွေ၊ တော်တော်လေး ကွဲပြားနေကြပါတယ်။ 

ဖြစ်နိုင်သမျှ များများသိရဖို့ ကျွန်တော်တို့အားလုံးအတွက် တကယ်ကိုအရေးကြီးပါတယ်။ အမှန်တွေကဘာတွေလဲ။ ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကနေပြောတာမဟုတ်ဘဲ ဘာတွေတကယ်ဖြစ်ခဲ့သလိုတာ ကျွန်တော်တို့က စဉ်းစားတာပါ။ အခုဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီး The Hague မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးကြားနားမှုမှာ အရေးကြီးတဲ့ထွက်ဆိုမှုတစ်ခု ထွက်ဆိုခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးအမှုကိစ္စကို ကျွန်တော် အများကြီးပြောမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သူကပြောခဲ့တာကတော့ “အချို့သောဖြစ်စဉ်တွေမှာဆိုရင်တော့ တပ်မတော်သားများ အနေနဲ့ ARSA အကြမ်းဖက် တိုက်ခိုက်သူများနဲ့ အရပ်သားများကို သေချာစွာခွဲခြားနိုင်မှု ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို သတိမမူမိဘဲ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် လူများစွန့်ခွာခဲ့တဲ့ ကျေးရွာတွေမှာလည်း ကျန်ရှိနေတဲ့ ပစ္စည်းပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများကို ကျူးလွန်တဲ့ အရပ်သားများကို ဟန့်တားတဲ့အပိုင်းမှာလည်း အားနည်းချက်များ ရှိကောင်းရှိနိုင်ပါတယ်” ဒါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့အထဲက ကျွန်တော်ကိုးကားပြီးပြောတာဖြစ်ပါတယ်။

ဒါကြောင့်ကျွန်တော့်အမြင် နိုင်ငံအတွက် နောက်အရေးကြီးတဲ့အဆင့်ကတော့ မကြာခင်ထုတ်ပြန်တော့မယ့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ ဘာတွေပါမယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒီအစီရင်ခံစာထဲမှာ လူ့ခွင့်အရေးအလွဲသုံးခံခဲ့ရ၊ လူတွေအများအပြား အသတ်ခံခဲ့ရတယ်လို့ တောင်ပြောကြတဲ့ ကျေးရွာတွေက အဖြစ်အပျက်တွေအပါအဝင် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာတွေကို မြန်မာအစိုးရကဖွဲ့စည်းထားတဲ့ ကော်မရှင်တစ်ခုက ပြုစုထားတဲ့ အစီရင်ခံစာမှာ ပါဝင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ 

နောက်ပြီး ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီအစီရင်ခံစာကို အစိုးရကနေပြီး အသိအမှတ်ပြုလက်ခံဖို့နဲ့ The Hague မြို့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကတိပြုခဲ့သလို လူ့အခွင့်အရေးအလွဲသုံးစားပြုခဲ့ကြသူတွေကို တာဝန်ခံမှုရှိစေရေးအတွက် အဆင့်တွေကိုဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာပါ။ တစ်ချိန်တည်းမှာပဲ ကိုဖီအာနန်ကော်မရှင်က ချမှတ်ပေးခဲ့တဲ့ အကြံပြုချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့လည်း လွန်စွာ အရေးကြီးပါတယ်။ ဒီအကြံပြုချက်တွေကို ကိုင်တွယ်ဖြေရှင်းတာဟာ အင်မတန်ရှုပ်ထွေးတယ်လို့ ကျွန်တော်တို့အားလုံး သိထားကြတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတစ်ခု ဖြစ်ပါတယ်။ 

