သံအမတ်ကြီးစကော့မာစီရယ်၏ နှုတ်ဆက်စကား
မင်္ဂလာပါ။ ကျွန်တော် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးစကော့မာစီရယ်ပါ။
အခုဒီမြန်မာနိုင်ငံမှာ လေးနှစ်ကျော်တာဝန်ထမ်းဆောင်ပြီး တာဝန်ပြီးဆုံးတော့မှာဖြစ်လို့ အမေရိကန်ပြည်ထောင်စုကိုပြန်ရတော့မှာဖြစ်ပါတယ်။ ကျွန်တော့မိသားစုအတွက် အချိန်ပေးဖို့ မျှော်လင့်စောင့်စားနေပေမဲ့ ဒီမှာရှိတဲ့ ကျွန်တော့မိတ်ဆွေများစွာ၊ ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာများစွာကိုလည်း သတိရအောက့်မေနေမှာပါ။
အခုလိုခွဲခွာခါနီးမှာ မိနစ်အနည်းငယ်ယူပြီး နှုတ်ဆက်စကား အနည်းငယ်ပြောကြားလိုပါတယ်။
ကျွန်တော် ဒီမရောက်ခင် ဒီမြန်မာနိုင်ငံမှာနေခဲ့ဖူးတဲ့မိတ်ဆွေတွေကပြောပါတယ် ကျွန်တော် ဒီနိုင်ငံမှာ အချိန်အတိုင်းအတာတစ်ခု နေပြီးသွားတာနဲ့တစ်ပြိုင်နက် ဒီနိုင်ငံဟာ ကျွန်တော့ စိတ်ထဲ၊ ကျွန်တော့နှလုံးသားထဲမှာ ထာဝရစွဲထင်သွားမှာဖြစ်ပါတယ်တဲ့။ အဲဒါဟာ အမှန်ပဲဆိုတာ ကျွန်တော် အခုသိပါပြီ။ အမေရိကန်တွေတော်တော်များများလိုပါပဲ ဒီနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့အနာဂတ်တစ်ခု တည်ဆောက်ကြဖို့အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြတာတွေ၊ လူတော်တော်များများ စွန့်လွှတ်အနစ်နာခံကြရတာတွေဟာ ကျွန်တော့မှာရင်ထဲမှာ ရိုက်ခတ်စွဲထင် ကျန်ရစ်နေခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုလိုပါပဲ မိတ်ဆွေတို့ဟာလည်း ထူးထူးခြားခြား မတူကွဲပြားမှုတွေပေါင်းစုံနေတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ထဲကနေပြီး ပိုပြီး ပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးတစ်ခု တည်ဆောက်ဖို့အတွက် ဆယ်စုနှစ်တွေကြာတဲ့ ရုန်းကန်လှုပ်ရှားမှုကြီးအတွင်းမှာ ပါဝင်နေခဲ့ကြရတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မိတ်ဆွေတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်ခဲ့ပြီး မိတ်ဆွေတို့ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းထဲမှာ ပူးပေါင်းပါဝင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေဖော်ဆောင်နိုင်ခဲ့ပါတယ်။
ဟုတ်ပါတယ် စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါ။ ဒါပေမဲ့ ကျွန်တော် ဒီနေ့ အဓိကထားပြီး ပြောချင်တာကတော့ မိတ်ဆွေတို့နိုင်ငံ၊ မိတ်ဆွေတို့နိုင်ငံက ပြည်သူတွေအတွက် ကျွန်တော့မှာ မျှော်လင့်ချက်တွေအများကြီးရှိနေတယ်ဆိုတဲ့အကြောင်းပါ။
ကျွန်တော်ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားကို ခရီးသွားဖို့အခွင့်အရေးတွေရခဲ့ပါတယ် အဲဒီလိုသွားရင်း ကျွန်တော်ဆုံတွေ့ခဲ့ရတဲ့ အလုပ်ကြိုးစားကြသူတွေ၊ အများအပြား စွန့်လွှတ်အနစ်နာခံကြသူတွေ၊ အရာရာကိုပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နေကြတဲ့ ထူးခြားလှတဲ့ သူတွေအားလုံးဟာ ကျွန်တော်မှတ်ဉာဏ်ထဲမှာ အမြဲတမ်းစွဲကျန်ရစ်နေမယ့်သူတွေပါ။ လူတွေကွဲပြားကြဖို့မဟုတ်ဘဲ အတူတကွပေါင်းစည်းရေးအတွက် လုပ်နေကြတာပါ။ ပဋိပက္ခတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လုပ်နေကြတာပါ။ ပိုမိုခိုင်မာအားကောင်းတဲ့စီးပွားရေး၊ ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်တွေတည်ဆောက်ဖို့အတွက် ဆောင်ရွက်နေကြတာပါ။ ဒီမိုကရေစီပိုမိုခိုင်မာအားကောင်းပြီး လူတိုင်းလူတိုင်း သူတို့ရဲ့ လွတ်လပ်မှုနဲ့အခွင့်အရေးတွေ သေချာပေါက်ရရှိခံစားနိုင်အောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
