လင်ကွန်းပညာတော်သင်ဆုအစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုတွင် မဟာဘွဲ့တက်ရောက်ကြမည့် ပညာတော်သင် ၁၇ ဦးအား သံအမတ်ကြီးကဂုဏ်ပြုခြင်း

ချက်ချင်းထုတ်ပြန်ရန်
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀

လင်ကွန်းပညာတော်သင်ဆုအစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စုတွင် မဟာဘွဲ့တက်ရောက်ကြမည့် ပညာတော်သင် ၁၇ ဦးအား သံအမတ်ကြီးကဂုဏ်ပြုခြင်း

ရန်ကုန်။ မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုတို့မှ လူငယ်ခေါင်းဆောင် ၁၇ ဦးသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ၏ လင်ကွန်းပညာတော်သင်ဆု အစီအစဉ်ဖြင့် ယခုနှစ်နှောင်းပိုင်းတွင် အမေရိကန်တက္ကသိုလ်များ၌ ကျောင်းတက်ကြမည့် အကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ယနေ့ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံအောင်မြင်တာကို အမေရိကန်ပြည်ထောင်စုက မြင်တွေ့ချင်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ တစ်ဝန်းက ဒီလူငယ်ခေါင်းဆောင် ၁၇ ဦးကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့ တက်ရောက်သင်ယူဖို့ စေလွှတ်ရတဲ့ အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာနိုင်ငံတစ်ဝန်းကထူးချွန်ထက်မြက်တဲ့ လူငယ်တွေ ပညာရေးနဲ့ ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ အတွေ့အကြုံတွေရရှိစေဖို့အတွက် ကျွန်တော်တို့ အခုလိုပညာသင်ဆုတွေ ပေးအပ်တာဖြစ်ပါတယ်ဟု သံအမတ်ကြီး မာစီရယ်ကပြောပါသည်။

မတူကွဲပြားမှုပေါင်းစုံသည့် အမျိုးမျိုးသောလျှောက်လွှာရှင် ၂၆၆ ဦးအနက်မှ ရွေးချယ်ခံရသည့် လင်ကွန်း ပညာတော်သင် ၁၇ ဦးသည် စိုက်ပျိုးရေး၊ ပြည်သူ့ရေးရာမူဝါဒ၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝ သယံဇာတ စီမံခန့်ခွဲ့မှု၊ နိုင်ငံရေးသိပ္ပံ၊ ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးမှုဘာသာရပ်များကို သင်ယူကြမည် ဖြစ်ပါသည်။ ပညာတော်သင်များသည် ဖေဖော်ဝါရီ ၁၇ ရက်၊ တနင်္လာနေ့မှစ၍ ပညာရေးဆိုင်ရာ သင်တန်းကို သုံးလကြာသင်ယူရမည်ဖြစ်ပြီး ယင်းသင်တန်းကို အောင်မြင်စွာပြီးဆုံးပြီးနောက် ဇူလိုင်နှင့် ဩဂုတ်လအတွင်း အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင်မရရှိနိုင်သေးသော ဘွဲ့များစွာကို အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များတွင် သင်ကြားပေးအပ်လျက်ရှိပါသည်။ မြန်မာ့အနာဂတ်ခေါင်းဆောင်လောင်းများကို အစားအသောက်နှင့် အာဟာရသိပ္ပံ၊ သဘာဝသယံဇာတရင်းမြစ်စီမံခန့်ခွဲမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှု၊ စီးပွားရေး၊ ဘောဂဗေဒနှင့် ဘဏ္ဍာရေးစသည့် နယ်ပယ်များတွင် ဘွဲ့ဒီဂရီများရရှိစေခြင်းဖြင့် မြန်မာနိုင်ငံသည် ၎င်း၏ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လူထုအခြေပြု လူ့အဖွဲ့အစည်းများတွင် ၂၁ ရာစု၏ ပိုမိုရှုပ်ထွေးလာသော အခြေအနေများ အကြား၌ ဦးဆောင်ဖြေရှင်းမည့် လူငယ်ခေါင်းဆောင်များ နည်းပညာ၊ စွမ်းရည်ပြည့်၀နေစေမည်ဖြစ်ပါသည်။

ဤပညာသင်ဆုအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု၏ တစ်ဆယ့်ခြောက်ဦးမြောက်သမ္မတကို ဂုဏ်ပြုပြီး အမည်ပေးထားခြင်းဖြစ်ပါသည်။ အေဘရာဟမ်လင်ကွန်းသည် ဝါရှင်တန်ဒီစီနှင့် နယူးယောက်တို့ရှိ ဩဇာအာဏာ ရာထူးများနှင့် အလှမ်းကွာလှသည့် ဆင်းရဲသားမိသားစုမှ ပေါက်ဖွားခဲ့ပါသည်။ အညတရ မိသားစုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာရသော်လည်း အေဘရာဟမ်လင်ကွန်းသည် ရှေ့နေတစ်ဦးနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ အမေရိကန် ပြည်တွင်းစစ်ပွဲကာလတွင် အမေရိကန်နိုင်ငံပေါင်းစည်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် နိုင်ငံသားများအခွင့်အရေးအတွက် ဦးဆောင်ပံ့ပိုးပေးခဲ့သူ ဖြစ်ပါသည်။

လင်ကွန်းပညာသင်ဆုကို ၂၀၂၄ ခုနှစ်အထိ ပေးအပ်ရန်အတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက နိုင်ငံတကာပညာရေးအင်စတီကျူ (အိုင်အိုင်အီး) နှင့် လက်တွဲဆောင်ရွက်ထား ပါသည်။ လာမည့်လတွင် အိုင်အိုင်အီး၏ မြန်မာမိတ်ဖက် သပြေပညာရေးဖောင်ဒေးရှင်းမှနေ၍ ၂၀၂၁ ခုနှစ် ပညာရေးနှစ်အတွက် ပညာသင်ဆု လျှောက်လွှာတင်ရမည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်သည်။ ဤပညာသင်ဆု အခွင့်အလမ်းသတင်းအချက်အလက်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမှုအဖွဲ့အစည်း အားလုံးရှိ ပညာသင်ဆု လျှောက်ထားလိုသူများထံသို့ ရောက်ရှိရေးအတွက် သပြေပညာရေး ဖောင်ဒေးရှင်းက ဆောင်ရွက်မည် ဖြစ်ပါသည်။

### ပြီး ###