ဒါကြောင့် ဒါဟာထွက်ပေါက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ တာဝန်ခံမှုနဲ့ ဒီအမြစ်တွယ်နေတဲ့ကိစ္စကို ဖြေရှင်းတာဟာ ဒီအတွက်ဒုက္ခရောက်ကြရတဲ့ပြည်သူတွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံအနေနဲ့လည်းရှေ့ကိုဆက်ပြီးတိုးနိုင်မှာဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့ အမှန်တကယ် မြင်တွေ့ချင်တာ ဖြစ်ပါတယ်။ ဒါဟာ လွယ်တဲ့ကိစ္စမဟုတ်ပေမဲ့လည်း ပြီးမြောက်နိုင်ပါတယ်။ အဲဒီအတွက် အားပေးကူညီဖို့ ကျွန်တော်တို့လုပ်နိုင်တာအားလုံး သေချာပေါက်ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

အခုဆိုရင် ရခိုင်ကိစ္စကို ကျွန်တော်ပြောခဲ့ပြီးပါပြီ။ တကယ်လည်းအရေးကြီးတဲ့ကိစ္စဖြစ်လို့ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်အကြပ်အတည်းဖြစ်ပေါ်ခဲ့သလို ကျွန်တော်တို့အနေနဲ့ ဒီနိုင်ငံအစိုးရနဲ့ရော နိုင်ငံတစ်ဝန်းကပြည်သူတွေနဲ့ပါ ကိစ္စရပ်တော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ထပ်ပြီးတော့လည်း မောင်တို့မယ်တို့ရဲ့ရည်မှန်းချက်တွေဖြစ်တဲ့ ပိုမိုအားကောင်းတဲ့ ဒီမိုကရေစီ၊ ပိုမိုသာယာ ဝပြောမှု၊ ငြိမ်းချမ်းမှု၊ ပိုပြီးတရားမျှတမှု၊ ပိုပြီးကောင်းမွန်တဲ့ပညာရေးအခွင့်အလမ်းတွေ၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အားပေးကူညီဖို့ကြိုးစားနေပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့ ရခိုင်ကိစ္စကိုဆောင်ရွက်နိုင်သလို တခြားကိစ္စရပ်တွေအများကြီးကိုလည်း ဆောင်ရွက်နိုင် ပါတယ်။ ဒီနှစ်ခုကြား ရွေးချယ်ဖို့လည်းမလိုပါဘူး။ ဥပမာအနေနဲ့ ကျွန်တော်တို့ဟာ အစိုးရ တကယ့်ထိပ်တန်း အဆင့်တွေနဲ့ဆက်ဆံနေပါတယ်။ ဒီလိုထိတွေ့ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေအတွက် ရေရှည်ကတိကဝတ်ပြုထားပါတယ်ဆိုတဲ့အကြောင်း အမြဲတမ်း ထပ်လောင်း အတည်ပြုပါတယ်။ မကြာသေးခင်က ဆိုရင်လည်း သမ္မတထရမ့်ကနေပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို တခြားအာဆီယံခေါင်းဆောင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ဒီနှစ်အတွင်းမကြာခင်ကျင်းပတော့မယ့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲ အတွက် လာရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ မြန်မာပြည်သူတွေအတွက်၊ ဒီမိုကရေစီ၊ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး၊ စတာတွေအတွက် ထူးခြားတဲ့ အကူအညီပမာဏကို ဆက်လက်ပြီးပေးအပ်နေပါတယ်။ ကျန်ခဲ့တဲ့လကပဲ မြန်မာနိုင်ငံအတွက် နှစ်နိုင်ငံဆက်ဆံရေးအကူအညီအနေနဲ့ တိုးမြှင့်ပေးအပ်မယ့် ဘတ်ဂျက်အသစ်တစ်ခုကို သမ္မတက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့်အခုဆိုရင် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအတွက် အကူအညီကို အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲကတခြားနိုင်ငံတွေထက်ပိုပြီးပေးအပ်နေပါတယ်။ 

