အမေရိကန်နှင့်မြန်မာ စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း၏ အောင်မြင်မှုများ

Agricultural Sectors Achievements through Bilateral Engagements

ဇန်နဝါရီ ၁၃၊ ၂၀၁၇

ရန်ကုန်၊ မြန်မာ။      ။ နှစ်သစ်အတွင်းရောက်ရှိနေပြီဖြစ်ကြောင်းဆော်သြခြင်းနှင့်အတူ အမေရိကန်သံအမတ်ကြီးမာစီရယ်လ်သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရရှိလာသော အောင်မြင်မှုများကို အသိအမှတ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ စိုက်ပျိုးရေးကဏ္ဍ အတွင်းမှ မိတ်ဖက် ဧည့်သည်တော်များကို ဇန်နဝါရီ ၁၂ ၌ ၎င်း၏နေအိမ်သို့ ဖိတ်ကြား ဧည့်ခံခဲ့ပါသည်။

ယင်းအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျင်ကျင်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်၊ မြန်မာနိုင်ငံမှ ဂျုံတင်သွင်းသည့် လုပ်ငန်းများနှင့် မုန့်လုပ်ငန်းများ၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ အမေရိကန်ဂျုံလုပ်ငန်းရှင်များအသင်း၊ Winrock International တို့မှ ကိုယ်စားလှယ်များ အပါအဝင် မြန်မာအစိုးရနှင့် စီးပွားရေးလုပ်ငန်းများမှ ဧည့်သည်တော်ပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ပါသည်။

“နက်ရှိုင်းတဲ့ မြန်မာ-အမေရိကန် ကူးသန်းရောင်းဝယ်မှု ဆက်ဆံရေးကတစ်ဆင့် မြန်မာနိုင်ငံမှာ ကြိတ်ခွဲ လုပ်ငန်းနဲ့ မုန့်လုပ်ငန်းတွေမှာ အမေရိကန်ဂျုံလိုမျိုး အဆင့်မြင့် ထုတ်ကုန်ပစ္စည်းတွေ ပိုမိုထည့်ဝင်သုံးစွဲလာ နေတာကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ ဒီလိုမျိုး မိတ်ဖက်ဆက်ဆံရေးတွေကတစ်ဆင့် စားသုံးသူတွေအတွက် မြန်မာနိုင်ငံမှာ ကော်ဖီဆိုင်နဲ့ မုန့်ဆိုင်တွေတင်မကပါဘူး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်ပြီး လက်လီအရောင်းဆိုင်တွေမှာ စားသုံးသူတွေအတွက် ရွေးချယ်စရာအများကြီးရှိအောင် လုပ်ပေးနေတဲ့ ကုမ္ပဏီတွေလည်း အများကြီးမြင်တွေ့နေရပါပြီ။ ဒါတွေတင်မကပါဘူး၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီနဲ့ လုပ်ကွက်ငယ်ကော်ဖီတောင်သူတွေ၊ စိုက်ပျိုးစီးပွားကဏ္ဍက ပုဂ္ဂိုလ်တွေနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ပိုအားကောင်းလာပြီး မြန်မာ့ကော်ဖီတွေ ကမ္ဘာတစ်ဝန်းကိုတောင် တင်ပို့နေနိုင်ပါပြီ။ ဒီလမ်းကြောင်းဟာ ဆက်ပြီး တိုးတက်နေမှာဖြစ်ပြီး စီးပွားရေးအပေါ်လည်းကောင်းကျိုးတစ်ခု သက်ရောက် စေမှာဖြစ်သလို၊ လူတိုင်းအတွက် ဝင်ငွေတွေတိုးစေဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီးဖော်ဆောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီး မာစီရယ်လ်က ပြောပါသည်။

အမေရိကန်ဂျုံများဖြင့် ပြုလုပ်ထားသော အသင့်ထုပ်ပိုးထားသည့်ကုန်ပစ္စည်းများ မြန်မာနိုင်ငံအတွင်း ရောင်းချနေမှုမှာ ၂၀၁၁ ခုနှစ်တွင် ခန့်မှန်းခြေဒေါ်လာ ၁၈၄ သန်း တန်ဖိုးရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၂၇၂ သန်း ကျော်တန်ဖိုးအထိ တိုးလာနေခဲ့ပါသည်။ အလားတူစွာပင် အမေရိကန်ဂျုံများ မြန်မာနိုင်ငံသို့ တင်သွင်းမှုမှာ ၂၀၁၆ ခုနှစ်တွင် ဒေါ်လာလေးသန်း တန်ဖိုးနီးပါးအထိ တိုးလာခဲ့သည်။ ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသို့ မြန်မာ့ကော်ဖီ တင်ပို့မှု မက်ထရစ်တန်ချိန် ၅၄ တန်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၈၀ အထိ တိုးမြှင့်တင်ပို့နိုင်ရန်လည်း ကော်ဖီအသင်းကြီး ကလျာထားပါသည်။ Winrock International အဖွဲ့၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ စီမံကိန်းတစ်ခု ဖြစ်သော Farmer to Farmer အစီအစဉ်၏ ပြည်သူမှ-ပြည်သူသို့ ချဉ်းကပ်မှုအစီအစဉ်၏ ဆောင်ရွက်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြစ်သော ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်စီမံကိန်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၂၀၁၆ ခုနှစ်တွင် မြန်မာသည် အမေရိကန်ဈေးကွက်အတွင်း ပါဝင်ကစားသူဖြစ်လာခဲ့ပြီး ယခုအခါတွင် ကော်ဖီစိုက်ပျိုးရာ ထွန်းသစ်စဒေသတစ်ခုအဖြစ် မြေပုံပေါ်တွင်ရောက်ရှိနေပြီ ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍအတွင်း ရရှိခဲ့သော အောင်မြင်မှုများက ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံစလုံး အကျိုးဖြစ်ထွန်းမှုကို ပြသနေပါသည်။

တက်ရောက်လာကြသော ဧည့်သည်တော်များကို အမေရိကန်ဂျုံနှင့် မြန်မာ့ကော်ဖီတို့ဖြင့် ပြုလုပ်ထားသော ခင်းကျင်း ပြသထားသည့် အရသာရှိသောစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

###