တစ်ချို့က အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တွေပါ။ တစ်ချို့က သတင်းမီဒီယာသမားတွေပါ။ တစ်ချို့က စီးပွားရေးသမားတွေပါ။ တစ်ချို့က အစိုးရထဲကပါ။ တစ်ချို့က ကျောင်းသူ၊ ကျောင်းသားတွေပါ။ တစ်ချို့ကလည်း သူတို့ကိုယ်သူတို့ သာမန်ပြည်သူတွေလို့ပဲ ပြောကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပိုပြီး ပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အဲဒီပုဂ္ဂိုလ်တွေအားလုံးက ဆောင်ရွက်နိုင်ကြမှာဖြစ်သလို အကူအညီပေးကြမှာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအလုပ်ကိုဆက်လက်ဆောင်ရွက်နေကြသလို အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်အစိုးရကလည်း မိတ်ဆွေတို့နဲ့အတူ ဒီမှာရှိနေမှာဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့အခန်းကဏ္ဍကနေ ကျွန်တော်တို့ နိုင်ငံ နှစ်နိုင်ငံကြားနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ မိတ်ဖက်လက်တွဲမှုတွေကိုလည်း တည်ဆောက်ရင်း ဒီ ပိုပြီး ပြီးပြည့်စုံတဲ့ ပြည်ထောင်စုကြီးတစ်ရပ် တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ ဒီနိုင်ငံအတွင်းက ပြည်သူတွေအားလုံးနဲ့ အဖွဲ့အစည်းတွေကို အားပေးကူညီရာမှာ လုပ်နိုင်သလောက် အကုန်လုံး ဆောင်ရွက်ပေးဖို့ပါပဲ။ တစ်ခါတစ်လေမှာလည်း ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ စံတန်ဖိုးတွေနဲ့ မကိုက်ညီတာတွေ တွေ့ ရတဲ့အခါ ကျွန်တော်တို့ အနေနဲ့ ထုတ်ဖော်ပြောကြားမိတာတွေ ရှိနိုင်ခဲ့ပါတယ်။ အဲဒီလိုထုတ်ဖော်ပြောကြားတာဟာလည်း အမြဲတမ်းတော့ သိပ်ပြီးလူကြိုက်မများဘူးဆိုတာကို ကျွန်တော်တို့လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါဟာ အစစ်အမှန်ပါ။ သဘောရိုးနဲ့ ဖြစ်ပါတယ်။ ပြီးတော့ အဲဒါဟာ ဒီနိုင်ငံအတွင်းကပြည်သူအားလုံးနဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ရဲ့ စံတန်ဖိုးတွေ အဓွန်ရှည်တည်တံ့ဖို့အတွက်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်နဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ထင်ဟပ်နေပါတယ်။
ကျွန်တော့လို သံအမတ်တွေ လာရောက်တာဝန်ထမ်းဆောင်ကြမယ်၊ ပြန်သွားကြမယ် ဒါပေမဲ့ လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံ တစ်နိုင်ငံဖြစ်ရေးဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကတော့ ဆက်လက်တည်ရှိနေမှာပါ။ ကျွန်တော်တို့ဟာ ဒီမှာ ရေရှည်မိတ်ဖက် လက်တွဲဖော်တွေနဲ့ မိတ်ဆွေတွေအဖြစ် ရှိနေမှာဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ချစ်ကြည်ရင်းနှီးမှု နဲ့မိတ်ဖက်လက်တွဲမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံတော်ကြီးနဲ့ မိတ်ဆွေတို့အားလုံးအတွက် အရာရာအားလုံး အဆင်ပြေပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။
ကျေးဇူးတင်ပါတယ်။