ဒီငွေကြေးအကူအညီအသစ်နဲ့အတူ ကျွန်တော်တို့လက်ရှိဆောင်ရွက်လျက်ရှိတဲ့ အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်သလို ပညာရေးအတွက်လည်း ထပ်ပြီးတိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မကြာသေးခင်ကပဲ ကျွန်တော်တို့ အစီအစဉ်သစ်တစ်ခု စတင်ခဲ့ပါတယ်။ အဲဒါကတော့ လင်ကွန်းပညာတော်သင် အစီအစဉ်ပါ။ ဒီအစဉ်ကနေပြီး မြန်မာကျောင်းသူ/ကျောင်းသား တစ်ရာကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့တက်ရောက်ရယူဖို့ စေလွှတ်မှာဖြစ်ပါတယ်။ ကျောင်းသူ/ကျောင်းသား တစ်ရာအတွက် ပညာသင်ဆု အပြည့်အဝပေးမယ့် အစီအစဉ်ပါ။ ဒီလထဲမှာလည်း မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ လာရောက် သင်ကြားပေးမယ့် နောက်ထပ် ပိစ်ကောစေတနာ့ဝန်ထမ်းအယောက် ၄၀ ဒါမှမဟုတ် ၄၅ ယောက် ရောက်မှာဖြစ်ပါတယ်။

အခုလက်ရှိ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပဲ စေတနာ့ဝန်ထမ်း ၇၅ ယောက်ရှိပါတယ်။ ဒါကြောင့် နောက်ထပ် အဖွဲ့တစ်ဖွဲ့ထပ်ရောက်ဖို့ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေတဲ့အရာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အင်မတန်မှ ကြည်နူးဝမ်းသာစရာပါ။ မြန်မာနိုင်ငံအတွင်းမှာ တာဝန်ယူမှုရှိရှိ၊ တာဝန်ခံမှုရှိရှိနဲ့ စီးပွားရေးတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်ကုမ္ပဏီတွေကိုလည်း ဆက်လက်တိုက်တွန်းနေပါတယ်။

ဒါကဘာကိုပြောချင်တာလဲဆိုရင် ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပါ၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်ဝန်းခရီးသွားတဲ့အခါ လူတော်တော်များများပြောတာ ကျွန်တော် ကြားခဲ့ရတာက “အရင်တုန်းကလုပ်ကြတဲ့ပုံစံအတိုင်းပဲဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေမလိုချင်ဘူး။ ကျွန်တော်တို့၊ ကျွန်မတို့ဆီကိုလာ ဒီကသယံဇာတတွေကိုပဲ ထုတ်ယူသွားပြီး ဘာအကျိုးကျေးဇူးမှမရှိဘဲ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုပဲ ချန်ထားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးဆိုရင်မလိုချင်ဘူး။ မြန်မာဒေသခံ အလုပ်သမားတွေကိုခန့်ထား၊ သူတို့ကိုလေ့ကျင့်သင်တန်းတွေပေး၊ ကောင်းကောင်းမွန်မွန်ဆက်ဆံ၊ သဘာဝပတ်ဝန်းကျင်ကိုအလေးထား၊ ဒေသခံလူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးတွေယူလာပေးပြီး ရှေရှည်ကတိကဝတ်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲ လိုချင်တယ်” ဆိုပြီးကြားခဲ့ရပါတယ်။ 

ဒါကြောင့် ဒီလိုကတိကဝတ်မျိုးအမှန်တကယ် ပြုထားကြတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် ကျွန်တော် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ နှစ်ခုစလုံးကို သူတို့ကသိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဘာကိုလိုချင်သလဲဆိုတာသူတို့သိတဲ့အတွက်ပါ။ အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ သူတို့ရဲ့အစုရှယ်ယာဝင်တွေကလည်း ဒီနိုင်ငံပြည်သူတွေအတွက် အကျိုးကျေးဇူးတွေဆောင်ကြဉ်းပေးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ကိုပဲ တင်းခံထားကြပါတယ်။ ဒါဟာ ကျွန်တော်တို့ တွန်းအားပေးနေတဲ့အရာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ဟာ ဒီနိုင်ငံအတွက် ရေရှည်ကတိကဝတ်ပြုထားပါတယ်။ မောင်တို့မယ်တို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ကူညီဖို့ ကျွန်တော်တို့ဆောင်ရွက်နိုင်တာအားလုံး ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေမဟုတ်ပါဘူး။ ကျွန်တော်တို့အကူအညီဟာ အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သိပါတယ် နိုင်ငံတိုင်းမှာ သူတို့ရဲ့နိုင်ငံရဲ့အနာဂတ်ကို တကယ်အဆုံးအဖြတ် ပေးတာက ကျွန်တော်တို့ဘာလုပ်သလဲဆိုတာ မဟုတ်ပါဘူး၊ အဲဒီနိုင်ငံက ပြည်သူတွေ ဘာလုပ်သလဲ ဆိုတာပါ။ ဒီကမောင်တို့မယ်တို့ သွားချင်တဲ့ ကိုယ်ပိုင်လမ်းကြောင်းကိုချမှတ်ဖို့ကတော့ ဒီနိုင်ငံက မောင်တို့မယ်တို့ ပြည်သူတွေအပေါ်မှာ မူတည်ပါတယ်။ 

ဒါတွေအားလုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေရှိနေတာကတော့ ပညာဉာဏ်နဲ့ ကောင်းမွန်ပြည့်စုံတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်မယ့် မောင်တို့မယ်တို့ ပါပဲ။ ဒါကြောင့် ကျွန်တော်ထင်ပါတယ် သံတမန်အလုပ်ကို အကြာကြီးလုပ်လာခဲ့တဲ့အခါ သံတမန်တစ်ယောက်အနေနဲ့ ဒီနိုင်ငံကို ဟိုလိုလုပ်လိုက်ပါလား၊ ဒီလိုလုပ်လိုက်ပါလားလို့ ပြောရတာအင်မတန်လွယ်ပါတယ်။ တကယ်က ဘာကပိုအရေးကြီး သလဲဆိုတော့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖော်ဆောင်နေကြတဲ့ ဒီနိုင်ငံအတွင်းက ပြည်သူတွေကို အကူအညီပေးဖို့ဟာက ပိုပြီးအရေးကြီးပါတယ်။ ဒါက တကယ့်ကို ကျွန်တော်တို့ရဲ့အခန်းကဏ္ဍပါ။ မောင်တို့မယ်တို့ကို ဘာလုပ်ပါလို့ ပြောဖို့မဟုတ်ပါဘူး။ ဒီနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်၊ ဒါမှမဟုတ် ပညာရေးဖြစ်ဖြစ် တစ်ခြားနယ်ပယ်ကဏ္ဍပဲ ဖြစ်ဖြစ် ကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ ဖော်ဆောင်နေကြတဲ့သူတွေကို အကူအညီပေးဖို့ပါ။ ဒါဟာ တကယ့်မိတ်ဆွေကောင်းတစ်ဦးဆိုတာပါ။ တကယ်ကို ကြိုးစားပြီး လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

နောက်တခြားအရာကတော့ ဒီမိုကရေစီစနစ်တစ်ခုအတွင်းမှာ အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါဟာ အမှန်ပါ အမေရိကန်ပြည်ထောင်စုမှာရော မြန်မာနိုင်ငံမှာပါ အမှန်ပါ။ ကျွန်တော်တို့စောင့်နေရုံနဲ့မရပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်တွေဟာအရေးကြီးပါတယ်။ ဒါပေမဲ့ အရာအားလုံးကိုဖြေရှင်းဖို့၊ အရာအားလုံးကိုဖြေရှင်းမယ့် ဖြေရှင်းချက်တွေပေါ်လာဖို့၊ ဝါရှင်တန်ဒီစီ ဒါမှမဟုတ် နေပြည်တော်ကို စောင့်နေလို့ မရပါဘူး။ ကျွန်တော်တို့ ကိုယ်ပိုင်လူ့အသိုက်အဝန်းတွေအတွင်းမှာ ကျွန်တော်တို့လုပ်နိုင်တာကို လုပ်ပေးဖို့ပဲ လိုတာပါ။ ဒီမိုကရေစီစနစ်တစ်ခုအတွင်းမှာ တကယ့်အပြောင်းအလဲတစ်ခုကို ဖန်တီးဖို့အတွက်ဆိုတာ အာလုံးပါဝင်မှုဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားတစ်ဦးဖြစ်ရခြင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုတော့ မောင်တို့မယ်တို့ အားလုံးဟာ အင်မတန်သွက်လက်ချက်ချာပြီး ပညာဉာဏ်နဲ့ပြည့်စုံတဲ့သူတွေဖြစ်တဲ့အတွက် မောင်တို့မယ်တို့ရဲ့ အခန်းကဏ္ဍကို စဉ်းစားကြဖို့ တိုက်တွန်းလိုပါတယ်။ 

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေရော အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေပါ အပြောင်းအလဲအတွက် တွန်းအားပေးဖို့နဲ့ တောက်ပတဲ့အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ စိတ်ကူးစိတ်သန်းတွေ ဖော်ထုတ်ရာမှာ ကာလရှည်ကြာကတည်းက အစဉ်အလာကောင်းတွေ ရှိခဲ့ကြတာပါ။ ဒါကို မောင်တို့မယ်တို့ လုပ်လည်းလုပ်နေကြပြီဆိုတာ သေချာပါတယ်။ ဒါပေမဲ့ မောင်တို့မယ်တို့သိလား မောင်တို့မယ်တို့ရဲ့ နိုင်ငံကြီးကရှေ့ဆက်သွားနေသလို မောင်တို့မယ်တို့ကိုယ်တိုင်လည်း မေးခွန်းတွေအများကြီး ပြန်မေးရပါမယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုနိုင်ငံမျိုးဖြစ်ချင်တာပါလဲ။ ကျွန်တော်တို့နှစ်နိုင်ငံစလုံးမှာရှိနေတဲ့ များပြားလှတဲ့ မတူကွဲပြားခြင်းပေါင်းစုံနေမှုတွေကို ဘယ်လိုလုပ်မလဲ။ ဒါဟာစိန်ခေါ်မှုတစ်ခုပါ။ ဒါပေမဲ့ အင်မတန်ကြီးမာတဲ့ အားအင်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကို ရယူပြီး ဘယ်လို ပိုမိုခိုင်မာအားကောင်းအောင် လုပ်မလဲ၊ ဒီမတူကွဲပြားခြင်းပေါင်းစုံနေမှုကိုအသုံးချပြီး ကျွန်တော်တို့ နိုင်ငံတွေကို ပိုပြီးခိုင်မာအားကောင်းအောင်၊ ပိုပြီးကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ။

အမေရိကန်ပြည်ထောင်စုမှာ အလုပ်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အလုပ်မဖြစ်နိုင်တာတွေကရော ဘာတွေလဲ။ ဒီအတွက် မောင်တို့မယ်တို့အနေနဲ့ ကိုယ်ပိုင်နည်းလမ်းရှာဖွေရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ရော ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။ စစ်တပ်ရဲ့အခန်းကဏ္ဍကရော ဘယ်လိုဖြစ်သင့်သလဲ။ ဆိုလိုတာက အခုဆိုရင် ဒီမေးခွန်းတွေ မောင်တို့မယ်တို့မေးခွင့်ရနေပါပြီ။ လွန်ခဲ့တဲ့ဆယ်နှစ်ကဆိုရင်တော့ မေးခွင့်မရပါဘူး။ ဒါတွေဟာ ဒီနိုင်ငံပြည်သူတွေအတွက်မေးခွန်းတွေဖြစ်ပါတယ်။ အားလုံးက ဖက်ဒရယ်စနစ် အကြောင်း ပြောနေကြပါတယ်။ ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်စနစ်မျိုးက မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်မလဲ။ အမေရိကန်ဖက်ဒရယ်စနစ်မျိုးလား၊ အိန္ဒိယဖက်ဒရယ်စနစ်မျိုးလား၊ ဆွစ်ဇာလန်ကစနစ်မျိုးလား ဒါမှမဟုတ် အဲဒါတွေနဲ့လုံးဝမတူတဲ့တစ်ခုခုလား။ ဒီအတွက်အဖြေကတော့ ကျွန်တော်လည်းမပြောတတ်ပါဘူး။ 

ဘယ်လောက်လွတ်လပ်မှုမျိုးကိုကျွန်တော်တို့လိုချင်ပါသလဲ။ မောင်တို့မယ်တို့ သိမှာပါ သတင်းထောက်တွေဟာ ဟိုအကြောင်းရေးလို့ ဒီအကြောင်းရေးလို့ဆိုပြီး အဖမ်းခံကြရပါတယ်။ ဒီမိုကရက်တစ်နိုင်ငံ အများအပြားမှာတော့ လူတွေက ဒါကိုကြိုက်မှာ မဟုတ်လောက်ပါဘူး၊ ဒါပေမဲ့ အဖမ်းလည်းခံရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မောင်တို့မယ်တို ဘယ်လိုခံစားရပါသလဲ။ ချိန်ညှိမှုတွေကို ဘယ်လိုလုပ်ကြမလဲ။ ဒါတွေဟာ မောင်တို့မယ်တို့ အပေါ်မှာ မူတည်နေပါတယ် ကျွန်တော်တို့အပေါ်မှာ မူမတည်ပါဘူး။ ဒါပေမဲ့ မောင်တို့မယ်တို့ရဲ့နိုင်ငံက ပထမဆုံးအနေနဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နေတာ ဖြစ်တဲ့အတွက် အင်မတန်အရေးကြီးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ မောင်တို့မယ်တို့နိုင်ငံအတွက် တကယ်ကို အရေးကြီးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ 

ကျွန်တော်တို့က ဘာလုပ်ချင်တာလဲဆိုတော့ ဒါတွေကို မောင်တို့မယ်တို့ရဲ့နိုင်ငံအတွက် အကောင်းဆုံးအဖြေက ဘာလဲဆိုတာကို ဆုံးဖြတ်ဖို့ကြိုးစားနေကြတဲ့ မောင်တို့မယ်တို့လို ပြည်သူတွေကို အားပေးကူညီဖို့ဆိုတာ ဖြစ်တဲ့အကြောင်း ထပ်ပြောပါရစေ။ နိုင်ငံတကာဆက်ဆံရေးပညာရပ်ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအံဝင်ခွင်ကျဖြစ်နိုင်မလဲ။ အာဆီယံရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ရော ကျွန်တော်တို့ကို ကျွန်တော်တို့ အာရုံစိုက် သတိထားမိပါသလား။ အာဆီယံကရော ကျွန်တော်တို့ နိုင်ငံခြားရေးမူဝါဒရဲ့ အဓိကကျတဲ့အကြောင်းအရာလား။ 

ကျွန်တော်တို့ဖြစ်ချင်တာက ဒီထက်ပိုပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်ကြားမှာ ရှိနေတာပါ။ ဒီနိုင်ငံနှစ်ခုကိုရော ကျွန်တော်တို့ အာရုံစိုက်သင့်ပါသလား။ အားလုံးနဲ့ ဆက်ဆံရေးကောင်းမွန်နေဖို့အတွက် တကယ့်မတူကွဲပြားခြင်းကြီးဆိုတာကိုပဲ ရှိနေအောင် ကြိုးပမ်းသင့်သလား။ ဒါတွေဟာ မောင်တို့မယ်တို့နဲ့ ဒီနိုင်ငံအတွင်းမှာရှိနေတဲ့ တခြားသူတွေချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုစဉ်းစားဖို့အရေးကြီးပါတယ် ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေက ဒါကို စဉ်းစားနေကြပြီ ဖြစ်လို့ပါ။ တခြားနိုင်ငံတွေက ဆုံးဖြတ်ချက်ချဖို့စဉ်းစားနေကြပါတယ် ကျွန်တော်တို့က မြန်မာနိုင်ငံကိုလည်း အဲဒီလိုဖြစ်စေချင်တာပါ။ 

ဒါကြောင့် မောင်တို့မယ်တို့ ဒါကိုအဖြေရှာရမှာပါ။ ဘာဖြစ်သင့်သလဲ၊ နိုင်ငံတစ်ခုခုနဲ့ အနီးကပ်မဟာမိတ်အဖြစ် ရှိသလား၊ ဒါမှမဟုတ် နိုင်ငံတစ်ခုခုအပေါ်မှာ အလွန်အကျွံ အားထားတာမျိုးမဟုတ်ဘဲနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုပဲ ဆက်ပြီးထိန်းသိမ်းထားမလား။ မောင်တို့မယ်တို့အတွက် မေးခွန်းတွေအများကြီးပါ။ မောင်တို့မယ်တို့နိုင်ငံအတွက် မေးခွန်းတွေအများကြီးပါ။ ကျွန်တော်က ဒီနိုင်ငံနဲ့ပတ်သက်ပြီး အကောင်းဘက်က မြင်ပါတယ်။ 

စိန်ခေါ်မှုအခက်အခဲတွေ၊ ပြဿနာတွေက မောင်တို့မယ်တို့နဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော် နိုင်ငံတော်တော် များများမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော့်နိုင်ငံအပါအဝင် နိုင်ငံတိုင်းမှာ စိန်ခေါ်မှုများစွာ ရှိပါတယ်။ ဒီပြဿနာအားလုံးကို ဘယ်တော့မှအကုန်လုံး မဖြေရှင်းနိုင်ပါဘူး။ တစ်ခုဖြေရှင်းပြီးရင် နောက်တစ်ခု ပေါ်လာစမြဲပါ။ အဲဒါဟာ ကျွန်တော်တို့အတွက်အမှန်ပါ။ မောင်တို့မယ်တို့အတွက်လည်းအမှန်ပါပဲ။ 

ဒါပေမဲ့ ဒီနိုင်ငံနဲ့ပတ်သက်ပြီး ကျွန်တော်က အကောင်းမြင်ပါတယ်။ ကျွန်တော်အင်မတန် ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံအတွင်းက ဘယ်နေရာမှာဖြစ်ဖြစ် ကျွန်တော်တွေ့တဲ့ မောင်တို့မယ်တို့လို လူငယ်တော်တော်များများဟာ သူတို့ကိုယ်သူတို့ တိုးတက်ဖို့တင်မကပဲ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတစ်ခုဖြစ်ရေး အတွက် ပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း သန္နိဋ္ဌာန်ချထားကြသူတွေဖြစ်ပါတယ်။ ဒါဟာ မောင်တို့မယ်တို့ရဲ့ အနာဂတ်ကို ဘာက တကယ်အဆုံးအဖြတ်ပေးမလဲဆိုတာပါ။ ကျွန်တော့်ကို မျှော်လင့်ချက် အဖြစ်စေဆုံးအရာပါ။ ဒါလောက်ပါပဲ။ ဒီမှာပဲအဆုံးသတ်ပြီး မောင်တို့မယ်တို့ မေးချင်တဲ့မေးခွန်းများရှိရင် ဖြေပေးဖို့အဆင်သင့်ပါပဲ။ ကျေးဇူးတင်ပါတယ်။